ထိုင်းအစိုး ဆန့်ကျင်ရေး ဆန္ဒပြသူ များ သွေးဖောက်ပက်ဖျန်း ဆန္ဒပြ

alt

ထိုင်းနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များသည် အထူးလှုပ်ရှားမှု တခုအဖြစ် သွေးများကို ဖောက် ထုတ် ဆန္ဒပြနေကြောင်း သိရှိရသည်။

၎င်းတို့သည် ယင်း သွေးများကို ဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ၏ နေအိမ်နှင့် ရုံးခန်းရှေ့တွင် ဆန္ဒပြသည့် အနေနှင့် ပက်ဖျန်းထားရန် ရည်ရွယ် ကြောင်း သိရှိရသည်။ လူတသိန်းကျော် ပါဝင်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို ထောက်ခံသည့် ဆန္ဒပြသူများသည် (၅)ရက်ကြာ အချိန်ယူ ဆန္ဒပြပြီးနောက် ဘန်ကောက်တွင် စုပေါင်း သွေးဖောက်နေကြပြီ ဖြစ်သည်။

မိမိ၏သွေးသည် တိုင်းပြည်၏ ဒီမိုကရေစီ ကဏ္ဍအတွက် အကူအညီ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အနီ ရောင် အင်္ကျီကို ဝတ်ထားသည့် အသက် (၅၁)နှစ်အရွယ် ချွန်ဘူရီမှ အမျိုးသမီး ခက်ကော် ဂျူချာလမ်းက ပြောကြားခဲ့သည်။ မိမိအနေနှင့် အစိုးရ နှုတ်ထွက်ပေးသည်ကို အလိုရှိကြောင်း ခက်ကော် ကဆိုသည်။ သွေးဖြင့် ဆန္ဒပြမှုအတွက် ကျန်းမာရေးဝန်ကြီး ဂျူရင်လက်ဆန်အာဝစ်က ပြည်သူများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏ မူဝါဒ ပြောင်းလဲမှု မရှိသည့်အတွက် မိမိတို့အနေနှင့် ယင်းကိစ္စအား လက်ပိုက် ကြည့်နေရကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ပန်နိတန် ဝက်တန်နေယာဂွန်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများအား အိမ်ပြန်ကြရန် မည်သို့မျှ မစည်းရုံးနိုင်ကြောင်း၊ ၎င်းတို့သည် ကိုယ်ပိုင်ဆန္ဒဖြင့် ကျေကျေနပ်နပ် သွေး အဖောက်ခံနေကြပြီး ငြိမ်းချမ်းစွာ၊ စည်းကမ်း သေဝပ်စွာ ဆန္ဒပြနေခြင်း ဖြစ်ကြောင်း ယင်းက ဆိုသည်။ ဆန္ဒပြမှုကို အဓိက ဦးဆောင်ခဲ့သည့် အာဏာရှင် စံနစ်ကို ဆန့်ကျင်သော ဒီမိုကရေစီ စစ်မျက်နှာအဖွဲ့မှ တာဝန်ရှိသူ များသည် ဆန္ဒအလျောက် သွေးလှူသူများ ထံမှ သွေးများကို တခါသုံး အပ်များဖြင့် ဖောက်ယူကာ ပုလင်းများအတွင်း ထည့်နေကြသည်။

အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် နက်တာဝပ် ဆေကူအာက မိမိတို့၏သွေးဖြင့် ဘန်ကောက်မြေကို အရောင်ခြယ်မည်ဟု ကြွေးကြော်ခဲ့သည်။ ထို့အပြင် သွေးဖြင့် ဆန္ဒပြမှုသည် ထိရောက်ပြီး ငြိမ်းချမ်းသော မဟာဗျူဟာ နည်းလမ်းတခုဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကမူ ဆန္ဒပြသူများ၏ ပါလီမန် ဖျက်သိမ်းရေးနှင့် အစိုးရ နှုတ်ထွက် ပေးရေး တောင်းဆိုမှုများကို လုံးဝ လက်မခံကြောင်း ငြင်းဆန်ထားဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here