ရေဆန်လမ်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

လေဝင် လေထွက် ဆိုလို့ ventilator မှထွက်သည့် လေသာ ရှိသည့် သင်္ဘောဝမ်းထဲ၌ တဖြန်းဖြန်း ပွင့်ထွက်နေတဲ့ မီးပွားတွေ ကြားမှာ ကျင့်သားရနေတဲ့ မျက်လုံးက ကန်းသွားမှာကို မကြောက်တော့ လောက်အောင် အလုပ် အပေါ် အာရုံစိုက် နေမိသည်။

ထို့အပြင် တကိုယ်လုံးရှိ ချွေးတွေကလည်း အကျ်္ီတထည်လုံး ရေတွေ စွတ်ထားသလို စိုရွှဲလို့ နေ၏။ ဒီနေ့အတွက် နေ့တွက်စာ အပြင် အချိန်ပိုလေးပါ ဆင်းခွင့်ရဖို့ foreman တွေမြင်အောင် တနေကုန် ကြိုးစား လုပ်ပြခဲ့ရသည်။ ပြီးတော့ ယခုလုပ်တဲ့ သင်္ဘော ဆီတိုင်ကီ ဝန်းကျင်နားတွင် safety အပြည့်ရှိသော်လည်း လုပ်ရဲသူက ရှား၏။ ထို့ကြောင့်လည်း ကျနော့်အား အချိန်ပို ဆင်းခွင့် ပေးသည်လား မသိ။

ကျနော့် အနေနဲ့က တနေ့ကို အလုပ်ချိန် ၂၄နာရီ ဆိုလျှင်လည်း လုပ်ဖို့ အသင့်ပင်ဖြစ်သည်။ ဘာကြောင့်လည်း ဆိုတော့ ကျနော် ဒီကိုရောက်လာဖို့ အမေက ကျနော်တို့ မိသားစုအိမ်လေးကို ပေါင်နှံလို့ လွှတ်လိုက်ခြင်း ဖြစ်လေသည်။ အမေ ကတော့ သိပ်လွှတ်ချင်လို့ရယ် မဟုတ်။ ကျနော်ကိုယ်တိုင်က စင်္ကာပူနိုင်ငံတွင် အလုပ် လုပ်ချင်မိခြင်းကြောင့် ဖြစ်သည်။ အဲဒီက ပြန်လာကြတဲ့ ကိုရွှေဗမာများက သူတို့သည် ထိုနိုင်ငံတွင် ဘယ်လိုဘယ်ပုံ ငွေရှာလို့ သူဌေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ခဲ့ကြောင့် အာဘောင်အာရင်း သန်သန် ပြောပြတတ်ကြသည်။ ထို့ပြင် အလုပ်သမားခေါ်တဲ့ အေးဂျင့်တွေ ကလည်း စင်္ကာပူနိုင်ငံတွင် အလုပ် လုပ်ရတာ လူသက်သာသလို အခွင့်အရေးလည်း အများကြီး ရနိုင်ကြောင်း ရွှန်းရွှန်းဝေ ပြောခဲ့ကြသည်။

အခုတော့ သူတို့စကားတွေ ဟုတ် မဟုတ်ဆိုသည်မှာ ကျနော့ ကိုယ်တွေ့တွေက သက်သေပြ နေပေပြီ။ မြန်မာဟေ့! ဆိုလျှင် ကြည့်သောမျက်လုံးများက အရောင်တမျိုး ဖြစ်နေတတ်သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည့် အကြောင်းတွေ ပြောနေလျှင်တော့ များလှချေသည်။ ဒါတွေအားလုံးကို အောင့်အီး သည်းခံကာ ကျနော်တို့ အိမ်လေးကို ပြန်ရွေးနိုင်ရန် ကျနော် အစွမ်းကုန် အလုပ် လုပ်ဖို့သာ လိုအပ်နေသည်။

Alarm သံ မြည်လာပြီးနောက် အချိန်ပို အလုပ်ချိန် စေ့သောအခါ အနားတွင် အသင့်ချထားသော ရေဗူးကိုယူ၍ ရေတဝ သောက်ချလိုက်သည်။ တနေကုန် တနေခန်း အပူထဲတွင် အလုပ် လုပ်ရသောကြောင့် ခန္ဓာ ကိုယ်တွင်းသို့ ရေထည့်လိုက်သည့် အခါတိုင်း လူမှာ အငွေ့တွေပင် ပျံတက်သွားသလို ခံစားရ၏။ ရေတော့ ကျနော် ကြိုးစားသောက်မှ ဖြစ်မည်။ နို့မို့ မိမိ အရည်ပြားတွေအပြင် ခန္ဓာကိုယ်တွင်းမှ ကလီစာတွေပါ မီးကင်ထားသလို ဖြစ်သွားနိုင်သည်။ ဒီလို အလုပ်ကြမ်းတွေ မို့လို့လည်း နိုင်ငံခြားသား များကိုသာ ခေါ်ခိုင်းခြင်း ဖြစ်သည်။

နေ့စဥ်နဲ့အမျှ အလုံပိတ်ထားသော သင်္ဘော အခန်းတွေ ထဲတွင် ဝရိန်ငွေ့ တွေကိုသာ ရှူရှိုက်လို့ အသက်ရှင်နေသည့် ဘဝနှင့် ပြန်ရမယ့် အခကြေးငွေက နှိုင်းယှဥ်ကြည့်လျှင် မဆို စလောက်သာ။ စင်္ကာပူဒေါ်လာ ရ၅၀ဆိုတာ ကိုယ့်နိုင်ငံ ဝင်ငွေနဲ့ ပြန်တွက်ကြည့်လျှင်တော့ စိတ်ကူးယဥ်စရာ ကောင်းသလို လိုပင်။ တကယ်တမ်း မှာတော့ အခွန်ဆောင်ရတာ ၁၀ ရာခိုင်နှုန်း ပြန်နုတ်လိုက်လျှင် ကျန်တဲ့ငွေက စားတာသောက်တာ၊ လမ်းစရိတ် တို့နှင့် အိမ်ကိုတောင် အနိုင်နိုင် ပို့နေရသည့် အခြေအနေ။

မိမိအလုပ် ပစ္စည်းတွေ သိမ်းဆည်းနေရင်း တဖက် အခန်းထဲတွင် အလုပ် လုပ်နေရာမှ ထွက်လာသော ကိုအောင်ကြီးကို လှမ်း နှုတ်ဆက် လိုက်သည်။

ဆရာအောင်လည်း ဒီနေ့ OT ပဲကိုး

ဟုတ်တယ်ဟေ့.. ငါလည်း အသေဖြဲနေရတယ်

ကြည့်လုပ်ဆရာ… ဘော်ဒီကိုလည်း ပြန်ကာအုံးနော်

မတတ်နိုင်တော့ဘူးကွာ.. ဒီလိုမှ မလုပ်ရင် အိမ်စရိတ်အတွက်က မလွယ်ဘူး။ အငယ်ကောင်လေးက ဒီနှစ် ကျောင်းစထား ရတော့မှာလေ

ဟူးးးး ကနဲသာ သက်ပြင်းချ မိတော့သည်။ ပြောမယ့်သာ ပြောနေတာ ကိုအောင်ကြီး အလုပ်က ကျနော့ အလုပ်ထက် ကျန်းမာရေးကို ပိုထိခိုက်စေသည် ဆိုပေမယ့် ကိုယ်ကရော သူနဲ့ သိပ်မခြား လှပေ။ ကျနော်က MIG ဟုခေါ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ အသုံးပြုပြီး လုပ်ရသော ဝရိန် အမျိုးအစား။ ကိုအောင်ကြီးက ကာဗွန်ချောင်းတွေကို ရှောခ့်ရိုက်လို့ သံထည်တွေကို လိုသလို စားထုတ်ရသော Gauging သမားတယောက်။ သူ အလုပ် လုပ်ပြီဆိုလျှင် လေထဲတွင် ကာဗွန်စတွေ ပျံ့နှံ့နေသည်။ mask တွေ ဘယ်လိုပဲခံခံ အလုပ်သိမ်းလို့ နှာခေါင်းကို နှိုက်ကြည့်လျှင် ကာဗွန်ကြပ်ခိုးနှင့် မဲမဲအရာများ မြင် မကောင်းအောင် ထွက်လာတတ်သည်။ ဝရိန်မီးကို ကျင့်သားရပြီး ဖြစ်တာတောင် ရံဖန်ရံခါ မျက်လုံးထဲက မျက်ရည်ပူများ အဆက်မပြတ် ကျတတ်လို့ အလုပ် မဆင်းနိုင်သည်အထိ ဖြစ်ရသည်။ အလုပ် စဝင်ခါစကတော့ ဒီလိုအဖြစ်မျိုးကို ကြံုလိုက် ရတဲ့အခါ ဆက် မလုပ်တော့ပဲ အိမ်ပြန်ပြေးရင် ကောင်းမလား စိတ်ကူးမိသေးသည်။ နောက်.. ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ ဇွတ်တိုး ဆက်လုပ်ခဲ့ရသည်။

တွေးရင်းနဲ့ ပစ္စည်းတွေသိမ်းပြီး Time Card ရိုက်ကာ အလုပ်မှ စီစဥ်ပေးသော ကားဖြင့် အဆောင်သို့ ပြန်ခဲ့သည်။ ထို ဖယ်ရီကားပေါ် ခုန်တက်တဲ့ အခါတိုင်း မြန်မာပြည်မှာ ဝက်တင်တဲ့ ကားကြီးတွေကိုသာ ပြေး သတိရတတ်သည်။ ဝက်တွေ ကိုတော့ သတ်ဖို့တင်သည်။ ကျနော်တို့ ကိုတော့ ဝအောင် တန်အောင်ခိုင်းဖို့ တင်သည်။ အသတ်ခံ ရတာ ထက်စာရင် တော်သေးသည်ဟု ဖြေတွေး တွေးရ မလိုလို။

ကားပေါ်တွင်လည်း ဘင်္ဂလားဒေ့ရှ်တွေ အိန္ဒိယ ကုလားတွေနှင့် အပြည့် ဖြစ်သည်။ သူတို့ကလည်း ကျနော်တို့နဲ့မခြား ဇာတ်တူသားပါပဲ။ ဒါပေမယ့် သူတို့ကတော့ ကျွန်ချင်းတူတူ နည်းနည်း သာတယ် ပြောရမည်။ ကျနော်တို့ မရောက်ခင် ကတည်းက ဒီမှာ ကျွန်လာခံနေတော့ ကျွန်လောကတွင် နေရာကောင်း ရနေသော ကျွန်များ ဖြစ်ကြသည်။ ထိုရောက်နှင့်သော ကျွန်များထဲတွင် ဘင်္ဂလား ကျွန်များက သဘောထား ဆိုးကြသည်။ ဒင်းတို့က ဘယ်တုန်းတည်းက ဗမာဆိုလျှင် ကြည့်မရသည် မသိ။ အခွင့်ကြံုတိုင်း ဖိနှိပ်ခိုင်း၍ သူဌေး ကျေနပ်အောင် ဖေါ်လံဖါး လုပ်ပြတတ်ကြသည်။

ကျနော်တို့ ဘိုးဘေးများ လက်ထက်တုန်းကတော့ ကုလားဆိုတာမျိုးက ချေးကျုံး၊ သေးကျံုး၊ လန်ချားဆွဲ စသဖြင့် ကျနော်တို့နိုင်ငံမှာ ကျွန်လာခံကြရသည်။ ကျနော်တို့ လက်ထက် တွင်မှာတော့ နိုင်ငံပေါင်းစုံသို့ လှည့်လည် ကျွန်ခံ ကြရသည်။ ထိုအဖြစ်ကြောင့် ကျနော့ ခေါင်းထဲတွင် ကံတူလို့ အကျိုးပေးတူကြသော ကျနော်တို့ နိုင်ငံသား လူမျိုးများအတွက် စိတ်မကောင်း ဖြစ်ရသည်။ ထိုထက် စိတ်မကောင်းဖြစ်စရာ လက်ငင်း သတင်းတွေကလည်း ရှိသေးသည်။

လွန်ခဲ့တဲ့ အပတ်က သင်္ဘောကျင်း ထဲတွင် ကရင်သူငယ်ချင်း တယောက်သည် ဘင်္ဂလား ကုလားတကောင်အား ထိုးကြိတ်မှုဖြင့် ဂိုဏ်းစတားနှင့် လေဆိပ်အထိ ချက်ခြင်းပို့ကာ ပြည်တော်ပြန်ခွင့် ပြုလိုက်သည်။ ရန်ဖြစ်ရသည့် အကြောင်းမှာ ထို ဘင်္ဂလားက ဖုန်းဇာတ်လမ်းမှ အရင်းပြုပြီး မြန်မာအိမ်ဖော်မလေး တယောက်နှင့် လစဥ် ဟိုတယ်တွင် မီးခွက်မှုတ် စခန်းသွား နေကြောင်း ထိုကရင်အား ပြောပြသည်။ ထိုကရင်လည်း တအံ့တသြဖြင့် ကိုယ့်လူမျိုးတွေရဲ့ ဇာတ်လမ်းကို အောင့်အီး နားထောင်နေရာမှ ထိုမြန်မာ အိမ်ဖော်မရဲ့ နာမည်နှင့် အသက်ကို မေးလိုက်သောအခါ ဒီနိုင်ငံတွင်ပင် အိမ်ဖော် လုပ်နေသော သူ့ ညီမအရင်း၏ နာမည်နှင့် အသက်ပါတူနေသဖြင့် စိုးရိမ်သွားမိသည်။ ထို့ကြောင့် ထိုကုလားအား အချိုသပ်၍ ပုံရှိလျှင်ပြရန် တောင်းလိုက်သော အခါ ထိုကုလားက သူ့ဖုန်းဖြင့် မှတ်တမ်းတင်ထားသော ဟိုတယ်တွင်း ပုံများကို ထိုကရင်အား အားပါးတရ ပြလေတော့သည်။ ထိုကုလားဖြင့် ပျော်မြူးနေသော အနှီး သူငယ်မမှာ ထိုကရင်၏ ညီမ အရင်းခေါက်ခေါက် ဖြစ်နေသည်ကို မြင်ရသောအခါ ကရင်လည်း စိတ်မထိန်းနိုင်တော့ပဲ ထိုကုလားအား နှာခေါင်းရိုး ကျိုးလို့ မျက်စိတဖက်မှ သွေးကျတဲ့အထိ ထိုးလေသည်။ ကံကောင်းသည်မှာ ကုမ္ပဏီက နာမည်ပျက်မည် စိုးသဖြင့် အထိုးခံရတဲ့ ကိုရွှေကုလားကို ကျေနပ်အောင် ငွေပေး၊ ဆေးကုလုပ်ပြီး ကရင်အား စောစောစီးစီး ပြန်လွှတ်လိုက်သည်။ သို့မဟုတ်ပါက ကရင်လည်း ဒီနိုင်ငံတွင် ကြိမ်ဒဏ်သို့မဟုတ် ထောင်အနည်းဆုံး ခြောက်လ ကျနိုင်သည်။ ကျန်ရစ်သော သူ့ညီမကတော့ ဘယ်လိုဆက် စခန်းသွားအုံးမည် မသိနိုင်တော့ပေ။

အဆောင်ရှေ့ ရောက်လို့ ကားရပ်တာနဲ့ ကားပေါ်မှ အပြေးဆင်းကာ အခန်းထဲဝင်လို့ အဝတ်အစားပင် မလဲနိုင်သေးပဲ ညစာအတွက် ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ရသည်။ ကျနော်တို့ ထမင်းဟင်းချက်ရန် အတွက်နေရာက လက်ရှိ အဆောင်ရှိလူနှင့် မလောက်ငှ သဖြင့် ကိုယ်က ဦးအောင်နေရာယူပြီး ချက်ပြုတ်မှ ညစာကို ကိုးနာရီလောက် စားဖြစ်သည်။ ဝက်သား ချက်သော နေ့တွင် မှာတော့ ကိုယ့်မီးဖိုနား မီးဖိုလုရန် ဘယ် ဘင်္ဂလားမှ မကပ်ဝံ့ကြပေ။ ထို့ကြောင့် သူတို့ မီးဖို လာမလုစေရန် ကိုယ်ကပဲ ဝက်သားနေ့တိုင်း စားရမလို လိုပင်။ စားသောက် ပြီးသောအခါ ဖုန်းမှ သွင်းထားသော သီချင်းလေးများ နားထောင်လို့ မိမိနှင့် အခန်းဖော်လည်းဖြစ်၊ ကုတင်အတူ အိပ်ဖက်လည်းဖြစ်သော ကိုအောင်ကြီးနှင့် နှစ်ဦးပိုင် နန်းတော် နှစ်ထပ် ကုတင်ပေါ်တွင် သူက အပေါ်အထပ်တွင် အိပ်၊ ကျနော်က အောက်အထပ်တွင်အိပ်လို့ မိန့်မိန့်ကြီးစံမြန်းကာ မြန်မာပြည်မှ မိမိတို့၏ ရှေးဟောင်းဖြစ်ရပ်များကို ပြန်လည်တူးစွရင်း အပြန်အလှန်ပြောပြ အလွမ်းဖြေကြရသည်။ ကိုအောင်ကြီး ပြောပြနေကျ အကြောင်းတွေထဲတွင် သူ့သား နှစ်ယောက် အကြောင်းက ညတိုင်း အမုန်း နားထောင် ရသည်။ သူပြောပြ နေတဲ့ အမူအရာနဲ့ လေသံတွေကို နားရည်ဝ လာတော့ ကိုယ်တောင် သူ့နေရာကို ရောက်ပြီး ခံစားရသလိုပင် ဖြစ်မိသည်။

ငါ့သားအကြီးကောင်က အေးတယ်ကွ.. စကားပြောရင် မပွင့်တပွင့်နဲ့.. ရုပ်ကတော့ ငါ့အတိုင်းပဲ လန်းတယ် ပေါ့ကွာ

တော်ပါ ကိုအောင်ကြီးရာ အကိုသား ချောတယ် ပြောချင်ပြောပါ။ အကို့ရုပ်ကြီး လန်းတယ်တော့ ထည့်ပြော မနေပါနဲ့။ ဒီလောက် ဝရိန်အပူတွေ မိနေတဲ့ ဘဲကင်လို အသားအရည်က ဘယ်လိုလုပ် ချောလာတော့မှာလဲ

ကျနော့ စကားကြောင့် ကိုအောင်ကြီးက တဟားဟား ရယ်လို့ အငယ်ကောင် အကြောင်းပါ ဆက်ပြောပြန်သည်။

နောက်တာပါကွာ.. ငါ့သား အငယ်လေးကျတော့ ဉာဏ်ထက်မယ့် ပုံ။ စကားကလည်း ပြောတတ်သလား မမေးနဲ့ဟေ့.. သူ့ အဘွားကဆို သူ့ကို အသည်းစွဲပဲ။ အငယ်ကောင်လေး မွေးပြီးနောက်ပိုင်းမှ အဲဒီ ယောက္မကြီးက င့ါကို အမြင်ကြည် လာတာ။ ဒီကောင်က နိမိတ်ကောင်းတဲ့ ကောင်လို့ ပြောရမယ်။ ဒီသားနှစ်ကောင် လူလူသူသူ ဖြစ်တဲ့ အထိ ငါ ကြိုးစားရမှာပဲ

အင်း.. ကြိုးစားတာလည်း ကြိုးစားကြတာပေါ့ အကိုရာ။ ကျန်းမာရေး ထိလောက်အောင် ကျနော်တို့ တာတို ပြေးနေ ရတော့ ကြာရင် မလွယ်ဘူး

လတ်တလောတော့ မတတ်နိုင်သေးဘူး ငါ့ညီရာ။ ဒီဝဋ်ကြွေးက ကိုယ့်ဒေါသနဲ့ ကိုယ်ပဲလေ။ ဒို့ ရွှေပြည်ကြီးမှာ ပြန်ပြီး အခြေတည်နိုင်ဖို့က ရေ လိုတာကိုး။ ဒီတော့ ငါတို့ ရသလောက်တော့ လုပ်နေရအုံးမှာပဲ

ကိုအောင်ကြီးရဲ့ စကားသံအဆုံးမှာ သူရော ကျနော်ပါ တဒင်္ဂ တိတ်ဆိတ်သွားကြသည်။ ကိုယ့်အရေးနဲ့ ကိုယ်တွေမို့ အတွေး တွေကလည်း ဖြစ်ချင်တဲ့ အိပ်မက်တွေ နဲ့အတူ ဒွေးရော ယှက်တင် ဖြစ်နေကြသည်ပေါ့။ ဘာလိုလိုနဲ့ သကြင်္န်လည်း နီးလာ ချေပြီ။

အမေ တရားစခန်း ဝင်ခါနီး ငွေလေးလည်း အမှီ ပို့လိုက်ချင်သည်။ ပြီးတော့ ကျနော့်ရဲ့ တဦးတည်းသော ညီလေးကလည်း လည်ချင်ပတ်ချင်၊ ဝတ်ချင် စားချင်ရှာမည်။ ဒါကြောင့် နောက်ရက်တွေလည်း foreman တွေမြင်သာအောင် အလုပ်ကို ကြိုးစား ရပေလိမ့်အုံးမည်။ သြော်.. ငွေ.. ငွေ.. အချိန်တိုင်းမှာ သူ့ကို ဖိတ်ခေါ်နေနိုင်ဖို့က ဒီအရပ် ဒီဒေသမှာတော့ ကျနော်တို့လို ကောင်တွေအတွက် ကျန်းမာရေးနဲ့ပဲ လဲခွင့် ရနိုင်မယ်လေ။ ရွှေပြည်ကြီးကနေ ပညာတွေ သိပ်တတ်လို့ လာကြ တဲ့ သူတွေလည်း ကျနော်တို့ရှေ့တင် ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံ နေရတာပါပဲ။ ဒီတော့ စိတ်ဖိစီး ခံရမှုချင်း မကွာလှဘူးပေါ့။ အတွေးထဲ မျောနေခိုက်…..

ဟေ့ရောင်.. သကြင်္န်နီးလာတော့ မင်းကောင်မလေးကို သတိမရဘူးလား

လို့ ကိုအောင်ကြီးက လှမ်းမေးသည်။ သူလည်း သူ့မိန်းမကို သတိရနေရင်းက ကျနော့ ကောင်မလေးကို ကျနော် သတိရအောင် စကားစ ပေးသည်လား မသိ။ ဟုတ်ပါသည်။ ကျနော့်မှာလည်း နှလုံးသားထဲက ချစ်ရတဲ့ချစ်သူ ရှိနေသေးသည်လေ။ အတွေးတွေထဲ အမြဲရှိနေတတ်တဲ့ သူမ မျက်နှာလေးသည် စိတ်ဖိစီးမှုတွေ ကြားထဲက ပြန်မြင်ယောင်လိုက်တိုင်း ပြတ်ပြတ်ထင်ထင် ဝင်းပနေတတ်သည်။ ကျနော့ အိပ်မက်တွေမှာ သူက ညတိုင်းလိုလို သနပ်ခါး ပါးကွက်ကြားလေးနဲ့ ပြံုးနေတတ်သည်။

မိသားစုအတွက် ခိုင်မာတဲ့ ဘဝတခု အမြန် တည်ဆောက်ချင်တဲ့ စိတ်၊ ပြီးတော့ သူမနဲ့ အမြန်နီးချင်တဲ့ စိတ်၊ အဲဒီ စိတ်တွေကြောင့်လည်း ဒီကို ရောက်လာခဲ့ရသည်။ သူမ ကတော့ ကျနော့်ရဲ့ သဘောထား ဆန္ဒတွေအတွက် ဘာမျှ မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော် ဒီကိုလာမယ်ဆိုတာ သေချာစွာ သိရတဲ့နေ့က သူမကို အဲဒီကိစ္စပြောပြတော့ သိမ့်ကနဲ တုန်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ သူမရဲ့ မျက်ရည်တွေဟာ သနပ်ခါး ပါးကွက်ကြားလေး ပေါ်မှာ လှိုင်းထန် သွားခဲ့ရသည်။ တသက်တာ နီးခွင့်ရဖို့ ခဏတာ ခွဲခွာမှုအတွက် ဖြေသိမ့်နိုင်ပါစေ ချစ်သူ။

ဟကောင်.. ငါမေးတာရော ကြားရဲ့လား။ ကောင်မလေးအကြောင်းလည်း မေးလိုက်ရော အသံပါ တိတ်သွားတာပဲ

ဆောရီး အကိုရာ.. ကျနော်လည်း အတွေး လွန်သွားတယ်

ငါ သိပါတယ်ကွာ.. ဒါကြောင့် မင်းကိုဆက်မမေးပဲ စောင့်နေတာ။ သက်ပြင်းရှည်ကြီး ချသံကြားပြီမှ ထပ်မေးလိုက်တာ။ ဘာမှ သိပ်တွေးမနေနဲ့ ငါ့ညီရေ။ ငါတို့မှာ မနက်ဖြန်တွေ အတွက် ခန္ဓာကိုယ် ကျန်းမာနေဖို့ လိုသေးတယ်။ ဒီတော့ အိပ်ချိန် ရောက်တာနဲ့ အိပ်ဖို့သာ ပြင်ဆင်ပေတော့

ဟုတ်ကဲ့အကို ကျနော်လည်း အခု အိပ်တော့မယ်။ ကျနော် မီးထပိတ် လိုက်တော့မယ်နော်

အေး.. အေး.. ဘုရားလည်းရှိခိုးပြီးမှ အိပ်နော်

ဟုတ်ကဲ့

ဆိုပြီး ကျနော်က မီးထ ပိတ်လိုက်သည်။

ကိုအောင်ကြီးဆီမှ ဘုရားဝတ်ပြုသံ သဲ့သဲ့မျှကြားပြီး ကျနော်လည်း ဘုရားဝတ်ပြုကာ အိပ်ချ လိုက်တော့သည်။ အိပ်ခါစ မျက်လုံး စမှိတ်လိုက်ချိန်မှာတောင် ဝရိန်မီးတွေက တဖွားဖွားနှင့် ပြန်မြင်ယောင်နေ သေးသည်။ နေ့စဥ် ထိတွေ့နေရတဲ့ အလုပ် ဆိုတော့လည်း အမြဲလွှမ်းမိုး နေတတ်သည်ပေါ့။ ဒီ ဝရိန်မီးတွေ တဖွားဖွားနဲ့ တောက်လောက်နေသလို ကျနော်တို့ နှလုံးသားထဲက သမုဒယ မီးတွေကလည်း တဖွားဖွား တောက်လောက်နေသမျှ ဒုက္ခ ပင်လယ်တွေထဲ သံသရာ တလျှောက် ကူးခတ် နေကြရအုံးမှာ ပေါ့လေ။ ထိုအခိုက် အမေ့ရဲ့ဘုရားရှိခိုးပြီး မေတ္တာပို့နေကြ အသံလေး ကြားယောင်မိသလိုလို ခံစားရပြီး နှလုံးသားက ခဏတာ ငြိမ်ဝပ်သွားသည်။ အဲဒီနောက်… ဆန္ဒလွန် အိပ်မက်တွေထဲ ကူးခတ် ဖြစ်သည်ပေါ့။

………………………………………. ။ ………………………………………….

သင်္ဘောကျင်း ထဲကို မနက် ရနာရီ ထိုးပြီဆိုတာနဲ့ ဝင်ရတာမို့ အဆောင်မှ ရှိသမျှ အလုပ်သမား အကုန်လုံးဟာ မနက် ၆နာရီတည်းက စုစုရုံးရုံးနဲ့ အဆောင်ရှေ့ တန်းစီလို့ ကြိုပို့ကားကို စောင့်ကြရသည်။ ကျနော်တို့လည်း ထိုနည်း၎င်းမို့ ကားစောင့်ရင်း အသင့် ဖျော်လာသော ကော်ဖီမစ်ကို သောက်ကာ စောင့်နေလိုက်သည်။ yard ထဲရောက်တော့ Time card ရိုက်သည်။ ထို့နောက် မိမိ လုပ်ငန်းခွင်ရှိရာ ပြန်လည် ပြင်ဆင်နေသော သင်္ဘောဆီသို့ ခပ်သွက်သွက် သွားရသည်။ မိမိထက် စောလျင်စွာ ရောက်နေတတ်သော foreman တွေမြင်အောင် အလုပ် လုပ်ရန် ပြင်ဆင် ပြကြရသည်။ ဒါမှ သူတို့ ကြည်ဖြူမှာပေါ့။

မိမိတို့ အသုံးပြုမည့် ပစ္စည်းပစ္စယများ အသင့်ဖြစ်သောအခါ ၁၀မိနစ်ခန့် safety နဲ့ ပတ်သက်သည်များကို Yard ထဲမှာ safety officer များက ထပ်မံ မှာကြားကြသည်။ ထိုနောက်တွင် မိမိနှင့်ဆိုင်ရာ သဘောင်္များပေါ်သို့ တက်ကာ အလုပ် လုပ်ကြရတော့သည်။ မိမိနှင့် ကိုအောင်ကြီးက သင်္ဘောတစီးတည်း အလုပ် လုပ်ရသည်ဆိုတော့ သင်္ဘောပေါ်တက်ရန် foreman ကို လှမ်း သတင်းပို့လိုက်သည်။ ထိုပုဂ္ဂိုလ်က ဦးစွာ သင်္ဘောပေါ်တက်ပြီး လုပ်ကွက်များကို စစ်ဆေးကာ မိမိတို့အား အလုပ်လုပ်ရန်နေရာ ချပေးလေ့ရှိသည်။ သူက OK ဟု အချက်ပြသောအခါ သဘောင်္ ကုန်းပတ်ပေါ် အရင်တက်၍ ထိုမှတဆင့် ၀မ်းထဲသို့ Man Hole အပေါက်တွေ မှတဆင့် ဝင်လာခဲ့သည်။ ဒီနေ့တော့ ကိုအောင်ကြီးနဲ့ ကျနော် တခန်းတည်း အတူတူ ဝရိန် ဆော်ရမည်မို့ လေစုပ် ပန်ကာသံတွေ၊ ဝရိန်ဆော်တဲ့ အသံတွေ၊ တဖက်ခန်းမှ တူ ထုရိုက်သံတွေ ဆူညံ နေပေတော့မည်။ သူရော ကျနော်ပါ လိုအပ်သည်များ ပြင်ဆင်နေကြသည်။ ထိုအခိုက် foreman က လေစုပ်ပန်ကာ လာပို့မည် ရသလောက်လေးပဲ ဝရိန် ဆော်ထားနှင့်ကြဟု လာရောက် မှာကြားသည်။ လေစုပ် ပန်ကာမရှိပဲ နှစ်ယောက် ဝရိန်ဆော်လျှင် အငွေ့တွေနှင့် အသက်ရှုကျပ်ပြီး သေဖို့သာရှိသည်။ ထို့ကြောင့် ကျနော်က

အလုပ် မလုပ်ဘူး ဗျာ

ဆိုပြီး သင်္ဘောခန်းထဲ ထိုင်မည် ပြုသည်။ ထို foreman ကုလားတွေက သူတို့ အလုပ်ပြီးဖို့ လောက်သာ ကြည့်တတ် သည်။ တကယ်တမ်း မိမိတို့ကို သိပ်ညှာသည် ဆိုတာ မရှိပေ။

ကိုအောင်ကြီး ကတော့ မိမိတို့အား ကုလား စိတ်ခုမည် စိုးသဖြင့် နည်းနည်းဖြစ်ဖြစ် အလုပ် လုပ် ကြရအောင်ဆိုကာ……

လာပါကွာ မင်းရော ငါရော ညက အအေးမိလို့ နှားခေါင်းတွေ ပိတ်နေတာပဲ။ အနံ့သိပ်ရမှာ မဟုတ်ပါဘူး” ဆိုပြီး ရီစရာ ပြောကာ အခန်းထဲ ဝင်လာခဲ့ကြသည်။ တကယ်လည်း နှာမွှန်နေသဖြင့် နှာခေါင်းတွေ ပိတ်နေကြသောကြောင့် သိပ်မဆိုးလှ ဟု ဆိုကာ နည်းနည်းပါးပါး လုပ်ရန် ပြန်ဆင်လိုက်သည်။

ဒါဆို ဒီလိုလုပ်ဗျာ.. ကျနော် အရင်အလုပ် လုပ်နှင့်မယ်။ အကိုက ကျနော့်ကို ခဏစောင့်ပေး။ ကျနော် ပြီးတော့မှ အကိုက နည်းနည်းလုပ်ပေါ့

အိုကေ.. ဖြစ်တယ်။ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့

ဟုပြောကာ ဘေးတွင်ရှိသော ပုံး အလွတ်တလုံးကို မှောက်ကာ ထိုင်နေသည်။

မိမိတို့ အခန်းထဲတွင် ညဆိုင်းမှ အလုပ် လုပ်သွားကြသော Fitter များမှ သူတို့၏ လုပ်လက်စ Acetylene Gas ပိုက်များကို လုံအောင် ပိတ်မသွားကြသောကြောင့် ထို ဓာတ်ငွေ့များသည် အခန်းထဲတွင် ပျံ့နှံ့နေသည်။ ထို အချင်းအရာကို ကျနော်တို့၏ နှာခေါင်းမှ အနံ့ကောင်းစွာ ခံစားလို့ မရခဲ့သဖြင့် သတိမမူ မိကြတော့ပေ။ ကျနော် ဝရိန် စဆော်ဆော်ချင်း ကိုအောင်ကြီးက ဂတ်စ်ပိုက်ကို မြင်သွားပြီး

ဟာ.. နေဦး

ဟု လှမ်းတားသံကို ရုတ်တရက် ကြားလိုက်ရသည်။ ဒါပေမယ့် လက်ထဲက ဝရိန်ဂေါက်တံ အား အလုပ် လုပ်ရမည့် သံထည်ပေါ် ချမိပြီး မီးတွေ ပွင့်ထွက်သွား၏။ “ဝုန်းကနဲ” ပေါက်ကွဲ သံနှင့်အတူ ကျနော်တို့ နှစ်ယောက်ရဲ့ အခန်းလေးထဲ မီးခိုးငွေ့တွေ အူလှိုင်လို့ မှောင်မဲ သွားတော့သည်။

……………………………………….. ။ ………………………………………….

သကြင်္န်ကျပြီတဲ့…။

ညက ရွာထားသည့် လက်ဆေး မိုးကြောင့် ထင်သည်။ အိမ်ရှေ့ ပိတောက်ပင်ကြီးမှ အပွင့်တွေ ဝါထိန်နေအောင် မြင်နေ ရ၏။ သင်းပျံ့နေတဲ့ ပိတောက်ပန်း ရနံ့တွေ၊ မြေသင်းနံ့တွေ နဲ့အတူ လေပြေကလေး ကလည်း ပက်ဖျန်း အေးမြမြ ရှိလှသည်။ အဆိပ်ငွေ့တွေကို နေ့စဥ ရှုရှိူက်လို့ ကာလရှည်ကြာ နေထိုင်ခဲ့ရတဲ့ ကျနော်က ဒီလို သဘာဝ ပတ်ဝန်းကျင်မျိုးကို တမ်းတမ်းတတ ငတ်မွတ်နေတာ ကြာလှပါပေါ့။ အမေက တရားစခန်း မဝင်ခင် အငယ်ကောင်နဲ့ ကျနော့်ကို အိမ်မှာ ကောင်းကောင်းနေဖို့ မှာရစ်သည်။ ကျနော် ကလည်း ညီလေး အတွက်ရော ကျနော့် အတွက်ပါ စိတ်ချဖို့ အမေ့ကို ပြောရသည်။

အကြိုနေ့ မနက်တွင် ညီလေးနဲ့အတူ လမ်းထိပ်က ရေပက်မဏ္ဍပ်ကို ရောက်လာခဲ့သည်။ လမ်းထိပ်သို့ ရောက်ခါနီးသော် ညီလေးမှာ ပျော်ရွှင်စွာဖြင့် သူ့အဖေါ်တွေ မဏ္ဍပ်ရှိရာသို့ အပြေးဝင်သွားသည်။ မဏ္ဍပ်ထဲတွင် ကိုအောင်ကြီး သားနှစ်ကောင်၏ ဆူဆူညံညံ ရေကစားသံမှာ အကျယ်ဆုံး ဖြစ်နေပြီး ကိုအောင်ကြီး ကလည်း သူ့သားတွေ နဲ့အတူ တဟားဟား ပျော်မြူးနေသည်ကို မဏ္ဍပ်နား မရောက်သေးသော ကျနော်ပင် အဝေးမှ အတိုင်းသား ကြားနေရ၏။ ထို့နောက် ကျနော် ချစ်သော သူမသည်လည်း ရေဖလားလေး ကိုင်လို့ ကျနော့်အား ပြံုးပြံုးလေး စောင့်ကြို နေလေတော့ သည်။ သြော်.. သူမ ပါးကွက်လေးတွေ ရေတောင် မစိုသေးပါလား…။

ရွှင်လန်းချမ်းမြေ့ပါစေ…

မိုးမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here