သီလ ပျက်ရသူများ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့် ဖြစ်လာရသည်။ အလေ့​ အကျင့်​တွေ များလာတဲ့အခါ ဒါဟာ ယဉ်ကျေးမှု တခု ဖြစ်လာတော့သည်။

အခန်း(၁)

xxxxx

ခပ်ဝေးဝေးက မီးပွိုင့်တွင် မီးနီမိနေသော ဘတ်(စ်)ကားကို မြင်ရုံဖြင့့် မှတ်တိုင်က ခရီးသည်တွေ ပုရွက်ဆိတ်အုံ ဒုတ်နဲ့ ထိုးသလို လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ​ ထမိန်ကိုပြန်ပြင် ဝတ်ကြသည်။ စလင်းဘတ်ကို ဇစ်ပိတ်ထားရဲ့လား ပြန်စစ်ကြသည်။ ကျောပိုးအိတ်ကို အရှေ့ဘက် ပို့ကြသူ စသည်ဖြင့် ဘတ်(စ်)ကားမြင်လျှင် ပြုလုပ်လေ့ ရှိသော ပြုဖွယ်ကိစ္စ အဝဝကို ပြင်ဆင်ကြကုန်သည်။ ထို့နောက် ခရီးသည်တို့သည် မသိမသာ သော်လည်းကောင်း သိသိသာသာသော် လည်းကောင်း ပလက်ဖောင်း အစပ်ကို တိုးထွက်လာကြသည်။ ကျနော််သည်လည်း လွယ်ထားသော အိတ်ကို အရှေ့ဘက်သို့ ပို့ခါ ပိုက်ထားလိုက်ရင် မီးပွိုင့်စိမ်းသဖြင့် ထွက်လာသော ကားပေါ်ကို အလွယ်တကူ တက်နိင် ရန် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။

ပန်းဆိုးတန်းကို ….. တညင် (သန်လျင်) ပြန်မယ်

ပန်းဆိုးတန်းကို ….. တညင် (သန်လျင်) ပြန်မယ်

မှတ်တိုင်ကို ကားမရပ်ခင်မှာပဲ စပါယ်ယာရဲ့ အော်သံက ကားစောင့်နေသူများ အတွက်တော့ သတိပေး တပ်လှန့့်သံနှင့် အတူတူလို့ ဆိုရမည်။ ဝေါ ခနဲ အန်ထွက်ကျလာသော ကားပေါ်မှ ခရီးသည် များနှင့် အတင်းတိုးတက် နေကြသော မှတ်တိုင်က ခရီးသည်တို့သည် ၂ ပေ ခန့် ကျယ်သော ကားတံခါး ပေါက်တွင် ထိပ်တိုက် တွေ့နေတော့သည်။

“ဟဲ့…ဟဲ့ နေကြပါအုံး..ဟဲ့ ဆင်းပါရစေအုံး ထိုင်ခုံတွေ အများကြီးပါဟဲ့ တကတဲ ..မှပဲ”

ခပ်ဝဝ အမျိုးသမီးကြီးရဲ့ အသံ ထွက်လာပေမယ့် ထိုကဲ့သို့သော စကားလုံးများသည် မှတ်တိုင်က ခရီးသည်များ အတွက် ဒီဘက် နားကဝင်ပြီး ဟိုဘက်နားက ပြန်ထွက်သွားသော အဆင့်လောက်တွင်ပင် မရှိပေ။ ထိုကဲ့သို့ အလိုမကျသော စကားသံများ ငြူစူဟန်များကို ကျနော်တို့ကိုယ်တိုင် အကြိမ်ကြိမ် ပြုမူခဲ့ကြသည်။

ဤကဲ့သို့သော တယောက်ကို တယောက် ငြူစူဟန်များသည် ဤခေတ်မှာတော့ လူတိုင်းအတွက် ရိုးအီနေပြီ ဖြစ်သည်။

ကျနော််ကတော့ ပိုက်ထားသော အိတ်ကို ကားမှန်တံခါးမှ တဆင့် ထိုင်ခုံလွတ်တခုပေါ် အရင်တင်ထား လိုက်သည်။ ထိုင်ခုံနေရာ ဦးထားတဲ့ သဘောပင်။ ဒါဆို ထိုင်ခုံနေရာ ရပြီ ဖြစ်သည်။ ကျွန်တော့်ကဲ့သို့ မိမိတို့ရဲ့ ပါလာသော အိတ်တွေ ထီးတွေကို ထိုင်ခုံအလွတ်ပေါ်ကို ကားပြတင်းမှ တဆင့်ထည့်လိုက်ကာ အရင် နေရာဦး ထားသော သူများလည်း မရှား ပေ။ တကယ်ဆို ဘိုကလေးဈေး မှတ်တိုင်သည် သန်လျင်ပြန်ဖို့ ဂိတ်စ မှတ်တိုင် မဟုတ်သေးပေ။ ဘိုကလေးဈေး မှတ်တိုင်ပြီးလျှင် ပန်ဆိုးတန်း မှတ်တိုင်ရောက်ပြီ။ ပန်းဆိုးတန်း မှတ်တိုင် သည်သာ ဂိတ်စ မှတ်တိုင်သာ ဖြစ်သည်။ ဒါပေမယ့် ဂိတ်စ မှတ်တိုင်မှ ကားစောင့်စီးလျှင် နေရာ ရဖို့မလွယ်ပေ။ ထို့ကြောင့် ထိုင်ခုံနေရာ ရရန် ကားပတ်စီးကြသည်။ ကားပတ် စီးလျှင်လည်း ကိုယ်လိုလူတွေ များလွန်းသဖြင့် အပေါက်မှ တက်သွားသည်ထက် မှန်ပြတင်းတံခါးများမှ အထုပ်အပိုးတွေ ခုံပေါ်တင်ပြီး နေရာဦးရတဲ့ စံနစ်ကိုလည်း ခုတော့ ကျနော် ကျင့်သုံးတတ်ခဲ့ပြီ။ ဒီစံနစ်ကိုတော့ မှတ်တိုင်မှ လူဦးရေ အရေအတွက်နှင့် တွက်ချက်ရသည်။ လူဦးရေ နည်းနေလျှင်တော့ တံခါးပေါက်မှ တဆင့် တက်လိုက်ရုံသာ ဖြစ်သည်။

ထိုင်စီးနေသော ခရီးသည်များတွင် ဂိတ်ဆုံးရောက်မှ ဆင်းမယ့်သူ များနေခဲ့လျှင် ကားပတ်စီးပေမယ့် ထိုင်ခုံနေရာ ချက်ချင်း မရတတ်တာ မျိုးနှင့်လည်း ကြံုရတတ်သည်။ ထိုအခါမျိုး ဆိုလျှင်တော့ ထိုင်နေတဲ့ ခရီးသည် ဘေးနားတွင် မခွာတမ်း ရပ်နေရတော့သည်။ ထိုင်နေသူမှ မော့ကြည့်လာလျှင်လည်း ချိုချိုသာသာ ပြံုးပြ လိုက်ရသည်။ တချို့ ခရီးသည်တွေက ပြန်ပြံုးကြတတ် သော်လည်း တချို့တွေကတော့ လက်ရှိရနေတဲ့ ထိုင်ခုံ ပိုင်ဆိုင်မှုရဲ့ မာန်အရ မသိကျေးကျွန် ပြုတတ်တာနှင့်လည်း ကြံုရတတ်သည်။ ကိစ္စတော့ မရှိပေ သူကိုယ်တိုင်လည်း ချိုချိုသာသာ ပြံုးပြရတဲ့ အချိန်လည်း ရှိလာအုံးမည် မဟုတ်လား။

ဤကဲ့သို့သော ဗုံလုံတလှည့် ငါးပျံ တလှည့် အပြုအမူများသည် ဤခေတ်တွင် လူတိုင်းကြံုကြရမည့် အသေးအဖွဲ အဖြစ်အပျက်သာ ဖြစ်သည်။

ဘိုကလေးဈေး မှတ်တိုင်မှ ထွက်ခွာလာသော ဘတ်(စ်)ကားသည် ရန်ကုန်ခရီးရဲ့ ဂိတ်ဆုံး ၊ သန်လျင်ခရီးရဲ့ ဂိတ်စ ဖြစ်သော ပန်းဆိုးတန်း မှတ်တိုင်ကို ဆိုက်ရောက်လာသည်။ ဂိတ်ဆုံး အထိ စီးသော ခရီးသည်တချို့ ဆင်းသွား သဖြင့် လွတ်ကျန်ခဲ့သော နေရာလွတ် အနည်းငယ်ကိုပင် ဂိတ်စမှ စောင့်စီးနေကြသော ခရီးသည်တွေ အလုအယက် တက်ကာ နေရာဦး ကြရပြန်သည်။ နေရာတွေ ပြည့်နေသဖြင့် မျှော်လင့်တကြီးဖြင့် တက်လာသော ခရီးသည် တချို့ရဲ့ စိတ်ပျက်အားလျော့တဲ့ မျက်ဝန်းတွေ ၊ အလိုမကျသော အကြည့်တွေကို ကျနော် ရင်မဆိုင်ရဲသဖြင့် ကားပြူတင်းမှ တဆင့်မြင်နေရသော အောင်ဘာလေ ထီရုံးကြီးကို ငေးကြည့်နေလိုက်သည်။ ဟိုအရင်ကတော့ ကျနော် ကိုယ်တိုင် လည်း ထိုကဲ့သို့ အလိုမကျသော အကြည့်မျိုးဖြင့် ကြည့်ခဲ့ဖူးသည်။

ကျနော်တွင် ငယ်စဉ်ထဲက တွေးတောခဲ့ ၊ လက်ခံခဲ့ ၊ ကျင့်သုံးခဲ့သော ၊ အတွေးတခု ရှိခဲ့သည်။ လူဆိုတာ သဘာဝကျကျ တွေးရမယ် ၊ အဖြေထွက်ပြီးမှ မှန်တဲ့ဘက် မနေသင့်ဘူး ၊ အဖြေထွက်ပြီးပေမယ့် ငါဆိုလည်း ဒီလိုပဲ တွေးခဲ့မိမှာပဲ ဆိုပြီး မှားယွင်မှုကိုလည်း ဝန်ခံ ရဲရမည်။ စာနာတဲ့စိတ်ထားနှင့် မျှတတဲ့ အတွေး ရှိဖို့ လိုသည်ဟု လေ့ကျင့်ခဲ့သည်။ ထိုစိတ်ကြောင့်ပဲ အိမ်ပြန်ခရီးတွေကို ဂိတ်စ မှတ်တိုင်တွင်သာ စီးဖြစ်ခဲ့သည်။ ဂိတ်စတွင် ထွက်မည့် ဘတ်(စ်)ကားသည် ထိုင်ခုံနေရာတွေ လွတ်နေရမည်။ အိမ်ပြန်မည့် ခရီးသည်များ အတွက် ရှိသင့်သော ထိုင်ခုံနေရာတွေ ရှိရမည်။ ဒါဟာ သဘာဝကျကျ အခြေအနေဖြစ်သည်။ နိင်ငံကြီးသား ပီသသော အပြုအမူလည်း ဖြစ်သည်။

ဂိတ်စရှိရဲ့နဲ့ ကားပတ်စီးချင်းသည် သဘာဝမကျသော ၊ လူပေါ်လူကျောသော အလုပ်ဟု ခံယူထားခဲ့သည်။ ခရီးသည်အလွတ် ဖြင့်ရောက်လာသော ဘတ်(စ်)ကားကို ဂိတ်စ မှတ်တိုင်တွင် စောင့်နေသော ခရီးသည်တို့သည် ထိုင်ခုံနေရာ ကိုယ်စီဖြင့် အပြည့်အဝ အခွင့်အရေး ရခြင်းသည် သဘာဝကြပြီး နိုင်ငံကြီးသား ပီသသော အပြုအမူဟု ယုံကြည်ပြီး ကျနော် ကားစောင့်စီးခဲ့ဖူးသည်။ နောက်ကား ထပ်မစောင့်နိင်လို့ မတ်တပ်ရပ် လိုက်မည့်သူတွေလည်း သူတို့သဘောအတိုင်း စီးကြပါစေပေါ့။

ဒါပေမယ့် ကျနော််လက်တွေ့ ကြံုတွေ့ရသော အခြေအနေသည် စိတ်ကူးထဲကနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။ ဂိတ်စကို ထိုင်ခုံနေရာ အပြည့်ဖြင့် ရောက်လာသော ဘတ်(စ်)ကားကိုသာ ကြံုတွေ့ရသည်။ သဘာဝ မကျမှုကို အလိုမကျစိတ် လုပ်ငန်းခွင်ရဲ့ တနေ့တာ ပင်ပန်းနွမ်းနယ် စိတ်တို့ကြောင့် ကားပတ်စီးသူများကို ငြိုငြင်စွာ ကြည့်ခဲ့ဖူးပေမယ့် ကျနော််ကတော့ ရပ်တည်ချက် မပြောင်းလဲဘဲ ဂိတ်စတွင်သာ စောင့်မြဲစောင့်လျက်သာ ဖြစ်သည်။ ရန်ကုန်တွင် အလုပ်လာလုပ်ရသဖြင့် နေ့စဉ်ပြန်နေကြ ဤခရီးစဉ်ရဲ့ ပထမ တလတာတွင်တော့ ကျနော့ရဲ့ သဘာဝကျကျ ဖြစ်သင့်တာကို ဖြစ်ရမယ် သူများသဘာဝ မကျပေမယ့် ကိုယ်တော့ မပါစေရဘူး ဆိုသော အတွေးဖြင့် ဂိတ်စတွင်သာ လူတွေတိုးဝှေ့ပြီး စီးခဲ့သည်။ ဘာပဲဖြစ်ဖြစ် လိပ်ပြာလုံ ခဲ့ဖူးပါသည်။

သို့နှင့် နေ့ရက်တွေက တရွေ့ရွေ့နှင့် ကုန်လာခဲ့သည်။ ညနေ အလုပ်ပြန်ချိန်ရဲ့ မြင်ကွင်းနှင့် အခြေအနေကတော့ အရင်အတိုင်းပဲ ဖြစ်နေခဲ့သည်။ ကျနော် လုံစေချင်သော လိပ်ပြာပင် မောပမ်းစ ပြုလာခဲ့ပြီ။ နိုင်ငံကြီးသား ပီသချင်သော အပြုအမူတို့လည်း တစစနှင့် ကွယ်ပျောက်ချင်လာခဲ့ပြီ။ အလွန်ပင်ပမ်းသော အလုပ်တက်ရက် တချို့တွင် အိမ်ပြန်ဖော်က တိုက်တွန်းသဖြင့် ကျနော် တစစနှင့် ကားပတ်စီးစ ပြုတတ်လာခဲ့ပြီ ။ လက်ရှိ ခေတ်အခြေအနေ၏ လှိုင်းလုံးထဲတွင် ကျနော် အလိုက်သင့် ကူးခတ်စ ပြုလာခဲ့ပြီ။ ဂိတ်စတွင် ကားစောင့်စီးခဲ့ဖူးသော ဘဝတူ ခရီးသည်များနှင့် အခုလို ကားပတ်စီးသော ဘဝတူ ခရီးသည် များကိုလည်း နားလည်စ ပြုလာခဲ့ပေမယ့် နေ့စဉ်ပြန်နေကြ ဖြစ်သော အခုလို အချိန်တိုင်းတွင် ကျနော့ရဲ့ စိတ်အာရုံသည် ရှက်ရွံ့နေတတ်မြဲ ဖြစ်သည် ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို သဟဇာတ မဖြစ်ခဲ့ပေ။ မိမိရဲ့ တန်ဖိုးကို မြှင့်တင်ချင်စိတ်နှင့် တနာရီခန့် စီးရသော ခရီးစဉ်ရဲ့ ပင်ပမ်းဆင်းရဲမှုတို့ရဲ့ လွန်ဆွဲမှုကြောင့် ဒီအချိန်တိုင်း ကျနော်လိပ်ပြာမလုံ ဖြစ်နေဆဲပဲ ဖြစ်သည်။ မျက်နာပြောင် တိုက်ခြင်းဆိုသော အပေါ်ယံ မျက်နာကျော မတင်းနိင်သေးသ၍ ဂိတ်စမှ ခရီးသည်တွေ တက်လာတိုင်း တခုခုကို ငေးမောနေသော မျက်နှာမျိုးဖြင့် ကျနော် နေနေတတ် ရအုံးမည်။

ငယ်စဉ်ထဲက တွေးခဲ့ဖူးသော ဖြစ်သင့်သော သဘောတရား နှင့် ရှိသင့်တဲ့ အခြေအနေ တို့ကို လက်ခံဖို့ လေ့ကျင့်ခဲ့သော ကျနော့ရဲ့ စိတ်ဓါတ်သည် ရန်ကုန်တွင် အလုပ်လာလုပ်ပြီး ၃လခန့် အကြာတွင် ကွယ်ပျောက် သွားရတော့သည်။ လူဆိုတာ သဘာဝကျကျ ရှင်သန်ဖို့ ဆိုသော အတွေးတွေလည်း လူတွေ ပြည့်ညှပ်နေသော ခရီးသည်တွေ ကြားတွင် ထွက်လာသော ချွေးတို့နှင့်အတူ ကွယ်ပျောက်သွားသည်မှာ အတော်ကြာခဲ့ပြီ။ တနေ့တာလုံး စိတ်နှင့်ခန္ဓာ မောပမ်းခဲ့သော ဘဝတူ ခရီးသည်များကိုလည်း အပြစ် မတင်ရက်တော့ပေ။

သက်တောင့်သက်သာဖြင့် အိမ်အပြန်ခရီးသည်၏ တနေ့တာ မောပန်းမှုတွေကို ဖြေဖျောက် ပေးခြင်းလည်း ဖြစ်သည်။ နောက်တနေ့အတွက် အားအင်တွေ စုစည်ခြင်းလည်း ဖြစ်သည်ဆိုတာ မိမိကိုယ်တိုင် လက်ခံနားလည် တတ်လာခဲ့ပြီ။ ထို့ကြောင့် ဘလောက်တခုစာ လမ်းလျှောက်ရခြင်း ကားပတ်စီးခ အနည်းငယ် ပိုပေးရခြင်း တို့သည် ကြပ်ကြပ် သိပ်သိပ် ကားစီးရသော ဒုက္ခထက် အများကြီး သက်သာသဖြင့် ဘိုကလေးဈေး မှတ်တိုင်အထိ ပြန်လျှောက်ပြီး ကားပတ် စီးဖြစ်တော့​ သည်။

အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့် ဖြစ်လာသည်။ အလေ့​ အကျင့်တွေ များလာတဲ့အခါ ဒါဟာ ယဉ်ကျေးမှု တခု ဖြစ်လာတော့သည်။

ယခုချိန်မှာတော့ ကျနော့တွင် ကွယ်ပျောက်စပြုနေသော နိုင်ငံကြီးသား ပီသသော စိတ်ထားလေး အတွက် နှမျောမိသည်မှ လွဲလျှင် မိမိကိုယ်ကိုသာ အဆင်ပြေအောင် ပြုမူနေထိုင်သော ဒီယဉ်ကျေးမှု လှိုင်းလုံးထဲတွင် အလိုက်သင့် ကူးခတ်တတ်လာခဲ့ပြီ ။ ဒါဟာလည်း ဘဝကို ရင်ဆိုင်နည်းတွေထဲက နည်းနာ တခုလည်း ဖြစ်သည်။

ဘယ်သူမှလည်း မသေစေချင်သလို ငတေလည်း မာ ချင်စိတ်သာ ရှိခဲ့ပါသည်။ နိုင်ငံကြီးသား ပီသချင်ရဲ့နဲ့ စိတ်ဓါတ်တွေ ပျက်စီးခဲ့ရသော ကားပတ်စီးသူ ခရီးသည်တွေ ဘယ်လောက် များခဲ့ပြီလဲ။ နောက်ထပ်ရော ပျက်စီးဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေရော ဘယ်လောက်များများ ရှိမလဲ။ ကျနော် မမှန်းတတ်ပြီ။ ဒါဟာ တနာရီစာ ခရီးစဉ်ရဲ့ စိတ်ဓါတ် ပျက်စီးမှုပဲ ဖြစ်သည်။

တခြားနေရာ တွေမှာရော ဘယ်လို ဘယ်ပုံနှင့် ပျက်စီး ကုန်ကြပြီလဲ။ ကျနော် မတတ်နိုင်တော့ပြီ။

ထိုင်ခုံ နေရာရသဖြင့် အတွေးတွေ အများကြီး တွေးခဲ့ဖူးသည်။ ဒီလိုတွေဖြစ်နေရတာ ကားအစီးရေ မလုံလောက်တာလား ၊ဒါမှမဟုတ် ကားပိုင်ရှင်တွေ တွက်ချေ မကိုက်တာလား ၊ သူတို့အတွက် ဘယ်အရာက ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေလို့ လဲ ။ ဘယ်အရာ ကြောင့်လဲ… ။ အတွေးများဖြင့် ခြေရာခံလိုက်ပေမယ့် အဆုံးထိ ဆက်တွေးဖို့အတွက် စိတ်ကူး မရှိပေ။ ကျနော့အတွက် မနက်ဖြန် လုပ်ငန်းခွင်နှင့် ကျနော့နောက်ကွယ်တွင် ရှိသော မိသားစုရဲ့ စားဝတ်နေရေးသည် မည်သည့်အရာကို မှ ကြာရှည်တွေးခွင့် မပေးထားပေ။ ကျနော့တွင် ကွယ်ပျောက်စပြုနေသော နိုင်ငံကြီးသား ပီသချင်သော စိတ်ထားလေးအတွက် နှမျောမိသည်မှ လွဲလျှင် ဒီယဉ်ကျေးမှု လှိုင်းလုံးထဲတွင် အလိုက်သင့် ကူးခတ် တတ်လာ ခဲ့ပြီး ယခုတော့ ကျွမ်းထိုးမှောက်ခုံပင် ကူးခတ်တတ်နေလား မသိတော့ချေ။

အဆင်ပြေပြေနှင့် ဘဝကို ဖြတ်သန်းရသည့် အချိန်ရောက်ခဲ့လျင်…….

( ထို့ထက်ပိုပြီး)

ကျနော်တို့ရဲ့ စိတ်ဓါတ်များ အလုံးစုံ မပျက်သုဉ်းသေးခဲ့လျှင်…. ကျနော််တို့ နိုင်ငံကြီးသား ပီသ ကြပါမည်။

…………………………………………………………………………………………………………………………….

အခန်း (၂)

xxxxx

ပိတ်လှောင်နေသော ကားထဲရှိ ခရီးသည်တို့ထံမှ ထွက်လာသော ချဉ်စူးစူး အန့ံအသက်တို့ကြောင့် မှန်ပြူတင်းပေါက်ဘက် မျက်နာလှည့်ကာ လေတချက် ရှိုက်သွင်းလိုက်သည်။ မြစ်ပြင်ကို ဖြတ်သန်း လာသောလေသည် အရင်လိုပင် အေးမြ လတ်ဆတ်နေသည်။ ပင်ပန်းနွမ်းနယ်မှု တချို့ ပြေပျောက် သွားရတော့သည်။

ယခုအချိန်တွင် ကျနော့အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ လတ်ဆတ်သော လေကို ဝဝလင်လင် ရှုရှိုက်ရဖို့သာ ဖြစ်သည်။

မြစ်ကျိုးအင်း

http://www.myitkyoeinn.com

LEAVE A REPLY

Please enter your comment!
Please enter your name here