တရုတ်နိုင်ငံ ကျောင်းတခုအတွင်း ဝင်ရောက် ရမ်းကား သတ်ဖြတ်ခဲ့သူ ဆရာဝန်အား ဖမ်းဆီးမိ

alt

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်းတခုတွင် ဝင်ရောက်ရမ်းကား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူ တဦးအား ရဲများက ဖမ်းဆီး ထားလိုက်သည်။

ယင်း လက်ချက်ကြောင့် ကျောင်းမှ ကလေး(၈)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာများ ရရှိခဲ့သည်။ နိုင်ငံ အရှေ့ပိုင်း ဖူဂျီအန်းတွင် မတ်လ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ဆက်စပ်နေသည်ဟု ယူဆရသော ဇန်မင်ရှန်း အမည်ရှိ အမျိုးသားတဦးကို မိမိတို့ ဖမ်းဆီးထားပြီဟု ရဲတပ်ဖွဲ့က ကြေညာသည်။

ကလေးများကို ရက်ရက်စက်စက် ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု ယူဆရသော ဇန်သည် ယခင်က နန်ပင်းမြို့မှ ဆရာဝန်တဦး ဖြစ်ခဲ့သည်။ (၁၉၆၈)ခုနှစ်၊ ဧပြီလက ဖွားမြင်သော ဇန်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာ များ ရှိသူဟူသော မှတ်တမ်းဟောင်းများ ပိုင်ဆိုင်ထားသည်။ ၎င်းသည် ဇာတိမြို့ နန်ပင်းရှိ ဆေးခန်းတခု တွင် အလုပ် လုပ်ခဲ့သေးသော်လည်း (၂၀၀၉)ခုနှစ်၊ ဇွန်လက အလုပ်ထုတ် ခံခဲ့ရသည်။

မတ်လ (၂၃)ရက်နေ့ နံနက် အစောပိုင်းက နန်ပင်း မူလတန်း လက်တွေ့ သင်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် ကလေးများ ကျောင်းလာတက်သည့် စုစု ဝေးဝေး အချိန်တွင် ဖြစ်ပေါ်လာခြင်းဟု သိရှိရသည်။ ကလေးများအား ရက်ရက်စက်စက် သတ်ဖြတ် နေသူသည် ကျောင်းလုံခြံုရေး အစောင့်တဦး၏ ဝင်ရောက်စွန့်စား ဖမ်းဆီး မှုကို ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့သို့ ဖုန်းဆက် သတင်းပေးခဲ့သည့် အနီးရှိ ဆိုင်ပိုင်ရှင် ဝေဂျီချွန်က သတင်းထောက် များအား ပြောကြားခဲ့သည်။

ဖြစ်စဉ် ပေါ်ပေါက်လာပြီး နောက် ကျောင်းကို ပိတ်ထား လိုက်ရသလို ကလေးများ အားလုံးကိုလည်း မိသားစု အသီးသီးက အိမ်ပြန်ခေါ်သွားကြောင်း သိရှိရသည်။ ဒဏ်ရာရ သွားသည့် ကလေးများမှာ ယခုအခါ ဆေးရုံတွင် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဖြစ်ရပ် အသေးစိတ်အား စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here