သူ ….. ထရိုဂျန်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အားလုံးကို အဆုံးအဖြတ် ပေးတော့မယ့် ည လွင်ပြင်ကျယ်။ အမှောင် ခပ်နက်နက် ထဲမှာ ဓား၊ လှံ လက်နက် အပြည့်နှင့် စစ်မက်တကျိပ် မြင်းရုပ်ထုကြီးထဲ ဝင်အပြီး၊ အပြင်က ကျန်ရှိသူ တစုက ရုပ်ထုကြီးရဲ့ လျှို့ဝှက်တံခါးကို ပိတ်လိုက်သည်။

ကံကောင်းပါစေဟု စစ်နတ်ဘုရားထံ ပါးစပ်က ရွတ်ဖတ် ဆုတောင်းသံများက ညယံရဲ့အမှောင်ကို တိတ်ဆိတ်ခြင်း နဲ ့အတူ အေသင် တို့ရဲ့ ကြီးမြတ်ခြင်းကို ကောင်းချီး ပေးကြသည်။

ကျောင်းစာထဲက သမိုင်း

မနေ့ မနက်ကမှ စစ်သည် စစ်သားတို့ဖြင့် ဖွေးဖွေးလှုပ်နေသော စစ်မြေပြင်ကို၊ ဒီနေ့ မနက်မှာ အရာခပ်သိမ်း ကင်းမဲ့စွာ တွေ့ရတာကိုက ထရွိုင်မြို့သားတို့ မယုံနိုင် လောက်အောင် ဖြစ်ရသည်။ ၁လ ကျော်ကြာ ပိတ်ထားခဲ့သော မြို့တံခါးကို ပထမဆုံးအကြိမ် ထရွိုင်မြို့တော်စောင့်က ဖွင့်လိုက်သည်။ ရန်သူတွေ ကျန်ရှိနေခဲ့သော မြင်းရုပ်ထုကြီး ကို ထိုမြို့သားတို့မြို့ အတွင်းထဲသို့ ဆွဲယူခဲ့သည်။ နတ်ဘုရားတို့က ထရွိုင်အတွက် ကောင်းသော နိမိတ် ထားခဲ့ခြင်းပေါ့။ ကံကောင်းပါစေပေါ့။

အဲဒီညမှာပဲ အလုံးစုံ ပျက်သုဉ်းခြင်းသည် မြို့တော်ကို တံခါးခေါက်ခဲ့ ချေပြီ။ ရာစုနှစ်ချီသော ဂရိစ်မြို့ ပြများရဲ့ သူရဲကောင်းတို့ စီးချင်းထိုးမှုများ နှင့် အတူ ထရွိုင်တို ့ကျဆုံးခဲ့ပြီ။ ဂရိစ်မြို့ပြ စစ်မျက်နှာများမှာ နာမည်တလုံးနှင့် ရှိခဲ့သော ထရွိုင်၊ မည်သို့သော အင်အားတို့ကမှ လာရောက် တိုက်ခိုက်၍ မရသော ထရွွိုင်၊ မြို့ကို လောင်တိုက်သွင်းသော မီးက အပိုလိုရဲ့ အလင်းကို တုပြိုင်ခဲ့သော ည။ ထရွိုင်မြို့ကြီး မီးထဲမှာ၊ သွေးတွေ… မီးထဲမှာ၊ ခလေးတွေ… မီးထဲမှာ၊ မိန်းမသားတွေ… မီးထဲမှာ၊ အားလုံး.. ခပ်သိမ်းသော အလုံးစုံ အားလုံး..မီးထဲမှာ ချုပ်ငြိမ်းရ/ကြသည်။

ရုပ်ရှင်ထဲက သမိုင်း

သူ၊ သူသည် ရာဇဝင်တပုဒ်။ ရာဇဝင်ထဲမှာ စပါတာတို့ရဲ့ ဘုရင် Menelaus of Sparta ရဲ့ ရူးသွပ်အောင်လှသော ဟဲယ်လန်ကို ခိုးပြေးသူပေါ့၊ အရပ်စကားဆို ကြာကူလီ ခေါ်မလားပဲ၊ သူ့ကြောင့် ဂရိစ်တို့ အားလုံး မကျေမနပ် ဖြစ်ရသည်။ စစ်သည်ငါးသောင်း၊ ရွက်တိုက်လှေ တထောင်ကျော် တို့နှင့်အတူ ဂရိစ်တို့ Mycenaen Agamemmon ဘုရင်ရဲ့ ကွပ်ကဲမှုအောက်မှာ ထရွိုင်ကို စစ်ချီစေခဲ့သည်။ ပင်လယ်ပြင်ပြာပြာ တကြောမှာ ရွက်လွှင့်ခဲ့သော စစ်တိုက်လှေများကို ကြည့်ရသည်မှာ ထရွိုင်တို ့အတွက် နိမိတ်မကောင်း။ အထူးသဖြင့် ထရွိုင်ဘုရင် ပရီယန် (Priam) ရဲ့သား၊ ပါရီမင်းသား (Paris) အဖို့ ရာဇဝင်အားလုံးရဲ့ တရားခံ ဖြစ်သင့်ခဲ့သည်။

ပုံပြင်တွေထဲက အာခီးလီး (Brad Pitt) ကို အခုမှ မြင်ခွင့်ရသည်။ အာခီးလီးဆိုတာ ဘုရားတဝက် လူသား။ အရာအားလုံးကို အောင်နိုင်သူ စစ်သူရဲ၊ မြန်တယ်၊ သန်တယ်၊ တိုက်ခိုက်မှုမှာ တဖက်ကမ်းခတ်တယ်။ အမေဖြစ်သူက ထရွိုင်ကို စစ်မထွက်မီ သတိပေးလိုက်သေးတယ်၊ ထရွိုင်ကိုမသွားဖို့။ ထရွိုင်ကိုသွားရင် သေဆုံးလိမ့်မည်။ သို့သော် အာခီးလီး ဒုတိယ စကားကိုပဲ ရွေးချယ်ခဲ့သည်။ လိုချင်တာက နှစ်ပေါင်း ထောင်နှင့်ချီပြီး လူသားတို့ရဲ့ နှုတ်ခမ်းဖျားမှာ ကျန်ခဲ့မယ့် ရာဇဝင်ထဲက အာခီးလီး။ စစ်တိုက်လှေများ ကုန်းမြေစပ်ကို ဆိုက်သည်နှင့် မြို့ရိုးပေါ်မှ ပစ်ချလိုက်တဲ့ မြှားတို့က ဂရိစ် စစ်သည်တို့ကို အတုံးအရုံး။ ဒါကို အာခီးလီးက မြို့ရံတပ်တွေကို သုတ်သင်ပြီး ထရွိုင်မြို့တော်ကို ဝန်းရံခဲ့သည်။ ထရွိုင်ဘုရင်ရဲ့ သားကြီးမင်းသား ဟက်တာ (Hector) ကို စီးချင်းထိုးပြီး သုတ်သင်ခဲ့သည်။ မရ။ ညီညွတ်သော မြို့သားများ။ စုစည်းသော မြို့သားများ။ ခိုင်ခန့်သော မြို့ရိုးတို့က ထရွိုင်ရဲ့ ကြီးမြတ်မှုကို သက်သေပြ နေကြသည်။

အမှောင် လွန်ကဲသောညမှာ အာခီးလီး ကြီးကြပ်တဲ့ ရဲမက်တို့ မြင်းရုပ်ထုကြီးထဲမှာ ပုန်းအောင်း နေလိုက်ကြသည်။ ရုပ်ထုကြီးကို ပင်လယ် သဲသောင်ပြင်မှာ ဒီအတိုင်းချန်ခဲ့ပြီး ဂရိစ်တပ်ကြီး တခုလုံးကို ပင်လယ်ပြင်ကြီးထဲမှာ ဖျောက်လိုက်တာ မြင်နေရတာ ပက်ပက်စက်စက် သေဆုံးတော့မဲ့ လူတယောက်ရဲ့ ဘဝကို ကြိုမြင်ခွင့်ရှိတဲ့ သူတယောက်ရဲ့ ခံစားမှုကို ခံစားလိုက်ရသလို။ မနက်မှာ ထရွိုင်ဘုရင်နှင့် ကျန်ရှိသူ သားငယ်၊ ပုရောဟိတ် ဆရာနှင့် နောက်ရံတချို့ မြို့စောင့်ရဲ့ သတင်း ပေးချက်အရ မြို့တော်တံခါးကို ဖွင့်ပေးပြီး ပင်လယ် သဲသောင်တဆုံးကို ကြည့်လိုက်သည်။ ပျော်သွားတာလား။ ရင်၌အမောတို့ ပျောက်ဆုံး သွားတာလား။ မနေ့ည အထိ ပင်လယ်ပြင်ပေါ်နဲ့ သဲသောင်ပြင်မှာ ဖွေးဖွေးလှုပ် ရှိနေခဲ့သော ဂရိ(စ်) ရဲမက်တို့ ညတွင်းချင်း ပျောက်ဆုံးသွားခြင်းသည် ထရွိုင်ဘုရင် ပရီယန် အဖို့ ကံကောင်းခြင်းတခု၊ ကံကောင်းပါစေပေါ့။

သားဖြစ်သူ မင်းသားငယ်က သောင်ပြင်ပေါ်ကျန်ရှိတဲ့ မြင်းရုပ်ကြီးကို မီးရှို့ဖိုု့ တိုက်တွန်းကြသည်။ ဖခင်ဖြစ်သူနှင့် ပုရောဟိတ်ဆရာက မြင်းရုပ်ကြီးသည် ထရွိုင်အတွက် နိမိတ်ကောင်း ဖြစ်ကြောင်း။ လက်ဆောင်မွန် ဖြစ်သော မြင်းရုပ်ကြီး ကို မီးရှို ့ခြင်းဖြင့် အပိုလို နတ်ဘုရားက မကြိုက်ကြောင်း။ လူများနှင့်ဆွဲ၍ မြို့တွင်းသို့ ့သွင်းလျှင် ကံကောင်းစေမည် ပေါ့လေ။ အဲဒီလို ဂရိ(စ်) ကောင်းကင်တခွင် မှောင်မဲနေတဲ့ ညမှပဲ အာခီးလီးနဲ့ ရဲမက်တို့ ့မြင်းရုပ်ကြီးရဲ့ လျှို့ဝှက်တံခါးကို ဖွင့်လို့ မြို့စောင့်တပ်ကို ဝင်စီးပြီးမြို့ တံခါးကို ဖွင့်လိုက်တယ် ဆိုယင်ပဲ ထရွိုင်မြို့ကြီး တခုလုံး မီးလုံးတွေနှင့် ဖုံးလေတော့သည်။ ထရွိုင်မြို့ကြီး မီးထဲမှာ။ သွေးတွေ မီးထဲမှာ။ ခလေးတွေ မီးထဲမှာ။ မိန်းမသားတွေ မီးထဲမှာ။ ဘုရင်တွေ အားလုံး မီးထဲမှာ။ အာခီးလီးလဲ မီးထဲမှာလေ။

မြန်မာနိုင်ငံ အရေးတော်ပုံက ပြောသော သမိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်သည်၊ ၁၉၈၈ ခုနှစ်၊ မ.ဆ.လ အစိုးရကို ဖြိုဖျက်ခဲ့နိုင် သော်ငြား၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ် အာဏာသိမ်းမှုကြောင့် ခေတ္တခဏ ရပ်တန့်ခဲ့သော အင်အားတို့၏ စုစည်းရာ အရေးတော်ပုံ ပါတီကြီးတရပ် ဖြစ်ခဲ့သည်။ ပါတီထဲမှာ တတ်.သိ.ပညာရှင်များ၊ စစ်မှုထမ်းဟောင်းများ၊ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားများ ပါဝင်ကြသည်။ ပါတီသည် အင်အားကြီးသည်။ အင်အားကြီးသော ပါတီကို မြန်မာ အမျိုးသား လွတ်လပ်ရေး ခေါင်းဆောင် ၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့သည်။ ရှုမြင်သမျှ ပြောရလျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုတာ အရေးတော်ပုံနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်က မွေးဖွားလိုုက်သော ပါတီလို့ ပြော၍ရသည်။ ပါတီဟာ ပြည်သူလူထု ရည်မျှော်သော ဒီမိုကရေစီ လူမှုအဖွဲ့အစည်းကို ပန်းတိုင်ထား၍ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီတခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

သို့သော်တဖက်မှာ ပါတီရင်ဆိုင် ရသော ရန်သူကလည်း ကမ္ဘာမှာ အရက်စက် အယုတ်မာဆုံး၊ အကြမ်းကြုတ်ဆုံးသော စစ်ဘီးလူးတို့ ဖြစ်သည်။ ပါတီနှင့် ပြည်သူကို ရေသပ်သပ် ငါးသပ်သပ် ခွဲဖို့လုပ်သည်။ ပထမဆုံး ပြည်သူရဲ့ အင်အားဖြစ်တဲ့ အန်တီစုကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးသည်။ အန်တီစုနှင့် တူညီတဲ့ ခံယူချက်ရှိသူများ၊ အမာခံများကို ထောင်သွင်း အကျဉ်းချထား လိုက်သည်။ တချို့ကို တောချောက်သလို ပြည်ပကို မောင်းထုတ်သည်။ ဒီလောက်ပဲလား။ ဒီလောက်နှင့်တော့ မပြီးဆိုတာကို ဗျူဟာပိုင်းအရ န.အ.ဖ စစ်အစိုးရ သိသည်။ ဒီအချိန်က သန်း၄၀ဆယ်ကျော် ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုကို ရရှိထားသော ပါတီ၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရရှိထားသော ပါတီ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပါတီများကို နောက်ကောက်ချ၍ အနိုင် ရရှိထားသော ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူအမြဲ လှုပ်ရှား တက်ကြွနေသော ပါတီကို အခုလိုဖမ်းဆီး၊ ထောင်ချ၊ သတ်ပြ လိုက်ယုံနှင့် အောင်ပွဲ မခံနိုင်ဆိုတာကို န.အ.ဖ တပ်အပ်သိသည်။

ဒီတော့ န.အ.ဖတို့ မြင်းရုပ်ထုကြီးကိုု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းပိုင်းကို ထည့်သွင်းဖို့ ကြံစည် ကြတော့သည်။ ဒီမှာ စစ်သားဟောင်းကြီး ဦးအောင်ရွှေကို စစ်အစိုးရက တွေ့ဆုံသည်။ အန်တီစုကို ရမယ်ရှာပြီး ဖမ်းချုပ်သည့် သကာလ ယူနီဖေါင်းချွတ် ဦးအောင်ရွှေနှင့် ကျန်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနှစ်၂၀ လုံးလုံး HIV ရောဂါရသလို ရောဂါလက္ခဏာ မပြခင် တဖြည်းဖြည်းချင်း လုံးပါးပါးပြီး သေဆုံးနေခဲ့ ရချေသည်။ ထို့အပြင် ပါတီထဲက အမာခံ၊ တက်ကြွသူ မှန်သမျှကို ထုတ်ပစ်ခြင်း၊ စိတ်ဓာတ်ကျပြီး ပါတီက ထွက်သွားစေခြင်း၊ ထောင်ထဲ ရောက်ခြင်းတို့ဖြင့် ပါတီ၏ ဘဝကို ပရုပ်လုံး သဏ္ဍာန်နှင့် အဆုံးသတ်စေသည်။ အကြီးအမားဆုံး အမှားတခု မှာ အတိုက်ခံ ပါတီ ဖြစ်နေသည့် အလျှောက် ရှေ့မှ ဦးမဆောင်ပဲ စစ်အစိုးရ၏ Action မှန်သမျှ၏ အနောက်မှ Statement သာထုတ်၍ လိုက်နေခြင်းပင် ဖြစ်သည်။

သမိုင်း ၃ ခုရဲ့ သံခိပ်

တကယ်တော့ ထရိုဂျန်ဆိုုတာ အင်အားကြီးမားပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်လို့ မရတဲ့ ရန်သူကို ခံစစ်အား လုံခြံုတဲ့ ရန်သူကို အကြွင်းမဲ့ ပျက်စီးကြေပြုန်းအောင် တိုက်ခိုက်သည့် ဗျူဟာ၊ လက်ရွေးစင် လူတစုကို ရွေးချယ်၍ ရန်သူ့ အတွင်းပိုင်းကို ပို့သွင်းပြီး၊ ရန်သူကို အနိုင်ယူ တိုက်ခိုက်သည့် စစ်ငင်နည်းတခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးအောင်ရွှေသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၊ အရေးတော်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု အတွက်တော့ နှစ်၂၀ကျော်ကြာ ခိုအောင်နေခဲ့သည် န.အ.ဖရဲ့ မြင်းရုပ်ကြီး ထရိုဂျန်ပဲ ဖြစ်သည်ကို လက်ရှိ ဖြစ်ပျက်နေသည့် မြန်မာ့နိုင်ငံရေး ပစ္စက္ခ အခြေအနေက သက်သေပြလိုက်ပြီ ဖြစ်သည်။

————————-။ ။————————-

ေဩာ် … ခပ်ဝေးဝေးက တို့မြို့ကြီး ထရွိုင် …မီးထဲမှာ။

သွေးတွေ မီးထဲမှာ၊ ခလေးတွေ မီးထဲမှာ၊ မိန်းမသားတွေ မီးထဲမှာ၊ ပြည်သူတွေ အားလုံး မီးထဲမှာ၊ ယုံကြည်မှုတွေ အားလုံး မီးထဲမှာလေ။

ကျော်ငြိမ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here