နာဆာ အဖွဲ့ထက် အကြံပိုင်သူ ဗြိတိသျှသား

alt

အာကာသ မှတဆင့် ကမ္ဘာ့ လေထုကို ဖြတ်သန်းကာ ရိုက်ကူး ထားသည့် ဓာတ်ပုံများ အတွက် NASA အဖွဲ့က အလွန်ဂုဏ်ယူ ပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့ လှပသော ဓာတ်ပုံများကို NASA ကဲ့သို့ ဒေါ်လာ သန်းပေါင်းများစွာ အကုန် အကျ မခံဘဲ စူးစမ်းတီထွင်သူ တဦးက ရိုက်ကူးပြ ခဲ့သည်။ ဗြိတိန်သား ရောဘတ် ဟာရီဆင် သည် အလွန် ရိုးရှင်းသော နည်းလမ်းတခုဖြင့် မောင်းသူ မဲ့ လေ့လာရေး အာကာသယာဉ် တစင်းအား တီထွင် လိုက်သည်။ ၎င်းသည် အိမ်လုပ် ဟီလီယမ် ဘောလုံး တလုံးကို ကမ္ဘာ့ မြေမျက်နှာပြင် အထက် (၂၂)မိုင် အထိ လွှင့်တင်လိုက်သည်။

ခြေရာခံစနစ် ထည့်သွင်းထားသော ဘောလုံးတွင် ဟာရီဆင်က ယင်း၏ (7.1) megapixel ရှိ အိမ်သုံးကင်မရာကို တပ်ဆင်ထားသည်။ ယင်း ကင်မရာအား (၅)မိနစ်လျင် တကြိမ် အလို အလျောက် ဓာတ်ပုံရိုက်စေရန် ထိန်းချုပ်ထား သော ကွန်ပြူတာ စံနစ်တခုလည်း ဟီလီယမ် မိုးပျံပူဖောင်း နှင့်အတူ ပါသွားခဲ့သည်။ ပရောဂျက် တခုလုံး ဒေါ်လာ(၅၀၀)သာ ကုန်ကျသော စီမံကိန်းသည် အလွန် အောင်မြင်ခဲ့ပြီး အံ့မခန်း လှပသော ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့ကြောင်း ဟာရီဆင်က ဆိုသည်။

(၃)နာရီနီးပါး ကြာမြင့်သည့်အခါ (၂၂)မိုင် အမြင့်သို့ ရောက်ရှိပြီး ဘောလုံးကို ဖောက်ခွဲပစ်ရန် ၎င်းက စီစဉ်ထားသည်။ ဟီလီယမ် ဘောလုံးနှင့်အတူ ပြန်ကျလာသော ကင်မရာနှင့် ပစ္စည်းများ ထည့် ထားသည့် သေတ္တာမှာ လေထုထဲတွင် အလိုလို လေထီးပွင့် လာရန် ဟာရီဆင်က စီစဉ်ထားပြီး ဖြစ်သည်။ ထို့နောက်တွင် ခြေရာခံ စံနစ်အတိုင်း နောက်ယောင်ခံကာ သေတ္တာကိုရှာဖွေ ကောက်ယူပြီး ဓာတ်ပုံများ ကို ရရှိလာကြောင်း အနောက် ယောက်ရှိုင်းယားတွင် နေထိုင်သော ဟာရီဆင်က ရှင်းပြခဲ့သည်။

၎င်းသည် ယင်း၏ ပထမဆုံး အသေးစား စိတ်ကူးယဉ် လေ့လာရေး အာကာသယာဉ်လေးအား (၂၀၀၈) ခုနှစ် အောက်တိုဘာလက လွှတ်တင်ခဲ့ပြီး ပထမဆုံး Mission ကို Icarus I ဟု အမည်ပေးခဲ့သည်။ ဟာရီဆင်သည် ထိုစိတ်ကူးအတိုင်း အကြိမ်ပေါင်း တဒါဇင်မျှ လွှတ်တင်ကာ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ ဟာရီဆင်၏ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ မိုင်(၁၀၀၀)ထိ ပျံသန်းနိုင်သော ဘောလုံးဖြင့် ကမ္ဘာလုံးကြီး တခုလုံးကို ဓာတ်ပုံ ရိုက်ပြနိုင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။ ယခု ဟာရီဆင် လွှတ်တင်ခဲ့သည့် (၂၂)မိုင် အမြင့်မှာ U2 စပိုင် လေယာဉ်များ ပျံသန်းလေ့ ရှိသည့် ပမာဏထက် ပိုမြင့်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here