ဖြစ်မျိုးစုံလင် သည်လတွင်(မတ်လ)

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

တပ်မှူးကောင်းတို့ မည်သည် မိမိတို့တပ်ကို စံနစ်တကျ ဆုတ်ခွာရတယ် ဆိုတဲ့ စကားတခွန်းဟာ ပြောသူကတော့ ဘယ်လို့ သဘောမျိုးနှင့် ခံစားပြီး ပြောလိုက် သလဲတော့ မသိ။ ဗိုလ်သန်းရွှေ ခမျှာ ကောင်းကင်နဲ့ ခေါင်း တက်ဆောင့်လုလု ဘုံမြောက် နေပါလိမ့်မယ်။

အခုလို ဘုန်းတော်ဘွဲ့ ဗိုလ်ဍီကာဖွဲ့ပေးတဲ့ နိုင်ငံရေးသမားများ ဆိုတာ အခုမှမဟုတ်ပါဘူး။ စစ်အာဏာရှင် စံနစ်ကို စတင်လိုက် ကတည်းက သည်လိုလူမျိုးတွေ ရိုက်သတ်လို့ပင် မကုန်လောက်ပါ။ သူတို့ပဲ စစ်အာဏာရှင် ကျဆုံးရေးကို တခေတ်တခါက တတွင်တွင် ကုန်းအော်ခဲ့ကြတာပါပဲ မဟုတ်ပါလား။ ဒီလို အခင်းအကျင်း အစုံနဲ့ အရောင်စုံ နိုင်ငံရေး အတွေးအခေါ်ရှိတဲ့ နိုင်ငံရေးသမားတွေ ရှိနေသားနဲ့ မြန်မာ့ နိုင်ငံရေးမှာ ဘာလို့ စစ်တပ်ကသာ အမြဲတမ်း ဗိုလ်ကျ စိုးမိုးနေရတာလဲ ?… ဒီလအတွက် ရှုမြင်ပါဦးမည်။

ရွေးကောက်ပွဲ ဥပဒေတွေ ထွက်လာပါပြီ။ စစ်တပ်အလိုကျ ငါ့ရွာမှာ ငါသူကြီး အထာနဲ့ ဥပဒေတွေပေါ့။ မြန်မာနိုင်ငံသား အားလုံး သိ၏။ နိုင်ငံရေး ပါတီများအပေါ် တင်းကြပ်တဲ့ မူဝါဒများနှင့် လူးလွန့် မလှုပ်သာအောင် စစ်တပ်က စံနစ်တကျ ကိုယ့်အလိုရ ဥပဒေများ ထုတ်ပြန်ခဲ့ကြသည်။

စစ်တိုက်ရာတွင် တပ်မှူးကောင်းတို့သည် မိမိတို့ ရန်သူအပေါ် ထွက်ပေါက်ပေးရတယ်။ ဒါမှလည်း ဂုဏ်သိက္ခာရှိတဲ့ တပ်မှူးကောင်းလို့ အသိအမှတ်ပြုရမှာ ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးတွေဟာ ရန်သူကို ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုသလို အမြစ်ပြတ် ချေမှုန်းတတ်တယ်။ အထူးသဖြင့် မြန်မာ စစ်တပ်အနေဖြင့် ရန်သူကို ဤနည်းဖြင့် တိုက်ခိုက် ချေမှုန်း၏။ ဥပမာ ကရင်လူမျိုးကို ကြည့်ပါ၊ စစ်တပ်ဟာ ကရင်လူမျိုးအပေါ် လူမျိုးတုံး နီးပါးမှ လူလုံးတောင် မပေါ်နိုင် တောကြို တောင်ကြားမှာပင် မျက်နှာမွဲဖြစ်အောင် အသေ နှိပ်ကွပ်ထားသည်။ ထိုတနည်း ကြည့်ခြင်းဖြင့် မြန်မာ့ နိုင်ငံရေးအတွက် ကောင်းမွန်တဲ့ အနေအထားတခုသို့ ရောက်နိုင်မည် မဟုတ်ချေ။ မကြေလည်မှု၊ နာကျည်းမှု၊ နှင့် ရန်လို လက်စားခြေလိုမှုများသာ တစစီ တိုးပွားပြီး ခံရတဲ့သူများဖက်က ကမ္ဘာမကြေသည့်တိုင် ဆက်လက် တိုက်ခိုက်ရင်းနဲ့ မြန်မာ့လူမှု အသိုင်းအဝိုင်းဟာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်လက် အလှမ်းဝေးနေရမှာ သေချာပါတယ်။ အထူးသဖြင့် အခု လတ်တလော ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေ​ များကြောင့် စစ်တပ်၏ ရန်သူလို့ သတ်မှတ်ခြင်း ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်များ ယတိပြတ် ချမှတ်ရမှာ ဖြစ်တယ်။ ဒါဟာ ပြည်သူအတွက် ချဉ်ဖတ် ဖြစ်မလား..? ပျားရည် တစက်လား ပေါ့။

ဒါလည်း စစ်တပ်သည် မြန်မာနိုင်ငံရေးတွင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နှင့် အနိုင်ရ ပါတီကြီးတခုကို အမြစ်ပြတ် ချေမှုန်းလိုက်တဲ့ နည်းဗျူမျှသာဖြစ်တယ်။ မူကို မကြည့်ပဲ ပါတီရပ်တည်မှုကိုသာ ကြည့်မယ်ဆိုလျှင် ပြည်သူများ၏ ငြိုငြင်ဒဏ်ကို ဆိုးဝါးစွာ ခံရပါလိမ့်မည်။ သို့အတွက် တပ်ကို စံနစ်တကျ ဆုတ်ခဲ့တယ်ဆိုသော စကားကို ချင်းမိုင်မှာ ပြောဆိုခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမား ဆိုတဲ့လူ၊ သူများတော့ ဘယ်လို မြင်မလဲ မသိနိုင်ချေဖူး၊ စစ်တပ်က ဒိုင်လူကြီး လုပ်ရမဲ့အစား ဒိုင်လူကြီးက ဖလားယူချင်တဲ့ စိတ်ဓါတ်၊ ဒီအဖြစ်အပျက်ကို ဒါဟာ မတရားဘူးလို့ ပြောရင် မျှတတဲ့ ရှုဒေါင့်မှ ပြောဆိုမှုတခု အဖြစ် ယုံကြည့် လေးစားနေမိမှာပါ။ သို့ပေမဲ့ စစ်တပ် ထုတ်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေက မှန်ကန်တယ်လို့ ပြောဆိုလိုက်ရင် ၎င်းသည် ဘက်တခု လိုက်နေသည်ဟု သတ်မှတ်ရမယ်။ ဒါပေမဲ့ အနှီး ထိုပုဂ္ဂိုလ်သည် ထိုဥပဒေကို မသုံးသပ် နိုင်လောက်အောင် နှာစေးနေပါ၏၊ ဆိုတာ အသေခြာ တပ်အပ်ပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တစတစ ပြိုကွဲအောင် ထိုဥပဒေက အသေခြာ လုပ်ဆောင်နေတာကို တပ်ကို စံနစ်တကျ ဆုတ်တယ်လို့ ဘယ်လိုမှ ယူဆလို့ မရ။

နောက်တခုက မြန်မာနိုင်ငံရေးတွင် အခုတလော အာပေါင် အာရင်းသန်သန်နှင့် ပြောဆိုနေသော သူများဟာ ကျုပ်လဲ နိုင်ငံရေးကြောင့် ထောင်ကျ အနစ်နာခံခဲ့ရတယ်လို့ သိဒ္ဓိတင်ပြီး၊ အာဏာရှင် စစ်အစိုးရအား တည်ဆဲအစိုးရ၊ နိုင်ငံတော်အကြီးအကဲ စေတနာ ဘာညာ မြောက်ပင့် ပြောဆိုနေကြသည်။ ယခုလိုပြောဆိုခဲ့သော သူများသည်လည်း တချိန်တုန်းက စစ်အာဏာရှင် ကျဆုံးရေး ကြွေးကြော်သံကို အသံကုန် အော်လာပြီး သူများဆိုတာ လူတိုင်း အသိ၊ တိုင်းသိပြည်သိပါပဲ၊ ဒါပေမဲ့ ထိုသူများသည် ထောင်ကျခံပြီး ထောင်မှ ထွက်လာခဲ့ပြီးနောက် အင်န်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ချပြီး နိုင်ငံရေး ယုံကြည်မှု ရရှိရန်အတွက် ပြည်သူ့အကြား စည်းရုံးနေကြသည်။ အကျိုးအကြောင်း အစုံ မသိရှိခင်ကတော့ သူတို့ အပြောဟာ မှန်နေသလိုလို လူတိုင်း ဝေဝါးနေမှာ သေချာပါတယ်။ သို့သော် ဦးဝင်းတင်၏ ဘာလဲဟဲ့ ငရဲ ဆိုသော ခေါင်းစဉ် နှင့် ထောင်တွင်း အတွေ့အကြုံကို န.အ.ဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ထုတ်ဝေခဲ့တယ်။ ဦးဝင်းတင် ရေးသားချက်တခုက ၈၈ အရေးတော်ပုံအတွင်း စစ်အာဏာရှင် ကို တိုက်ခိုက်ခဲ့သော နိုင်ငံရေးသမားများသည် တူညီသော ယုံကြည်ချက်များဖြင့် ထောင်သွင်း အကျဉ်းကျခံခဲ့ရတယ်။

ထိုကဲ့သို့ အကျဉ်းကျခံရသော သူများအတွင်း ၎င်းတို့ အကျဉ်းကျစဉ် နိုင်ငံရေး အကျဉ်းသားတိုင်း န.အ.ဖ စစ် ထောက်လှမ်းရေး များ၏ ခေါင်းကိုင် (ယုံကြည်မှုကို ပြောင်းလဲခြင်း) မှုကို ခံခဲ့ကြရသည်။ ဦးဝင်းတင် ရေးသားချက်အရ စဉ်းစား သုံးသပ်ရမည်ဆိုလျှင် ထောက်လှမ်းရေး ခေါင်းကိုင်မှုကို လက်ခံခဲ့သော သူများသည် အခု နိုင်ငံရေးတွင် ဟန်ရေး တသွင်သွင်ဖြင့် တွင်ကျယ်နေရသည်ကို တွေ့ရ၏။ တစုံတယောက်၏ ခေါင်းကိုင်မှုကို ခံခဲ့ရသူဟာ အရူးကို အမဲသားကျွေးသလိုပဲ၊ နွားမြင်တိုင်း လက်ညိုးထိုး နေတတ်သည်။ ပြောလိုက်တဲ့ စကားခွန်းတိုင်းမှာ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားရဲဘူး။ ဒါပေမဲ့ သူတို့ မသိစိတ်ထဲမှာ စစ်အာဏာရှင်စံနစ်က မကောင်းဘူးလို့ သိနေတယ်။ ခေါင်းကိုင်ခံရတော့လဲ ဘယ်သူလာမေးမေး မသိစိတ်ကို သိစိတ်က ဖုံးလွမ်း ဟန်လုပ်ပြီး ပြောနေရသည်။ ဒါလဲ လူအဖြစ်ရှုံးရတဲ့ အဖြစ်တခုပါပေပဲ။ လူအဖြစ် ရှုံးနေသော နိုင်ငံရေးသမားက ပြောင်းလဲမှုတခုအတွက် နိုင်ငံရေး လုပ်တယ်ဆိုတာ မဖြစ်နိုင်တော့ပါ။ ခေါင်းကိုင်ခြင်း ပြုခဲ့သော စစ်တပ်၏ အကျိုးပြုရန်အတွက်သာ လုပ်ဆောင်နေရသည်ဟု လူတိုင်း သိမြင်နေပါတယ်။

ဦးသုဝေ ပြောဆိုခဲ့သော တပ်မှူးကောင်းတို့သည် စံနစ်တကျ ဆုတ်ခွာတတ်သည် စကားဟာ ဗိုလ်သန်းရွှေတို့ အာဏာရှင်တစုအား ရည်ညွှန်း ပြောဆိုခဲ့သော်လည်း လက်တွေ့မှာ အင်န်အယ်ဒီ ဥက္ကဌကြီးဖြစ်သော စစ်ဗိုလ်ထွက် ဦးအောင်ရွှေကို ပြောနေသယောင် ဖြစ်လာနေ၏။ အင်န်အယ်ဒီ ပါတီကြီးကို ထိုတပ်မှူးကြီးက စံနစ်တကျ ဆုတ်ခွာ စုတ်ပြတ်အောင် ကြံရွယ်နေဟု ခံစားမိနေသည်။ ပါတီရပ်တည်မှုဆိုပဲ.. အကြောင်းပြချက်က လှပ။ ဒီနေရာမှာ ဘယ်သို့သော အနေအထားရောက်ရောက် နိုင်ငံရေး ရှိနေရမည်လို့ ဦးဝင်းတင် ပြောဆိုခဲ့သော စကားတခွန်းက မှတ်သားလောက်ပါပေ့၊ ဦးဝင်းတင် ကဲ့သိုသော သဘောထား အမှန်ရှိတဲ့ မျိုးချစ်များ အင်န်အယ်ဒီ ဦးဆောင်အဖွဲ့မှာ အများအပြား ရှိနေခဲ့လျှင် န.အ.ဖသည် ယခုကဲ့သို့ ကစားနိုင်လိမ့်မည် မဟုတ်။ ဦးဝင်းတင် ပြောခဲ့သလို ပါတီ မရှိလဲ ဘာမှမဖြစ်၊ တူညီသော နိုင်ငံရေး ရည်မှန်းချက် ရှိလျှင် စစ်မှန်တဲ့ ပါတီဆိုတာ တချိန်ချိန်မှာ အမှန်တကယ် ပေါ်ပေါက် လာစမြဲပါ။ တကယ်ဖြစ်ရမှာက နိုင်ငံရေး အနေအထားရ ပါတီရပ်တည်မှုကို မစဉ်းစားပဲ၊ န.အ.ဖ ၏ ရွေးကောက်ပွဲ ဥပဒေအရ ပါတီ ဖျက်သိမ်းခံရလည်း အကြောင်းမဟုတ်၊ အချင်းချင်း ညီညွတ်နေပြီး မြေအောက်အသွင်အဖြင့် လှုပ်ရှားရမည် ဖြစ်သည်။ ဒါလည်း ရှိရင်းစွဲရှိသော ပါတီဝင်များ ဥမကွဲ သိုက်မပျက်ဖြင့် တဘက်ရန်သူ၏ သပ်လျှိုမှုကို လိမ်မာပါးနပ်စွာ ရှောင်ရှားရင်း လိုအပ်လာလျှင် မိမိတို့ မိခင်ပါတီကို မည်သည့် အချိန်မဆို ပြန်လည် ဖွဲ့စည်းနိုင်ရမည်။

ဘီဘီစီက အင်တာဗျူးတခုမှ ဒေါက်တာ သန်းငြိမ်း ပြောဆိုတဲ့ လေသံအရ အင်န်အယ်ဒီ ဗဟို လူကြီးများအကြား ပါတီ ရပ်တည်မှု အတွက် ရွေးကောက်ပွဲ မတရားဥပဒေကို လက်ခံတဲ့ အရေအတွက်က များနေသလိုလို ၊ သူပြောတဲ့ပုံက လက်မခံရင် ထွက်ပေါ့တဲ့။ အင်း .. ရွှေဂုံတိုင် ကြေညာချက်ကို ဘယ်ချောက်ထဲ ပစ်ချလိုက်သလဲ ပြောရ မေးရမလိုပင်။ ပါတီရဲ့ အခြေခံမူဝါဒ ဖြစ်သော မတရားသော အမိန့်မှန်သမျှ ဖီဆန်ကျ ဆိုတဲ့အရာက ဘယ်နား ချောင်ထိုးလိုက်သလဲ။ တတ်နိုင်လွန်းပါတယ် အာဏာမဲ့ လွှတ်တော်အမတ်ကြီး ဒေါက်တာရယ်… ဒေါက်တာကြီးတို့ အနှစ် ၂၀လုံး ပါတီအတွက် ဒုက္ခခံလာတာ လေးစားပါ၏။ ဒီလို အတွေးအခေါ်မျိုးနှင့် အခုကတည်းက နိုင်ငံရေး ဆက်မလုပ်ပဲ အနားယူလိုက်ရင် မျိုးဆက်တခုလုံး ဂုဏ်ရှိနေပါဦးမယ်။ စစ်တပ်က အနှစ် ၂၀ လုံး နှိပ်ကွပ်လာခဲ့တာလေ။ ရွေးကောက်ပွဲ ဥပဒေကို လက်ခံပြီး ပါတီရပ်တည်မှု မူချ၍ ဆက်လှုပ်ရှားရင်လဲ ထညှက် ခွေးရက်သလို လုံးပါး ပါးအောင် ဗိုလ်သန်းရွှေတို့က အဆုံးစွန်အထိ နှိပ်ကွပ်မယ်ဆိုတာ မသိဘူးလား ဒေါက်တာကြီးရယ် ဟုသာ မေးလိုက် ချင်သည်။ လုပ်ရမှာက အခု အနေအထားအရ ပါတီတခုလုံး အတွက် အနာဂါတ်ဖြစ်သည့် အတွက် လက်တဆုပ်စာ ဗဟို လူကြီးလောက်နဲ့ မဲခွဲဆုံးဖြတ်လို့ မရပါ။ တနိုင်ငံလုံးမှာ ရှိတဲ့ အောက်ခြေအဆင့်ထိ ချပြ ဆွေးနွေး  သဘောထားကောက်ယူပြီး ပါတီအဖွဲ့ဝင် အားလုံး မဲဆန္ဒဖြင့် ဆုံးဖြတ် နိုင်မှာသာလျှင် သင့်တော်ပါလိမ့်မည်။

လာပြန်ချေသေးသည်.. တချို့များကလဲ ရွေးကောက်ပွဲကို ဝင်ချင်လို့ ဝင်တာ မဟုတ်ဘူးတဲ့၊ စစ်တပ်က အာဏာယူမှာ စိုးလို့ပါ ဆိုကြသတဲ့၊ အကြောင်းပြချက်က ကြားရသူအပေါင်း နင်နှာစေးတာ ငါသိပါတယ် မဲ့ပြံုးပြံုးရတဲ့ အဖြစ်မျိုးပေါ့၊ ၂၅ ရာနှုံး အမတ်ရယ်၊ စစ်ဦးချုပ်ရဲ့ ရာသက်ပန် ဗီတိုအာဏာရယ် နှင့် စစ်တပ် ကျောထောက် နောက်ခံ ပါတီတို့ကို ကျော်လွန်ပြီး ပြောင်းလဲနိုင်ပါ့ မလား..စစ်တပ် အာဏာကို ထိန်းညှိ ထိန်းချုပ်နိုင်မယ် မထင်၊ ဗိုလ်နေဝင်းက ပျိုးထောင် ပေးလိုက်တဲ့ စစ်တပ်လွမ်းမိုးမှု အတွေးအခေါ်ဟာ တက်လာတဲ့ စစ်တပ်အကြီးအကဲများ လက်ဆင့်ကမ်းပြီး သမိုင်းပေး တာဝန်အရကို လုပ်ဆောင်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်တပ်က အကြွှင်းမဲ့ အာဏာကို ရာသက်ပန် ဆုပ်ကိုင်နေတယ်။ ဒါကို သိလျက် တကယ်လို့ ရွေးကောက်ပွဲ ဝင်မပြိုင်ရင် စစ်တပ်အာဏာ သက်ဆိုးရှည်သွားမယ် ဆိုကြတယ်၊ လမ်းပြမြေပုံ ရ ချက်၊ ၂၀၀၈ အခြေခံဥပဒေ တို့ဟာ စစ်တပ်ကြီးစိုးရေး မူဝါဒများနှင့် ကိုယ့်သဘောနဲ့ ကိုယ်ရေးဆွဲထားတာ သိလျက်နဲ့ မျက်မှန်စိမ်း တပ်ပြီး လွှတ်တော်အမတ် ရောဂါ ထနေတဲ့ သူတွေလဲ တွေ့ရ သပဗျ။ ဒါမျိုးတွေက နေရာတိုင်းမှာ ရှိပါတယ်။ ထရိုဂျင်း ဖျက်မြင်းလို့ ခေါ်တယ်၊ နိုင်ငံရေး ဖျက်မြင်းတွေ လို့ ခေါ်စမှတ် ပြုရမှာပါ။

တချို့ကလဲ နိုင်ငံရေးသမားကို ဘော်လုံးလောကရဲ့ ဘောကန်သမားနှင့် နှိုင်းလိုက နှိုင််း၊ ငကန်းသေရင် ငစွေပေါ်မယ်တဲ့.. ဘော်လုံးကစားနည်းက လျင်မြန်မှု ကြံခိုင်မှုဆိုတဲ့ ကာယကို အခြေခံပြီး ကစားတာပါ၊ နိုင်ငံရေးမှာ ခေါင်းဆောင်ဆိုတာက စိတ်ဓါတ်အင်အား ကောင်းမွန်မှ ကစားရတယ်ဆိုတာ မှတ်ထားသင့်တယ်။ ဘော်လုံးကစားရင်း ဒိုင်ဗင်ထိုးလို့ ပိရိရင် ဒိုင်လူကြီးက ပယ်နတီ ကန်ခွင့်ပေးပြီး တပွဲစာပဲ အနိုင် ရနိုင်တယ်။ ဒါပေမဲ့ ပွဲကြည့် ပရိသတ်တွေရဲဲ့ မျက်လုံး ထောင်ပေါင်းများစွာက အမှားမှန်ကို ဆုံးဖြတ်နိုင်ပါတယ်။ နိုင်ငံရေးမှာ ဒိုင်ဗင်ထိုးလို့ မရပါ။ စိတ်ဓါတ်အင်အားဟု ဆိုရာဝယ် တခေတ်တခါက စစ်မှုထမ်းတိုင်း လေးစားရပြီး သူရသတ္တိနှင့် ပြည့်စုံသော ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး တောင် ယောကျင်္ားရင့်မာကြီး ဖြစ်လျက်နဲ့ ဒီပဲယင်း လုပ်ကြံမှုအတွင်း သူမရဲ့ စိတ်ဓါတ်အင်အားကို ကြိတ်မှိတ်ပြီး လေးစားခဲ့ရတာပါ၊ သေနတ် မောင်းထိုးပြီး ပစ်မိန့်ကို စောင့်နေတဲ့ တပ်တတပ်၏ သတ်ကွင်းအတွင်း ဖြတ်လျှောက်ရဲ့တဲ့ စိတ်ဓါတ် အင်အားက အမိန့်ပေးမဲ့ တပ်မှူးတယောက်၏ စိတ်ဓါတ်အား ခြောက်ခြား သွားစေလောက်တဲ့ စိတ်အင်အား ပိုင်ရှင်ဟာ ကလေးကလား ဘော်လုံးသမားနဲ့ နှိုင်းစရာလား ဟဲ့.. ဟုတ်ပါ့မလား မောင်ကာလု ရဲ့လို့ ပြောရမလို၊ မှတ်သား လောက်ပါ၏။ ဂန္ထဝင် ဘော်လုံးသမား ပီလီ သားက ပီလီလို ဘော်လုံးနဲ့ ကမ္ဘာ မကျော်နိုင်ပါ၊ သေခြာတာက နိုင်ငံရေးဆိုတာ မျိုးရိုးနဲ့ လာပါတယ်။

ယခုပဲ​ ကြည့်ပါလေ.. စစ်တပ်က ၆၂ ခုနှစ်ကနေ ၈၈ အထိ တိုင်းပြည်ကို ဆင်ရဲခြင်းဂုဏ် ပြုလုပ်ပေးလိုက်တာ လူတိုင်းအသိ၊ ဒါကို မှား၏ မြင်လို့ ပြည်သူအားလုံး ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ဦးဆောင်မှုကို ရှုတ်ချ ဖြုတ်ချခဲ့တယ်။ ဒါကို နောက်တက်လာတဲ့ စစ်ဗိုလ်တွေက စစ်တပ်ဦးဆောင်မှု ရာသက်ပန် ထပ်မံယူမယ်လို့ လက်နက်အားကိုးပြီး စည်းကမ်းပြည်ဝ ဆိုတဲ့ ခြောက်လုံးဒီမိုကရေစီ တည်ဆောက်မယ်လို့ ကြေညာခဲ့တယ်။ ပြည်သူတိုင်းအသိ၊ စစ်တပ်ကို ဖျက်ပယ်ဖို့ မဟုတ်ပါ၊ စစ်တပ်ဟာ ဗမာ့နိုင်ငံရေးအတွင်း အတွေ့အကြုံတွေ ရှိခဲ့ဆိုတာ လက်ခံတယ်။ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တာကိုလဲ လက်ခံ၏။ ဒါပေမဲ့ စစ်သားဟာ စစ်တန်းလျားကနေ တိုင်းပြည်ရန်စွယ်များကို ကာကွယ်ပေးရမှာကို လွှတ်တော်ထဲ အထိ သေနတ်ခါးကြား ထိုးပြီး ဝင်ရောက် စွက်ဖက်နေတာကိုက လက်ခံနိုင်စရာ မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတောင် ပြောခဲ့တာပဲ နိုင်ငံရေး လုပ်ချင်ရင် စစ်တပ်က ထွက်ရမယ်လို့ .. သူလဲ အပြောနဲ့ အလုပ်ညီစွာ နိုင်ငံရေးလောကကို ဖြတ်သန်းခဲ့တယ်။ အနီးဆုံး ထိုင်းနိုင်ငံ စစ်တပ်ကို ကြည့်ပါ၊ အရေးကြုံရင် ပြည်သူ့အကျိုးအတွက် ကာကွယ် လုပ်ဆောင်နေတာပဲ၊ စစ်တပ်က ငါ့မှာ သေနတ်အာဏာ ရှိတယ်ဆိုပြီး တလွဲတွေ မလုပ်ပါ၊ စစ်တန်းလျားမှာပဲ နေပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတယ်။ ဒါကို ဒိုင်ဗင် နိုင်ငံရေးသမားတွေက မှားနေတာကို အမှန်ဖြစ်အောင် နည်းပေါင်းစုံဖြင့် အကွင်ဆင်ပြီး ငါ့စကား နွားရ မှန်သယောင်ယောင် ပြောဆို လာနေသည်မှာ ရင်လေးရပါ၏။ လူဘဝလေး တဘဝစာ ရှင်သန်ဖို့အတွက် လိမ်ပေးနေရတာ မြန်မာပြည်မှာ လူအဖြစ် ရှုံးနေရပါလား… မှားနေတာကို သိလျက်နဲ့ လက်ခံပြီး နားထောင်ပေးနေတဲ့ သူကို ……..ငဘ့ လို့ ခေါ်တယ်ကွယ့်။ အခုကတော့ နားထောင်ပေးယုံမက ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက်စွာ စစ်တပ်အလိုကျ သံယောင် လိုက်နေတာက စိတ်ပျက်ဖွယ်ရာ။

မည်သို့ပင် ဆိုစေကာမူ ဒိုင်ဗင် နိုင်ငံရေးသမားပဲ ဖြစ်ဖြစ်၊ အနှစ် ၂၀လုံး ကိုယ်ကျိုးစွန့် လာတာပဲ ဖြစ်ဖြစ် မိမိတို့ သည် ဘော်လုံးကွင်း ကဲ့သို့သော ကွင်းတခု အတွင်းမှာ ကစား နေသည်ကို သန်းပေါင်း များစွာသော ပွဲကြည့် ပရိတ်သတ်ဖြစ်သော မြန်မာလူမျိုးများ အားပေး ကြည့်ရှု့သဖြင့် မိမိတို့ ဆုံးဖြတ်ချက် ပြုလုပ်ချက်ဟာ မှားယွင်းခဲ့သည် ရှိသော်….

အကြင် ထိုသူ … တဖန် ထို အသင်းအပင်း အဖွဲ့သည် ဂဠုန် ဦးစော လို ညစ်ညမ်းသော မြန်မာ့သမိုင်း စာမျက်နှာတွင် မော်ကွန်းသစ် ရေးထိုးခံရမည်မှာ မြေကြီး လက်ခတ်မလွဲ….ပင်။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ….

LEAVE A REPLY

Please enter your comment!
Please enter your name here