ရုရှားနိုင်ငံတွင် အမျိုးသမီးနှစ်ဦး အသေခံဗုံးခွဲ

alt

အစွန်းရောက် အမျိုးသမီး နှစ်ဦး အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့မှုကြောင့် ရုရှားနိုင်ငံတွင် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းက မော်စကို မြို့တော် မက်ထရို ရထားဘူတာ နှစ်ခုတို့တွင် အမျိုးသမီးများက အသေခံ ဗုံးခွဲခဲ့ရာ လူ(၃၈)ဦး အနည်းဆုံး သေဆုံးပြီး အမြောက်အမြား ဒဏ်ရာ ရရှိခဲ့သည်။

ထိုနေ့ နံနက်ပိုင်းက မော်စကိုမြို့လယ်ရှိ လူဗြန်ကာ ဘူတာတွင် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ လူ(၂၂)ဦး သေဆုံး သွားခဲ့သည်။ ထိုနေရာ၏ အပေါ်တွင် ဆိုဗီယက်ခေတ် နာမည်ကျော် ထောက်လှမ်းရေးဌာန KGB​ အား ပြောင်းလဲ ဖွဲ့စည်းထားသည့် ရုရှားပြည်ထောင်စု လုံခြံုရေးဌာန (FSB)​ တည်ရှိပြီး ကိုက်အနည်းငယ် အကွာတွင်မူ ကရင်မလင် နန်းတော် တည်ရှိနေသည်။

နောက်ထပ် (၄၅)မိနစ်မျှ အကြာတွင်မူ ကူတူရီ ဥယျာဉ်ဘူတာတွင် နောက်ထပ်ဗုံးတလုံး ထပ်မံ ပေါက်ကွဲခဲ့ရာ အနည်းဆုံး (၁၂)ဦး သေဆုံးသွားကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ထို ဗုံးပေါက်ကွဲမှုများသည် ဖောက်ခွဲရေး ပစ္စည်းများကို ခါးပတ်တွင် ဝတ်ဆင်ကာ အသေခံ စနက်တံဖြုတ်ခဲ့သည့် အစွန်းရောက် အစ္စလမ်မစ် အမျိုးသမီး များကြောင့် ဖြစ်ကြ ကြောင်း မော်စကို အစိုးရရှေ့နေအဖွဲ့ အကြီးအကဲ ယူရီဆိုယူမင်က ပြောကြားခဲ့သည်။

ထောက်လှမ်းရေး ကင်မရာများဖြင့် ရိုက်ကူးထားသည့် ဘူတာရုံများအတွင်း မလှုပ်ရှားနိုင်တော့သည့် ခန္ဓာကိုယ်များနှင့် အရေးပေါ် လုပ်သားများက ဒဏ်ရာ ရနေသူများကို လိုက်လံ ကုသပေးနေသည့် မှတ်တမ်းများကို သတင်းများက ဖော်ပြခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ထွက်ပြေးလာသည့် ရထားစီး ခရီးသည်များအနက် တဦးက မိမိတို့၏ လူနေမှု ဘဝသည် ယခုလို ပုံစံမျိုးသာ ဖြစ်ကြောင်း နာနာကြည်းကြည်း ကြွေးကြော်သွားသည်။

ဗုံးခွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ကြေညာခြင်း မရှိသေးသော်လည်း ရုရှား အစိုးရကမူ ကော်ကေးရှပ် မြောက်ပိုင်းရှိ အစိုးရ ဆန့်ကျင်ရေး မွတ်ဆလင် စစ်သွေးကြွများ ဖြစ်သည့် ချီချန် အဖွဲ့နှင့် ၎င်း၏ မဟာမိတ်များ လက်ချက် ဖြစ်နိုင်ကြောင်း စွပ်စွဲထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here