စစ်အစိုးရ ရွေးကောက်ပွဲအား နယ်စည်းမခြား နှင့် မြန်မာသတင်း သမဂ္ဂတို့မှ ထောက်ပြ ဝေဖန်လိုက်

alt

ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်း​ မခြား သတင်းထောက်များ အဖွဲ့နှင့် ပြည်ပ​ အခြေစိုက် မြန်မာ သတင်း​သမဂ္ဂ တို့က စစ်အစိုးရက ကျင်းပ​ ပေးမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ

အစီအစဉ်သည် တရားမျှတမှု မရှိနိုင်ဟု ယုံကြည်​ ကြောင်း ထုတ်ပြန်ကြေငြာ လိုက်ကြောင်း သိရှိရသည်။

ထိုအဖွဲ့၂ခု၏ ထုတ်ပြန် ကြေညာချက်များတွင်် မြန်မာ စစ်အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ သတင်း မီဒီယာများကို လွတ်လပ်စွာ အသိပေး ကြေညာခြင်း မရှိသောကြောင့် ဖြစ်သည်ဟု အခြေပြ ပြောဆိုလိုက်ပြီး။ တင်းကြပ်သော ပြည်တွင်း မီဒီယာဆင်ဆာ ဥပဒေသများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများ၊ ဥပဒေမဲ့ ထောင်သွင်း အကျဉ်းချမှုများဖြင့် ပြည်တွင်းရှိ သတင်းမီဒီယာ သမားများ၊ ဘလော့ဂ်ဂါများ တင်းကြပ်စွာ လုပ်ဆောင်နေသလို ပြည်ပမှ နိုင်ငံရပ်ခြား သတင်းထောက် များကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေခြင်းသည် သတင်း လွတ်လပ်ခွင့်အား ပိတ်ပင်နေခြင်း များပင်ဖြစ်သည်ဟု ဆိုသည်။ “စစ်အစိုးရက ပြန်ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ သတင်းမီဒီယာ အခွင့်အရေးတွေနဲ့ လွတ်လပ်စွာ မဲပေးခွင့်၊ စည်းရုံးခွင့်တွေ အတွက် ဘာကိုမှ အာမခံချက် ပေးမထားပါဘူး”ဟု ယင်းအဖွဲ့နှစ်ခု၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ထို့အပြင် ယခုလအတွင်း ပုဂ္ဂလိက သတင်းဂျာနယ် စာနယ်ဇင်းများတွင် ပါရှိသော ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါး အတော်များများမှာလည်း ဆင်ဆာလုပ် ဖြတ်တောက်ခြင်း ခံနေရသည်ဟု ပြည်တွင်း မီဒီယာ သမားများက ပြောဆိုကြသည်။ ၎င်း သတင်းများအရ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေ ခေါင်းဆောင်သော အထူးအဖွဲ့ တခုသည် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များအတွက် ဆင်ဆာပြုလုပ် တည်းဖြတ်ခြင်းအား တာဝန်ယူ ဆောင်ရွက် နေကြောင်း ထောက်ပြ ပြောဆိုလိုက်သည်။

မြန်မာ စစ်အစိုးရသည် အင်တာနက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက် များကိုလည်း ပိတ်ပင်မှုများ ပြုလုပ်လျက်ရှိနေပြီး၊ ရတနာပုံ ဆိုင်ဘာ စီးတီးတွင် ဗဟိုပြုထားသော ကွန်ရက် စီမံမှုများကလည်း တရုတ်၏ အကူအညီဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားပြီး အာဏာပိုင်များကို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ပိုမိုလျင်မြန် တိကျစွာ စောင့်ကြည့်နိုင်ရန် ဆောင်ရွက် ပိုင်ခွင့်ပေးထားကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အင်တာနက် ဝန်ဆောင်မှုပေးသူ အချို့တို့ကိုလည်း ဆင်ဆာနှင့် ထောက်လှမ်းမှု ပြုလုပ်သော ကိရိယာအချို့ကို ထောက်ပံ့ကာ အသုံးပြုနေ စေကြောင်း သိရသည်။ ယင်းသတင်းကို ထောက်ပြ ပြောဆိုသော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် NGO အဖွဲ့ တခုဖြစ်သည့် Sherpa တို့က ယင်း ထောက်လှမ်း မှု ပစ္စည်းများ မြန်မာ စစ်အစိုးရအပေါ် ထောက်ပံ့ခဲ့သည့် ပြင်သစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ Alcatel-Lucent ထံ ထိုပစ္စည်းများ စစ်အစိုးရအား ရောင်းချခြင်း အတွက် မေးခွန်းထုတ်ခဲ့ရာ ကုမ္ပဏီကမူ စွပ်စွဲမှုများကို ငြင်းဆိုထားပြီး မိမိတို့သည် တရုတ်အစိုးရ၏ ဆက်သွယ်ရေးဆိုင်ရာ ရံပုံငွေဖြင့် လည်ပတ်နေသော စံနစ်တခုအတွက် လိုအပ်သော ကိရိယာများ ရောင်းချပေးခြင်းသာ ဖြစ်ကြောင်း ဖြေရှင်း ချက်ပြုလာသည်။

အတွင်းသိများ အဆိုအရ ကုမ္ပဏီမှ တင်ပို့သော ပစ္စည်းများတွင် ဥပဒေနှင့်အညီ ကြားဖြတ် တားမြစ်နိုင်သော ကိရိယာဟု အမည်တပ်ထားသော အရာများလည်း ပါဝင်သည်ဟု ဆိုသည်။ မြန်မာ စစ်အစိုးရပိုင် ဟံသာဝတီ ISP က (၂၀၀၈)ခုနှစ် မေလအတွင်း မြန်မာ တိုင်းမ်သို့ ပြောကြားခဲ့ရာတွင် တရုတ်ပြည်မှ တဆင့် ထောက်ပံ့သော စံနစ်တခုသည် တည်းဖြတ်ခြင်း နှင့် စောင့်ကြည့်ခြင်း များကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ဖြေဆိုဖူးကြောင်း သိရှိရသည်။

နိုင်ငံတကာ သတင်းထောက်များနှင့် ပါတ်သက်၍ မြန်မာ စစ်အစိုးရသည် သီးသန့် အာမခံချက် ပေးမှုမျိုးလည်း မရှိခဲ့ဟု CNN ၏ အရှေ့တောင် အာရှဆိုင်ရာ သတင်းထောက် ဒန်ရေးဗားက ယခင်အပါတ်က ပြောဆိုလိုက်သည်။ အကြောင်းမှာမူ မတ်လ (၂၇)ရက်နေ့၊ မြန်မာ့ တပ်မတော်နေ့ အတွက် သတင်းယူရန် နေပြည်တော်သို့ ရောက်နေသည့် ရေးဗား သည် သတင်းထောက် ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ရခဲ့သော်လည်း (၂၄)နာရီ အတွင်း တိုင်းပြည်မှ ထွက်ခွာရန် ဖိအားပေးခြင်းကို ခံခဲ့ရသည်။ အဆုံးသတ် အနေနှင့် ဒီမိုကရက်တစ် မြန်မာ့အသံ ကဲ့သို့ ပြည်ပရောက် မြန်မာသတင်း မီဒီယာ သတင်းသမား များအား မြန်မာ စစ်အစိုးရက တရားမဲ့ ဥပဒေများဖြင့် ပိတ်ပင်ထားဆဲ ဖြစ်ပြီး ပြည်တွင်းမှ အဓိက သတင်းရင်းမြစ်များအား ဖိနှိပ်တားမြစ်မှုများ ပြုလုပ်လျက် ရှိသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပြုစုသော စစ်တမ်းအရ ပြည်ပအခြေစိုက် မီဒီယာများအား ဆက်သွယ်ခဲ့သည့် မြန်မာ သတင်းထောက် (၁၂)ဦးထက် မနည်း မှာလည်း ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်ပြီး အချို့သည် နှစ်(၂၀)ထက်ပိုသော ထောင်ဒဏ်များပင် ချမှတ်ခံထားရသည်။ (၂၀၀၉) ခုနှစ်အတွင်း နိုင်ငံပေါင်း (၁၇၅)ခု၏ သတင်း လွတ်လပ်ခွင့် စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့်(၁၇၁)မှသာ ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here