ပီဖင်းဂိုးလ်လေး ဒိုင်ယာရီ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မီးမမှန် အပူဒါဏ်နဲ့ စီးပွားကျ ရန်တွေကြောင့် ပီဖင်းဂိုးလ်လေး ကျုပ်မှာ ဒိုင်ယာရီတောင် မှန်အောင် မရေးနိုင်ခဲ့ပါ။ ပြည်တွင်းက ကြပ်တည်း ဖိစီးလှတဲ့ လူနေမှုတွေ အကြား ဖြစ်သလို ရုန်းကန်နေရတဲ့ ပီဖင်းဂိုးလ်လေး ကျုပ်ဘဝ ကို စာနာပေးပါလို့ မိတ်ဆွေတွေကို တောင်းပန်လိုက်တယ် … ဗျာ။

ဒိုင်ယာရီ စာမျက်နှာလေးမှာ မှင်စုတ်ချက် မတို့နိုင်ပေမယ့် ပီဖင်းဂိုးလ်နဲ့ ထိတွေ့နေရတဲ့ နေ့စဉ် မြန်မာ့လူနေမှု အကြောင်းတွေထဲက မမေ့ရက်စရာ။ အံ့ဩ မှင်သက်စရာ ၊ သနားစရာ၊ မယုံနိုင်လောက်အောင် နာကျည်းစရာတွေ ကတော့ ရင်နဲ့အမျှပါပဲ … ဗျာ။ ပြောပြချင်လိုက်တာ ရေးချင်လိုက်တာ ပြောမနေပါနဲ့တော့။

ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးက အရင်လို တနေကုန်မှ ၁ နာရီပဲ ပေးတော့တာ မဟုတ်ဘူး။ တိုးတက်လာတယ် ပြောရမယ်ပေါ့။ တနေ့ကို ၃နာရီလောက်တော့ ပြန်ပေးလာတယ်။ ဒါပေမယ့် တနေကုန် မရသေးတာ ကတော့ အရင်အတိုင်းပါပဲ။ ဒါကြောင့်မို့ ပီဖင်းဂိုးလ်လေး အလုပ် ပိုလုပ်ဖြစ်လာတာပါ။ မနေ့ကလေ ၊ မနေ့က၊ ပီဖင်းဂိုးလ်လေး ကျုပ် ခမျာ မှာ အတော် အံ့အားသင့်ရတဲ့ မိသားစု တစု အကြောင်းကို ကြားခဲ့ရတယ်။ စိတ်မကောင်းစွာနဲ့ပဲ သူတို့ နှစ်ဦးအကြားကို စကားသံလေးတွေ စီးဆင်း ပေးခဲ့ရတယ်။

တူ ….. တူ တီးလုံးသံလေး အဆုံး ဖုန်းဝင်သွားတာနဲ့ ကျူပ်တို့ မြန်မာပြည်ကနေ ပြည်ပနိုင်ငံ တခုကို ဖုန်းခေါ်တဲ့ အမျိုးသမီးက ဝမ်းသာ ဝမ်းနည်းသံကြီးနဲ့ (စ) ငိုတော့တာပဲ။ “ အောင်မလေး…… ကိုသန်းရွှေရဲ့ ( စကားမစပ် မှတ်ချက်။ ။ နာမည် အရင်းတော့ မရေးပါဘူးဗျာ။ ကျုပ်နေတဲ့ ဘေးအိမ်မှာ သူ့အိမ်အဝင် ခြေသုတ်ဖုံအောက် အဲဒီ ဦးသန်းရွှေဆိုတဲ့ လူဓါတ်ပုံ ဖြန့်ခင်းထားတယ် … ဗျ၊ အိမ် အဝင် အထွက်တိုင်း ဖနှောင့်နဲ့ ဆောင့်နင်း သွားချင် ရလောက်အောင် လူမုန်းများတဲ့ လူတယောက် နာမည်ကို အစားထိုး ရေးပေးလိုက်ထှာ … ပြည်သူလဲ သူတတ်နိုင်တဲ့ ဖက်ကပေါ့ …ဟုတ်စ) ကိုသန်းရွှေ .. ရှင် ရက်စက် လှချည်လားရှင် ရှင် လူရော ဟုတ်ရဲ့လား။ ကျုပ်ဖုန်းခေါ်နေတာ လ ချီနေပြီ။ တခါမှ မကိုင်ခဲ့ဖူး။ အခုမှ ဘာလို့ ကိုင်တာလဲတော့ ….. ဟီးဟီး ……. ဘာမှ လာရှင်းပြမနေနဲ့ ကိုသန်းရွှေ။ ရှင် လူလိမ်၊ လူကောက်၊ လူမဟုတ်တဲ့ တိရိစ္ဆာန်် ကျုပ်ကို ယူထားပြီး ကလေးမွေးခိုင်း ပြီးတော့ ပစ်ထားတဲ့ လူယုတ်မာကြီး၊ အခု ဘာတွေ လုပ်နေလဲရှင့် ဟီးဟီး။ ” ဟိုဘက်က ဘာတွေပြန် ပြောသလဲတော့ ကျုပ်မပြောပြတော့ဘူး …… မာယာများတဲ့ ယောင်္ကျားတို့ ထုံးစံအတိုင်း လှီးလွှဲဖြီးဖြန်းတဲ့ အကြောင်းပြချက်တွေပဲ ဖြစ်မှာပေါ့။

“ ရှင်အခုဆို နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်သွားတာ ခြောက်နှစ်ကျော်ပြီ အိမ်က သားမယား အတွက် ပြန်ပို့တဲ့ ငွေ စုစုပေါင်းလို့မှ ဆယ့်ငါး သိန်းတောင် မရှိဘူး။ ခြောက်နှစ် ကြီးများတောင် သားမယားနဲ့ခွဲပြီး ရှာစားမှ ဒါလောက်ပဲ ရတယ်ဆို ကျုပ်တို့ ဘာနဲ့ သွားစားရတော့မလဲ။ အခုလည်း ကျုပ်ဘာသာ ကျုပ် ကြံုရာ ကျဘန်း လုပ်ကိုင်စားပြီး သားသမီးတွေကို ထမင်းကျွေးနေလို့ မငတ်တာ လူမိုက်ကြီးရဲ့ ဟင် .. ရှင့်မှာ နှမတွေ ရှိတာပဲ။ ရှင့်နှမကို တခြား ယောင်္ကျားတယောက်က ယူတယ်။ ထမင်းမကျွေး ပစ်ထားမယ် ဆိုရင် ရှင် ဘယ်လိုနေမတုန်း လူမိုက်ကြီး လူ့ တိရိစ္ဆာန်ကြီးရဲ့ ကိုယ်ချင်း စာနာ စိတ်ဆိုတာ မရှိတော့ဘူးလား။ သားသမီးတွေ မွေးထားတယ် ဆိုတာကိုရော သတိရသေးရဲ့လား။ ရှင့် သားသမီးတွေကို ရှင် သတိမရ နိုင်လောက်အောင် ရှင့်မယားငယ်နဲ့ အဲဒီမှာ ပျော်နေတယ်ဆိုတာ ကျူပ် သတင်းကြားပြီးသား ကိုသန်းရွှေ …. ။ မယားငယ် ယူဖို့ ရှင့်ကို နိုင်ငံခြား ပို့လိုက်တာ မဟုတ်ဘူး။ ညတိုင်း အရက်တွေ သောက်ပြီး မူးရူး ပျော်ပါးနေဖို့ အိမ်က ရှိစုမဲ့စုတွေ ပေါင်နှံရောင်းချပြီး နိုင်ငံခြားကို ပို့လိုက်တာ မဟုတ်ဘူး လူမိုက်ကြီးရဲ့…. ရှင့်သား၊ သမီးတွေ အနာဂတ် လူမွှေးသူမွှေး ပြောင်ဖို့ အရင်းအနှီးလေး ရလာ လေမလား ၊ စုမိ လာလေမလား ဆိုပြီး လွှတ်လိုက်မိတဲ့ ကျုပ် အမှားပါ ကိုသန်းရွှေရယ် ဟီး ဟီး……”။

အဲဒီအချိန် ဘေးနားက ထိုင်ခုံလေးပေါ်မှာ ထိုင်စောင့်နေတဲ့ အရွယ် မရောက်တရောက် ကလေးခမျာ ငိုမဲ့ ငိုမဲ့ပေါ့။ ကျုပ်လေ သူတို့ မိသားစု ဘဝကို ကိုယ်ချင်းစာမိတယ်။ အဖေမဲ့သား၊ ငွေမဲ့သား၊ ပညာမဲ့ သားလေး အနာဂတ် ဘယ်လိုပုံများ ဖြစ်လာမလိမ့် ကျုပ် သိပ်စိတ်ပူမိတယ်။ မြန်မာတွေ မိသားစု သံယောဇဉ် နည်းလာကြ သလား။ ဒါမှမဟုတ် လူသားစိတ်တွေပဲ ခမ်းခြောက် ကုန်ကြလေသလား ပေါ့။ တကယ်တမ်း သူတို့မိသားစု ဖြစ်စဉ်လေးတွေ ဆက်နားထောင်မိတော့ ပိုပြီးတောင် အံ့အားသင့် မိလာပါတယ်။ ဘယ်လိုမှ မထင်မှတ် နိုင်လောက်အောင် ကြင်နာတရား ခေါင်းပါးလွန်းတဲ့ ကလေး အဖေ ကိုသန်းရွှေ ဆိုသူကို အရမ်းကို စက်ဆုပ်လာမိတယ်။ ဒီလောက်တောင် အကြင်နာမဲ့ လှချည်လားပေါ့။ ခင်ဗျားတို့ မြန်မာ လူမျိုးတွေထဲ ဒီလို ဖခင်စိတ် ကင်းမဲ့လွန်းတဲ့ ယောင်္ကျားမျိုးတွေ ရှိလေသလား ပေါ့။

အခု ကျုပ် တွေ့မြင်ကြားသိ လိုက်ရတဲ့ ကိုသန်းရွှေဆိုတဲ့ လူကမှ ဘာပြောပြော ခြောက်နှစ်လောက် အတွင်းမှာ အိမ်က မိသားစု အတွက် ဆယ့်ငါးသိန်း လောက်တော့ ပြန်ပို့ပေးခဲ့ သေးတယ်။ သူနိုင်သလောက်တော့ မိသားစုကို လုပ်ကျွေးခဲ့သေးတယ်။ လူစိတ် နည်းနည်းတော့ ရှိခဲ့သေးတယ်ဗျာ။ နောက်ထပ် ရောက်လာတဲ့ အမျိုးသမီး တယောက်ကမှ ပိုပြီး သနားဖို့ ကောင်းတယ်ဆိုတာ သိရပြန်တော့ မြန်မာ လူမျိုးဆိုတဲ့ လူတွေထဲမှာ ဒီလို လူမျိုးတွေ ရှိနေပါလား ဆိုတာတွေးမိပြီး ကြက်သီး ထမိတယ်။ အော့နှလုံး နာမိတယ်ဗျာ။

နောက် တယောက်သော မြန်မာလူမျိုး နိုင်ငံခြားရောက် အလုပ်သမားကြီးက သူ့မိသားစု သူ့ဇနီးဆီကို ငွေလည်း မပို့ အဆက်သွယ်လည်း မလုပ်၊ ဘာ အကျိုးအကြောင်းမှ မပြန်၊ စာမရေး နေနိုင်ရက်လိုက်တာ ငါးနှစ် မက တော့ဘူး ဆိုဘဲ။ သူ့ဇနီးခမျာ သမီးလေး တယောက်နဲ့ စားရခက် နေရန်ခက် ဒုက္ခတွေ ရက်ဆက်ပြီး လောကဓံကို အကြမ်းတမ်းဆုံး ရင်ဆိုင်ရင်း သူ့ ယောင်္ကျားကို ဖုန်းဆက်သွယ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရ ရှာသတဲ့။ အဲဒီနိုင်ငံကို ရောက်နေတဲ့ နယ်သားတွေက တဆင့် သူ့ယောင်္ကျားရဲ့ ဖုန်းနံပတ်ကို ရအောင် တောင်း။ သေချာလောက်ပြီ ဆိုမှ အလုပ် ဆင်းချိန်ကို မှန်းပြီး နေ့တိုင်း လာခေါ်ရှာပေမယ့် စိမ်းကားရက်သူ ကိုရွှေမြန်မာ က သူ့မိန်းမ အသံကို ကြားတာနဲ့ ဖုန်း ချ ပစ်လိုက်တာ အကြိမ်ကြိမ်ပဲ။ ရက်စက် လွန်းလိုက်တာ ။ လူမဆန် လွန်းလိုက်တာလို့ ကျုပ်တွေးနေမိပါတယ်။

ကိုရွှေ မြန်မာတွေ ဒီလောက်တောင် အသိတရားတွေ ခေါင်းပါး ကုန်လေပြီလား။ ဒီလိုလူမျိုးတွေ များနေလို့များ ခင်ဗျားတို့ မြန်မာပြည် စစ်ကျွန်ဘဝ က မလွတ်သေးတာလား လို့ လေးလေးနက်နက်ကို တွေးနေ မိတော့တယ်။

စင်္ကာပူက ပီဖင်းဂိုးလ်

အယ်ဒီတာ စကား …..

ဤ ပီဖင်းဂိုးလ် ဖြစ်ရပ်မှန် ပင်ကိုယ်ရေး ဆောင်းပါးများအား ပြည်တွင်းမှ လူထုအသံ ပင်တိုင် ကလောင်ရှင် တဦး ရေးသား နေခြင်း ဖြစ်ပြီး၊ တလောဆီက ပြည်ပ မီဒီယာဝဘ်ဆိုဒ် ရိုးမ-၃ မှ လူထုအသံ မူပိုင် “ကြပ်နေတဲ့ တိုင်းပြည်က ချတ်နေသူ များ” ပီဖင်းဂိုးလ် ဆောင်းပါးအား ခွင့်တောင်းခံခြင်း အလျဉ်းမရှိပဲ စာရေးသူ အမည်သာ လှီးလွှဲ၍ ကျန်တာများ အားလုံး ထပ်တူ ကူးယူဖေါ်ပြ ခဲ့ပါသဖြင့်၊ ယင်းလုပ်ရပ်အား သိ၍ ဖြစ်စေ၊ မသိ၍ ဖြစ်စေ ယခုဆောင်းပါးနှင့် အတူ ပြည်တွင်းမှ ပီဖင်းဂိုးလ် ဆောင်းပါးများ ရေးသားသူ ကိုယ်စား လူထုအသံမှ ရှုတ်ချပါကြောင်း သိသာ စေအပ်ပါသည်။
                                                         ဒူကဘာ ( အယ်ဒီတာ )

LEAVE A REPLY

Please enter your comment!
Please enter your name here