ရိုးရာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

တိုင်းရင်းသား​ လူမျိုးတိုင်းမှာ သူတို့ လူမျိုးနဲ့​ ပတ်သက်တဲ့ ယဉ်ကျေးမှု​ ဓလေ့နဲ့ ရိုးရာ ကိုးကွယ် ဆည်းကပ်မှု ဆိုတာ ရှိကြပါတယ်။ တခြား လူမျိုးတွေ အနေနဲ့ နားလည်ဘို့ ခက်ခဲနိင်တဲ့

ယုံကြည် ကိုးကွယ်မှု တွေလည်း ရှိနေတတ်ပေမယ့် ဒါဟာ လူမျိုးစု အတွင်းမှာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဓလေ့ ထုံးစံတွေလည်း ဖြစ်ပါတယ်…။

တွံတေးမြို့ကနေ မော်တော်စီးပြီး ဆက်သွားရတဲ့ ကရင်ချောင်းထဲက ကျုံဖား ဆိုတဲ့ ကရင်ရွာမှာ မေမေ့ကို မွေးဖွားခဲ့တယ်…။ မေမေ တွံတေးမှာ ကျောင်းတက်ပြီး မြန်မာ လူမျိုးဖြစ်တဲ့ ဖေဖေနဲ့ အကြောင်းပါကာ ကျနော်တို့ကို မွေးဖွားခဲ့တယ်။ ဒါကြောင့် ကျနော်တို့မှာလည်း ကရင်သွေး ပါနေခဲ့ပေမယ့် အဖေ့ဘက်လိုက်ပြီး ကရင်လူမျိုး တွေရဲ့ မျက်နှာပေါက် ရှိမနေခဲ့ပါဘူး။ မြို့မှာမွေးပြီး ကြီးပြင်းခဲ့ရတော့ တခါတလေ ကိုယ့်ကိုကိုယ် ကရင်သွေး ပါတယ် ဆိုတာကိုလည်း မေ့နေခဲ့ပါတယ်..။ ဒါပေမယ့် ကျနော်တို့ မောင်နှမ တတွေ အဖွားရှိတဲ့ ကရင်ရွာကိုတော့ နွေရာသီ ကျောင်းပိတ်ရက်တိုင်း သွားလည်ဖို့ မမေ့တတ်ကြပါဘူး….။

ရွာရဲ့ ဖော်ရွေမှု ၊ အမျိုးအဆွေများရဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ အပြင် ရွာဓလေ့ထုံးစံ တွေက နွေရာသီ ကျောင်းပိတ်ရက်တိုင်း ရွာကို သွားလည်ဖို့ ကျွန်တော်တို့ကို အမြဲ တက်ကြွ နေစေခဲ့ပါတယ်။ တခါတလေမှာ နွေရာသီ ကျောင်းပိတ်ရက် မဟုတ်ပေမယ့် ရွာကလူကြံုနဲ့ လှမ်းခေါ်တာတွေလည်း ရှိတတ်သေးတယ်..။ ဘယ်နေ့တော့ ရွာမှာ “နတ်စား” ဖို့ရှိတယ် အမှီ လာခဲ့ကြဆိုပြီး အမျိုးတွေက သတိတရနဲ့ ခေါ်လေ့ရှိကြတယ်…။ ဒါမျိုးဆိုရင် ဝက်သားကြိုက်တဲ့ ကျနော် ရွာကို အရောက် ပြေးတော့တာပါပဲ။ ကျနော်တို့ ရွာဘက်တွေက နတ်စား တယ်လို့ ပြောပေမယ့် နားလည် လွယ်အောင်ပြောရရင် ကရင်ရိုးရာ နတ်ကို ပူဇော်တဲ့ ပွဲလို့ ပြောရင် ပိုရှင်းမယ်။ ဘဝရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဆုတောင်း တိုင်တည်ကြသလို၊ ဆုတောင်းထားတဲ့ အတိုင်း ပြည့်လာတဲ့ အခါမှာလည်း ကတိခံ ထားသလို နတ်ကန်တော့တဲ့ သဘောမျိုးပါ။ ကျနော် သိသလောက် ရိုးရာ ဓလေ့လေးနဲ့ အမျိုးအဆွေတွေ နတ်စားတဲ့ အကြောင်း ပြောပြချင်ပါတယ်။

နတ်စားဖို့ အတွက် ရည်ရွယ်ပြီး ရွာရဲ့အိမ်တိုင်းလိုလိုမှာ ဝက် သုံး၊ လေး ကောင်လောက်တော့ မွေးထားလေ့ ရှိကြတယ်။ ထမင်းကျန် ဟင်းကျန်ရယ် ထမင်းအိုး ငှဲ့တဲ့အခါ ခံထား တဲ့ ထမင်းရည်ရယ် ဖွဲနုရယ် ကျွေးပြီး မွေးကြတာပါပဲ။ ဝက်တွေ အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ့်အိမ် နတ်စား တဲ့အခါ သုံးဘို့ရယ်၊ ပြန်ရောင်းဘို့ရယ် ရည်ရွယ်ပြီး မွေးလေ့ရှိတယ်။

နတ်စားမဲ့နေ့မှာ နေ့လည် ၁နာရီ လောက်ဆို အလုပ်အကိုင် လုပ်မဲ့အဖွဲ့တွေ ရောက်လာပါတယ်။ မီးဖိုတဲ့သူက ဖိုပြီး အိုးဆေးတဲ့သူ၊ ထမင်းစား စားပွဲသယ်တဲ့သူ စသည်ဖြင့် ရွာတွေရဲ့ ထုံးစံအတိုင်း တက်ညီလက်ညီ လုပ်အားပေးလေ့ရှိတယ်…။ ကူညီမဲ့သူတွေကို တကူးတက ခေါ်ထားရတာမျိုးလည်း မဟုတ်ပါဘူး။ နတ်မစားခင် တရက် အလိုမှာ နတ်စားမဲ့ အိမ်ရှင်က ရွာထဲသွားရင်း ဒါမှမဟုတ် မြစ်ဆိပ်မှာ ရေချိုးဆင်းရင်းနဲ့ မနက်ဖြန် ငါတို့အိမ် နတ်စားမယ်ဟေ့ လို့ တွေ့တဲ့သူကို ပြောလိုက်ရင်ပါ ရပြီ..။ သိတဲ့သူက နောက်တယောက် နောက်တယောက်နဲ့ ဖြန့်ပေးလိုက်တာ တရွာလုံး လိုလို သိသွားကြတော့ တာပါပဲ။ ကျေးလက် တောရွာတွေရဲ့ သတင်းဆက်သွယ်မှု ကွန်ယက်က သူ့နည်း သူ့ဟန်နဲ့တော့ အဆင်ပြေနေတယ် ဆိုရမယ်။

နတ်စားမဲ့ အိမ်ရဲ့ ခြံဝင်းထဲက သစ်ပင်တပင်မှာ ဝက်ကို ကြိုးနဲ့ချည်ထားတယ်။ တချို့ဝက်တွေ ကတော့ အေးအေးလူလူ နေနေပေမယ့် ဝက် တော်တော်များများ ကတော့ သေရတော့မှာ သိနေသလိုနဲ့ အော်ဟစ် နေတတ်ပါတယ်။ နေ့လည် ၂ နာရီလောက်ဆို ဝက်သတ်တဲ့သူ ရောက်လာပါပြီ။ နတ်စားဘို့ ဝက်သတ်တာ တခါတော့ ကြည့်ခဲ့ဖူး ပါတယ်။ ထင်းခွဲတဲ့ ပေါက်ဆိန်ရဲ့ အနှောင့်ဘက်နဲ့ နဖူးတည့်တည့် ထုချလိုက်တာ တခါတည်း သေတာပါပဲ။ ဝက်သေပြီ ဆိုတာနဲ့ ခုတ်ထစ် ခွဲခြမ်းတဲ့ သူတွေက ဝက်တကောင်လုံး ပိုင်းဖြတ် လိုက်တယ်။ ပြီးရင် အဆင်သင့် တည်ထားတဲ့ ရေနွေးထဲထည့်ပြီး ချေးချွတ် အမွှေးနှုတ် ကြတယ်။

နတ်တင်ရမယ့် အဓိက မပါမဖြစ် အစိတ်အပိုင်းတွေက အတွင်းကလီစာ နဲ့ အသားနည်းနည်းပါပဲ ။ ဝက်ခေါင်းလည်း ပါမယ် ထင်ပါတယ်။ ကျန်တဲ့အသားတွေ ကိုတော့ တဝက်ခွဲပြီး လူတွေကို ကျွေးဘို့ ဖယ်တယ်။ ကျန်တဲ့ တဝက်ကိုတော့ ဈေးထဲမှာ ရောင်းသလို ဝက်သား အတွဲတွေဖြစ်အောင် ခုတ်ထစ်ပြီး ရွာစဉ်တလျောက် လိုက်ရောင်းလေ့ ရှိတယ်။ ဝက်တကောင်ဆို ပျှမ်းမျှ ပိဿာချိန် ရ၀ လောက် ထွက်တော့ အချိန် ၃၀ လောက်ကို ရောင်းပြီး ငွေပြန် ရှာကြတယ်။ ကျန်တဲ့ အသားတွေကိုတော့ အရွယ်တော် အနေအထား အတုံးတွေ ခုတ်ထစ်ပြီး ရေလုံပြုတ် လိုက်တယ်။ နောက်မီးဖို တလုံးနဲ့ တရွာလုံးကျွေးဘို့ ထမင်းအိုး တည်ကြပါတယ်။

နတ်တင်ရမယ့် အစိတ်အပိုင်း တွေကို အိုးတလုံးနဲ့ သပ်သပ် ပြုတ်ထား ရပါတယ်။ အဲဒါတွေ ကျက်ပြီဆို နတ်ဆရာက ဗန်းအကြီး တခုထဲ ပြင်ဆင်ပြီး ရိုးရာနတ်ကို တိုင်တည် ပါတယ်။ နတ်စားမဲ့ နေ့မတိုင်ခင် တရက် အလိုထဲက မိသားစုဝင်တွေ စုံစုံညီညီ ရှိကြရပါတယ်။ နတ်စားမဲ့နေ့ မတိုင်ခင် တညမှာလည်း မိသားစုတွေ တအိမ်ထဲ တမိုးထဲ အောက်မှာ နေကြရပါတယ်။ နတ်တင်တော့မယ် ဆိုရင် အိပ်ခန်း တခုထဲ မိသားစု အားလုံးဝင်ပြီး အခန်းတံခါး ပိတ်ထားရပါတယ်။ သူစိမ်း ဆိုလို့ နတ်ဆရာ တယောက်ပဲ ရှိပါတယ်။ နတ်ဆရာက ရိုးရာနတ်ကို ဘယ်နေ့သား ဘယ်နေ့သမီး ဘယ်သူတွေ ကတော့ဖြင့် သတိတရနဲ့ ရိုးရာမပျက် လာကန်တော ့ပါတယ်၊ စီးပွား လာဘ် လာဘ တိုးအောင် စောင့်ရှောက်ပေးပါ ဆိုပြီး အပ်ပေးပါတယ်…။ နောက်တော့ နတ်စာတွေ ရွတ်ပြီး နတ်ကို တင်ထားတဲ့ အစားအစာတွေ စားပါလို့ တောင်းပန်တယ်…။

အဲဒီအချိန်မှာ မိသားစု ဝင်တွေက ငြိမ်ငြိမ်လေး ထိုင်နေကြရပါတယ်။ လူတွေကသာ ငြိမ်ငြိမ် ထိုင်နေပေမယ့် တော်တော်များများ မျက်လုံးတွေက နတ်တင်ထားတဲ့ ဗန်းထဲပဲ ရောက်နေ တတ်ကြတယ်။ အဲဒါကလည်း အကြောင်း ရှိပါတယ်။ နတ်ဆရာ ရွတ်ဖတ်ပြီးလျှင် မိသားစုဝင်တွေက အစဉ်လိုက် တယောက်ပြီး တယောက် စားကြရတော့မှာ ဆိုတော့ ကိုယ့်အလှည့် ရောက်ရင် ဘယ်အတုံးကို ရွေးစားမလဲလို့ ချောင်းနေကြတာပါ။ ပြောရရင် အဲလိုချောင်းတဲ့ အထဲမှာ ကျနော်တော့ မပါ ပါဘူး။ ကျန်တဲ့ အတုံးပဲ စားမယ် ဆိုပြီး စိတ်လျော့ ထားရတယ်။ မလျော့လို့လည်း မရဘူးလေ။ ဘာကြောင့်ဆိုတော့ နတ်စားတဲ့ အခါမှာ လိုက်နာရတဲ့ ဓလေ့ ထုံးစံကြောင့်ပါပဲ။ နတ်တင်ပြီးလို့ မိသားစုဝင်တွေ စ စားရပြီဆို အိမ်ထောင်ဦးစီး ဖြစ်တဲ့ အဖေက ပထမဆုံး စားရပါတယ်။ စားချင်တိုင်းလည်း စားလို့မရပါဘူး။ ကြိုက်တဲ့ အသားတုံး ဒါမှမဟုတ် ကလီစာကို စားခွင့် ရှိပေမယ့် စိတ်ကြိုက် စားရတာမျိုး မဟုတ်ဘူး။ ပြုတ်ထားတဲ့ ကလီစာကို တလုတ်စားပြီးရင် ထမင်းတလုတ် မဖြစ်မနေ စားရပါတယ် ပြီးရင် ရေတငုံ သောက်ရပါတယ်။ အဲဒါက ပထမ အကြိမ်ပါ။ အဲလိုပုံစံမျိုးအတိုင်း သုံးကြိမ် သုံးခါ စားရပါတယ်။

အဖေ စားပြီးလျှင် အမေ ကလည်း အဲဒီအတိုင်းပဲ သုံးမျိုးကို သုံးခါ စားရပါတယ်။ အဖေနဲ့ အမေပြီးရင် မောင်နှမတွေထဲက အကြီးဆုံး ဖြစ်သူက အဲဒီအတိုင်းပဲ သုံးခါ စားရပါတယ်။ မောင်နှမထဲက အကြီးဆုံးဖြစ်သူ စားပြီးရင် သူ့အောက်က မောင်နှမ ဖြစ်သူက စားလို့ မရပြန်သေးဘူး။ အကြီးဆုံးရဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီးက စားရပါတယ်။ ပြီးရင် သူတို့ သားသမီးတွေက ကြီးစဉ်ငယ်လိုက် သုံးခါစီ စားရပါတယ်။ အဲဒီ သားသမီးတွေမှာမှ အိမ်ထောင်ကျ ထားတဲ့သူ ရှိနေသေးရင် အဲဒီသူရဲ့ သား၊ သမီးတွေပါ ကြီးစဉ် ငယ်လိုက် စားကြရတယ်။ သဘောကတော့ လူတယောက်နဲ့ သက်ဆိုင်တဲ့ သူတွေ အစဉ်လိုက် စားကြရတာမျိုး ပါပဲ။ အစ်မ အကြီးဆုံး စားပြီးရင် သူ့ခင်ပွန်း စားရတယ်။ ပြီးရင် သူ့သားသမီးတွေ စားရတယ်။ အဲဒီလိုနဲ့ ကျနော့် အလှည့်ရောက်ရင် စားကောင်းတဲ့ အစိတ်အပိုင်းက ကုန်သလောက် ဖြစ်နေပါပြီ။အဲဒါကြောင့် စိတ်လျော့ ထားရတာလို့ ပြောတာပေါ့။

အဲဒီလို မိသားစုတွေ စားတဲ့ အချိန်မှာ နတ်ကလည်း သူ့နေရာသူ ပြန်ကြွသွားပြီ ဆိုတော့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် အော်ဟစ်ပြီး ဆူညံနေတာပါပဲ။ ဆူညံတဲ့သူတွေ ကြည့်လိုက်ရင် ကျနော်တို့လို မိသားစုထဲမှာ အငယ်ဆုံး မောင်နှမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဓလေ့ ရိုးရာကြောင့် အရင် စားခွင့်ရတဲ့ တူတွေ တူမတွေကို လှမ်းမာန် ရတာလေ…။ ဟေ့ကောင်တွေ ကောင်းတဲ့ အတုံးပဲ ရွေးမစားနဲ့ ငါတို့အတွက်လည်း ချန်အုံးဟ ဆိုပြီ နောက်က သတိပေးနေပေမယ့် တူတွေ၊ တူမတွေ ကလည်း သူတို့ အနိင်ရတုန်းလေး ကောင်းတဲ့ ကလီစာတွေပဲ ဖိတွယ် တာပါပဲ။ ကျနော် အမလတ်က ဝက်သား လုံးဝ မစားတော့ သူ့အလှည့်ရောက်ရင် စတိ အနေနဲ့ ဝက်သားတုံးနဲ့ နဖူးကို သုံးခါ ထိရတယ်။ သူ့ခမျာ ဝက်သားတုံးနဲ့ ထိပြီးတာနဲ့ မီးဖိုချောင်ကို တန်းပြေးပြီး နဖူးကို ရေအထပ်ထပ် ဆေးနေတော့တာ ပါပဲ…။

မိဘ နှစ်ယောက်လုံး ကရင်လူမျိုး ဖြစ်နေရင် ပထမနေ့ကို အဖေအတွက် ရည်ရွယ်ပြီး ဝက်အထီးနဲ့ နတ်စားရတယ်။ အမေအတွက် ရည်ရွယ်တဲ့ နောက်တနေ့မှာ ဝက်အမနဲ့ နတ်စား ရတယ်…။ ကျနော် တို့ကတော့ မေမေ တယောက်ထဲ ကရင် လူမျိုးဖြစ်နေလို့ ဝက်အမနဲ့ တရက်ပဲ နတ်ကန်တော့ ရပါတယ်…။ ဒါဟာ အခုထိ ရှိနေသေးတဲ့ ကရင်ရိုးရာ နတ်စားခြင်း ပါပဲ…။ ပြောတော့တာ နတ်စားတယ် ဆိုပေမယ့် တကယ်တော့ လူစားတာပါ…။

အိပ်ခန်းထဲမှာ မိသားစုဝင်တွေ စားနေသလို အိမ်ခြံဝင်းထဲမှာလည်း တရွာလုံး လာစားကြပါတယ်…။ ဝက်ပေါ်(သတ်) ပြီးလို့ ခုတ်ထစ် နေချိန်မှာ ရွာက ကလေးတွေအနားမှာ စောင့်နေလေ့ ရှိတယ်…။ ဘာကြောင့်ဆိုတော့ ဝက်ရဲ့ ကိုယ်ထဲမှာ သူတို့အတွက် ကစားစရာ တခုရှိနေလို့ပါပဲ…။ ဝက်ကို ကိုင်တဲ့သူ ရှင်းအောင်ပြောရရင် ဝက်ကို ခုတ်ထစ်တဲ့ သူက ဝက်ရဲ့ဆီးအိတ်ကို ဂရုတစိုက်နဲ့ ခွဲထုတ်ပေးလေ့ ရှိပါတယ်။ အဲဒီ ဆီးအိတ်ကို ရေစင်အောင်ဆေးပြီး လေမှုတ် ထည့်လိုက်ရင် ဘော်လုံးတလုံး ဖြစ်လာပါတယ်။ အဲဒီ ဘော်လုံးနဲ့ ရွာလမ်းမမှာ ကလေးတွေ နှစ်ဖက်လူခွဲပြီး ကန်ကြတော့တာပါပဲ..။ ကျနော်လည်း ဝင်ကန်ခဲ့ဖူးတယ်..။ ဖုန်တွေပေပြီး မဲညစ်ညစ် ဖြစ်လာပေမယ့် ဝက်ရဲ့ဆီးအိတ်က ထူတော့ တော်တော်နဲ့ မကွဲပါဘူး…။

ကလေးတွေလည်း မောရော ဟင်းလည်း ကျက်တာပါပဲ။ မောမောနဲ့ အားရပါးရ စားကြတယ် ရွာစကားနဲ့ ပြောရရင် တဝကြီး လွေးကြတယ်ပေါ့..။ ရွာတွေရဲ့ ထုံးစံအတိုင်း ညနေ ၄ နာရီလောက် ထမင်းစားတာဟာ သူတို့အတွက်တော့ ညစာလည်း ဖြစ်တယ်လေ..။ ကျနော်တို့ ရွာကို သွားလည်ကြရင် ညနေ ၅ နာရီ လောက်ဆို ညစာ ထမင်းပွဲ ပြင်တော့တာပါပဲ။ နေက မဝင်သေးဘူး အပြင်မှာ လင်းလင်းထင်းထင်း ရှိသေးချိန်မှာ ညစာ စားရတာဟာ ကိုယ့်အတွက်တော့ တော်တော်ဂွတီးဂွကျ နိင်တယ်လို့ ထင်မိတယ်။

အဲဒီတော့ နတ်စားတဲ့ အိမ်မှာ ညနေ ၄ နာရီကျော်လောက် တရွာလုံး ညစာ လာစားတာဟာ သူတို့အတွက်တော့ ပုံမှန်ပါပဲ။ အလှူအိမ်က ပြုတ်ထားတဲ့ ဝက်သားနဲ့ ထမင်းကျွေး ပါတယ်။ ဝက်သား ပြုတ်ရည်ကို ထမင်းထဲ ရွှဲရွှဲဆမ်းပြီး ဝက်သားတုံး ကိုက်စားကြတာ တယောက်ကို ထမင်း ၃ပန်းကန် လောက်ကတော့ အသာလေးပါပဲ…။ လယ်လုပ်၊ ကိုင်းလုပ် တဲ့ သူတွေဆိုတော့ အလုပ် လုပ်ရင်လည်း ပြင်းပြင်းထန်ထန် လုပ်နိင်သလို စားတဲ့အခါမှာလည်း အားရ ပါးရ ပါပဲ။ ဟန်ဆောင်ပန်ဆောင် မရှိပါဘူး။ ဒါကိုက ကျေးလက်ရဲ့ ချစ်စဖွယ် ဓလေ့ စရိုက်ပါပဲ…။

နတ်စားတဲ့ အကြောင်းပြောတိုင်း ဒါမှမဟုတ် ဆွေမျိုးများတဲ့ အကြောင်းပြောတိုင်း ထည့်ပြောဖြစ်တဲ့ အဖြစ်ပျက်လေး တခု ရှိပါတယ်။ မေမေတို့ ငယ်ငယ်တုန်းက မေမေ့ရဲ့ အဖွားက နတ်စားတဲ့အခါ ဓလေ့အရ ဦးဆောင်ပြီး နတ်စားတဲ့ သူရဲ့ မိသားစုဝင်တွေ တယောက်မကျန် လာရသလို မိသားစုဝင်တွေ အားလုံးလည်း တမိုးထဲအောက်မှာ နတ်မစားခင် ညမှာ အတူတူ ရှိရပါတယ်..။ မေမေရဲ့အဖွား နတ်စားတယ် ဆိုတော့ သားသမီး မြေးမြစ်တွေ အကုန်လုံး တစုတစည်းထဲ စုစည်း ကြရတာပေါ့…။ ကျနော်တို့ အဖွားမှာ မွေးချင်းမောင်နှမ ၅ ယောက်ရှိပြီး အဖွားက အငယ်ဆုံးဖြစ်တယ်။ အဖွားက ကျနော့် မေမေ အပါအဝင် သားသမီး ၄ယောက်ရှိပြီး အဖွားရဲ့ ကျန်တဲ့ မောင်နှမတွေက တယောက်ကို သားသမီး ၈ ယောက်၊ ၉ယောက် လောက်စီ မွေးထားတဲ့ အပြင် သူတို့တွေကပါ ထပ်ပေါက်ဖွားတဲ့ သားသမီးတွေနဲ့ ဆိုတော့ အဘွား(မေမေရဲ့အဖွား) နတ်စားတဲ့ အချိန်မှာ ဆွေမျိုး အရင်းအခြာ အုပ်စုကြီးက အလွန်ကို များပြားနေတော့တာပဲ တဲ့လေ။ စားမယ့်သူ များရင်တော့ အပြင်ကို အသားတွဲ ရောင်းတာ မျိုးတွေ မလုပ်ကြပါဘူး။

နတ်မစားခင် တနေ့ အားလုံး ဆုံတဲ့အချိန်မှာ မောင်နှမတွေ၊ တူ တူမ တွေက အယောက် ငါးဆယ် နီးနီး ဖြစ်နေပြီဆိုတော့ အဘွားရဲ့ အိမ်မှာ မဆန့်ဘူး ဖြစ်နေတယ်။ နတ်စားတဲ့ အခါ လိုက်နာရတဲ့ ဓလေ့ ထုံးစံအရ တအိမ်ထဲ တမိုးထဲအောက်မှာ တည အတူတူ ရှိကြရမယ်ဆိုတဲ့ အတွက် အဲဒီလောက် လူအုပ်ကြီးနဲ့ ဘယ်လိုမှ မဖြစ်နိင်ဘူးလေ။ နောက်ဆုံး အဲဒီပြဿနာကို နတ်ဆရာက ဝင်ဖြေရှင်းရတဲ့ ပုံက အဘွား(မေမေရဲ့အဖွား) အိမ်ရဲ့ ပတ်လည်က အိမ်တွေမှာ သားသမီး မြေးမြစ်တွေက သွား တည်းခိုကြရတယ်။ အဲဒီလို တအိမ်စီ ဖြစ်သွားတော့ တမိုးထဲအောက်မှာ အတူတူ ရှိရမယ်ဆိုတဲ့ ဓလေ့နဲ့ မညီဘူး ဖြစ်နေတယ်။ ဒီတော့ အလယ်မှာ ရှိတဲ့ အဘွားရဲ့ အိမ်ခေါင်ကနေ သားသမီးတွေ တည်းနေတဲ့ အိမ်ခေါင်တွေကို အပ်ချည်ကြိုးတွေနဲ့ သွယ်တန်း ပေးထားရတယ်။ သဘောက ဦးဆောင်ပြီး နတ်စားတဲ့ မိဘရဲ့ အရိပ် အာဝါသ အောက်မှာ ရှိနေပါတယ် ဆိုတဲ့ သဘောမျိုးနဲ့ တူပါရဲ့။ ဒါက ညအိပ်တဲ့ အချိန်ရဲ့ အဖြစ်အပျက်ပါပဲ…။

နတ်ကန်တော့ပြီးတဲ့ အခါ ဓလေ့ ထုံးစံအရ တယောက်ကို အသားတကိုက် ထမင်းတလုတ် ရေတငုံ ကို သုံးခါ စားရတဲ့အချိန်မှာ အိမ်တလုံးနဲ့ အပြည့်ရှိနေတဲ့ ဆွေမျိုးတွေကို ဝါစဉ် အလိုက် အစီအစဉ်တကျ ဖြစ်အောင်လို့ တယောက်က အမျိုးစားရင်းကို ဘေးကနေ အော်ပေးရတယ် ဆိုပဲ။ ကျနော့ အဖွားက မောင်နှမတွေထဲမှာ အငယ်ဆုံး ဖြစ်တော့ အဘွားက မွေးတဲ့ မေမေတို့ မောင်နှမက နောက်ဆုံးမှ စားရတယ်။ ဖြစ်ချင်တော့ ကျနော် ဦးလေး အငယ်ဆုံး က အင်မတန် ရွံတတ်တယ်။ ငယ်ငယ်တုန်းက ရွာသွားလည်လို့ သူနဲ့ ထမင်းအတူတူ စားရင် ထမင်းလုံး အောက်မကျအောင် ဂရုစိုက်ရတယ် ထမင်းလုံး ဘေးဖိတ်တာ တွေ့ရင် ဦးလေးက ခေါင်း ခေါက်တော့တာပဲ။ ထမင်းစား စားပွဲပေါ်မှာ ပေရေ ညစ်ပတ်တာလည်း မကြိုက်ဘူး။ အဲဒီလို ရွံတတ်တဲ့ ဦးလေးအတွက် သူစားရတဲ့ အလှည့်က တမျိုးလုံးမှာ နောက်ဆုံးဖြစ်နေတယ်။

သူ့ အရှေ့က စားသွားတဲ့ ကလေးတွေ အလှည့်မှာ နှပ်တွေရော ပြန်ပြုတ်ကြတဲ့ ထမင်းလုံးတွေရော တွေ့ထားတော့ သူဘယ်လိုမှ မစားချင်ဘူး။ သူစားရတဲ့ အလှည့်ရောက်တော့ အသားလည်း မယ်မယ်ရရ မကျန်တော့ ပါဘူး..။ လက်ကျန် ထမင်းလေးရယ် အသားလေး နည်းနည်းရယ်ပဲ ကျန်တော့တယ်တဲ့။ ဓလေ့ အရလည်း မစားလို့ မရဘူးဆိုတော့ သူ့မှာ စားရင်းနဲ့ ငို၊ ငိုရင်းနဲ့ စားရတယ် ဆိုပဲ။ အဲဒီအကြောင်းကို အခါအခွင့် သင့်တိုင်း အမျိုးတွေ ကြားမှာ အခုထိ ပြောစမှတ် တွင်နေတော့တယ်။ တရွာလုံး နီးနီးကလည်း ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် နတ်စားခြင်းက ကရင်ရိုးရာ အရ (ကျနော်တို့ ရွာဘက်က) လုပ်တဲ့ ရိုးရာ နတ်ပူဇော်တဲ့ ဓလေ့တခုပါပဲ။

မှတ်မှတ်ရရ ပြောရရင် မေမေက ဦးဆောင်ပြီး နတ်စားတာ ၂ ကြိမ် ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက ကျနော်တို့ တော်တော် ငယ်ပါသေးတယ် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ထင်ပါရဲ့ ။ အဲဒီ နောက်ပိုင်းတော့ နတ်စားတဲ့ ဓလေ့ကို ကျနော်တို့ မိသားစုကြားမှာ ပယ်ဖျက် လိုက်တော့တယ်။ လွဲမှားတဲ့ အယူဝါဒလို့ မဆိုလိုပေမယ့် ကျနော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေ အရ လက်ခံဘို့ ခက်ခဲတာနဲ့ ကျနော်တို့ မိသားစုလည်း ရိုးရာ နတ်စားတဲ့ ဓလေ့ မလုပ်ဖြစ်တော့ပါဘူး။ တိတိကျကျ အချက်အလက်တွေ ကျန်နေနိင်ပေမယ့် ဒါဟာ ကျနော် သိသလောက် ရိုးရာ ဓလေ့လေး တခုကို ပြန်လည်ဝေမျှ လိုက်ရခြင်းသာ ဖြစ်ပါတယ်။

မြစ်ကျိုးအင်း (www.myitkyoeinn.com)

LEAVE A REPLY

Please enter your comment!
Please enter your name here