မြန်မာ Ning ဆိုဒ်များအား​ ​ဂုဏ်​သိ​က္ခာ​ရှိ​ရှိ​ ​ရပ်​တည်​စေ​လို

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ယခုအခါ မြန်မာ​ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ​ အဖြစ် Social Ning ဆိုဒ်များစွာကို အမည်​ အမျိုးမျိုးဖြင့် ဖွဲ့စည်း​ ထူထောင်လျှက်ရှိရာ မြန်မာ Ning ဆိုဒ်များ အများအပြား မြင်တွေ့ရသည်။ ထို့အပြင်​ ရွယ်ချက်ချက် အမျိုးမျိုးဖြင့် ရပ်တည်လျှက် ရှိနေကြသည်​ ကိုလည်း တွေ့ရှိရသ​ည်။

နည်းပညာများ၊ မှတ်စုများ…. စသဖြင့် ဝေမျှရာ နေရာဌာနအဖြစ် Ning သည် လူသုံးများလာသည်ကို တွေ့ရှိ နေရသော်လည်း အချို့ မြန်မာ Ning ဆိုဒ်များ၏ ရပ်တည်မှုနှင့် ရည်ရွယ်ချက်မှာ စိတ်ပျက်စရာ ကောင်းလောက်အောင် သိက္ခာမဲ့စွာ ရပ်တည်လျှက် ရှိနေသည်ကို တွေ့မြင်နေရသည်။

ယနေ့ Social Ning ဆိုဒ်များ၊ နည်းပညာ Ning ဆိုဒ်များ အနေဖြင့် ရသစုံ ဝေမျှနေသည် ဖြစ်ရာ အများအတွက် အလွန် အကျိုးရှိနေသည်မှာ ကျေနပ်ဖွယ် ဖြစ်သည်။ ထို့ထက် လူထဲက လူများဖြစ်၍ အမှားများ ဖြစ်လာပါက တာဝန်ယူ ရင်ဆိုင် ဖြေရှင်းပေးသည့် သတ္တြိ ဖင့် သိက္ခာရှိရှိ ရပ်တည်နေကြသည်မှာလည်း လေးစားစရာပင် ဖြစ်သည်။

ဤနေရာတွင် အယူအဆ များစွာ ကွဲပြားနေပါလိမ့်မည်။ “ဤ ဆိုဒ်မှ စာများသည် အခြားဆိုဒ်မှ စာများအား ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်” ဟု စာတန်လေး ချိတ်ယုံနှင့် Copy ကူးယူခြင်း ရည်ညွှန်းချက်ကို အပြည့်အစုံ ကာကွယ်သွားခြင်း မဖြစ်နိုင်ပါ။ မသက်ရောက်ပါ။ ထို့နောက် အမေးစကား ဖြစ်လာသည်။ အများသိစေရန် အလို့ငှာ၊ ဗဟုသုတ အလို့ငှာ မကူးယူနိုင်ဘူးလား ဟု မေးစရာ ဖြစ်လာသည်။ ကူးယူ ဝေမျှနိုင်ပါသည်၊ သို့သော် ရည်ညွှန်းချက်၊ ရေးသူအမည်၊ (သို့မဟုတ်) ဖြည့်စွက်သည် ဆိုပါက Credit အနေဖြင့် မူလ နေရာ၊ ဆိုဒ်၊ ပုဂ္ဂိုလ်အား ပြန်လည် ညွှန်းပြရပါမည်။

ဤနေရာတွင် ရှင်းလင်းချင်ပါသည်။ Create အလွယ်တကူပင် Free ပြုလုပ်နိုင်သော Ning တွင် “ငါ့ဟာငါ ဘာကူးကူး၊ ဘာရေးရေး ၊ ဒင်းတို့ ဘယ်လို ဥပဒေနှင့် အရေးယူမလဲ”ဟု မထီမဲ့မြင်ဖြင့် ကူးယူနေခြင်းသည် ၎င်းဆိုက်၏ သိက္ခာ၊ လူအများ၏ ယုံကြည်မှု၊ သုံးစွဲနေသော Member များ ၏ လေးစားမှုကို စော်ကားရာ ရောက်ပါသည်။

“Rapper သုံးယောက် ဒဂုံစင်တာ ဖောက်” မှာ စာရေးသူ ရေးသားထားသော သတင်း ဖြစ်ပါသည်။ သို့သော် Myanmar Selection Ning ဆိုဒ်တွင် Admin ကိုယ်တိုင်မှ ကူးယူထားကာ သတင်းရေးသူ စာရေးသူ၏ နာမည်အား မထည့်သွင်း ထားပါ။ ထို့ကြောင့် အဆိုပါ Myanmar Selection Ning ဆိုဒ်အား ပြင်ဆင် ဖော်ပြပေးပါရန် မေးလ်ပို့ တောင်းဆို ခဲ့ပါသည်။ သို့သော် Admin မှနေ၍ ဖော်ပြချင်မှ ဖော်ပြမယ်… ကူးယူတယ် ဟုသာ တုန့်ပြန်ခဲ့ပါသည်။

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

၎င်း Myanmar Selection Ning ၏ အမည်ဖော်ပဲ ကူးယူဖော်ပြမှုကြောင့် သန်လျင် နည်းပညာဆိုဒ်မှ ထပ်မံကာ ကူးယူကာ ဖော်ပြခဲ့သည်။ သန်လျင် နည်းပညာဆိုဒ်မှ Myanmar Selection Ning မှ သတင်းအား ရေးသည်ထင်၍ Myanmar Selection ထံမှ ကူးယူထားပါကြောင်း ဖော်ပြခဲ့သည်။

ထို့ကြောင့် စာရေးသူမှ သန်လျင် နည်းပညာဆိုဒ်သို့ ၎င်းသတင်းမှာ Myanmar Selection Ning မှ ရေးသားထားခြင်း မဟုတ်ဘဲ လင်းဦး(စိတ်ပညာ) ရေးသားထားသော သတင်းဖြစ်ကြောင်း၊ သို့ပါ၍ သတင်း ဖော်ပြလိုပါက လင်းဦး (စိတ်ပညာ) ဖြင့်သာ ဖော်ပြပေးရန် တောင်းဆိုခဲ့ပါသည်။ အကြောင်းစုံ သိရသော သန်လျင် နည်းပညာဆိုဒ်မှ Admin အဖွဲ့သည် လင်းဦး(စိတ်ပညာ) အမည်ဖြင့် ပြန်လည်ပြင်ဆင် ဖော်ပြပေးခဲ့ ပါသည်။ ထိုသို့ တာဝန်ယူ လုပ်ဆောင်ပေးသော သန်လျင် နည်းပညာဆိုဒ်အားလည်း အလွန် ကျေးဇူးတင် လေးစားမိပါသည်။

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် (လှိုင်းဘွဲ့ )

Myanmar Selection ဆိုဒ်အနေဖြင့် တပတ်ခန့် ကြာမြင့်ခဲ့သော်လည်း ၎င်း၏ မဆင်မခြင် ရေးသားမှုများ နှင့်အတူ ဘာပဲဖြစ်ဖြစ် ဟူသော မူကိုထားလျက် ပြင်ဆင်ခြင်း မလျဉ်း မရှိခဲ့ပါ။ ထို့ပြင် စာရေးသူ၏ ဘဝထဲက အစိတ်အပိုင်းများ ဆောင်းပါးထဲမှ တခုဖြစ်သော “ကျွန်တော်နှင့် ဆရာ Key” ဆောင်းပါးအား ကူးယူထားသည့် အပြင် လင်းဦး(စိတ်ပညာ) မှာ ကူးယူထားခြင်း ဖြစ်သည်ဟု ရေးသားထား ပါ၍ စာဖတ်သူများ အနေဖြင့် စာရေးသူ လင်းဦး(စိတ်ပညာ) သည် ၎င်း Myanmar Selection ဆိုက်မှ ကူးယူထား သယောင်ယောင် ဖော်ပြထားသည်ကို တွေ့ရှိရပြန်ပါသည်။

သို့ပါ၍ မိမိ စာရေးသူအနေဖြင့် စာဖတ်သူများ အမြင်မမှားစေရန် ကာကွယ်ရမည့် အပြင် Myanmar Selection ဆိုဒ် အားလည်း မနစ်နာစေလို၍ ၎င်းထံ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ယခုအချိန်ထိ ၎င်း၏ အပြုအမူသည် သိက္ခာရှိသော ဆိုဒ်တခု မဟုတ်ဘဲ ပို၍ဆိုးကာ တုန့်ပြန်လာခဲ့သည့် အတွက် အများသိစေရန် အလို့ငှာ ဤသို့ ရေးသား လိုက်ရခြင်း ဖြစ်သည်။

မြန်မာ Ning ဆိုဒ်များ အနေဖြင့်လည်း ယခုလို ကိစ္စမျိုး မဖြစ်စေရန် ကြိုစားသင့်ပါကြောင်းနှင့် လူတဦး တယောက်၏ ကြိုစား ထားမှုများကို အလွယ်တကူ ကူးယူကာ အလွဲသုံးစား လုပ်မှုများအား ဆန့်ကျင် ရှုတ်ချခြင်းဖြင့် ဂုဏ်သိက္ခာ ရှိသော၊ မှန်ကန်သော၊ လေးစား ယုံကြည်အပ်သော ဆိုဒ်များအဖြစ် ဆက်လက် ရပ်တည်စေလို ပါကြောင်း စေတနာ ရှေ့ထားကာ ရေးသားတင်ပြ လိုက်ရပါသည်။

လင်းဦး(စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here