ဒဏ်ရာရသူ ဒေးဗစ် ဘက်ခမ်းအား နည်းပြအဖြစ် ကာပယ်လို ကမ်းလှမ်း

alt

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင် အင်္ဂလန် အသင်းတွင် ပါဝင် ခွင့်ရရေး မျှော်လင့်ချက် မှေးမှိန် သွားသည့် ဒေးဗစ်ဘက်ခမ်း အား

နည်းပြတဦး အနေနှင့် ဖိတ်ခေါ်လိုကြောင်း အင်္ဂလန် လက်ရွေးစင် နည်းပြကြီး ဖေဘီယို ကာပယ်လိုက ပြောကြားလိုက်သည်။

အသက် (၃၄)နှစ်အရွယ် ကွင်းလယ်လူသည် အမေရိကန်ကလပ် လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီ မှ အီတလီကလပ် အေစီမီလန်သို့ အငှားလာရောက် ကစားနေသူ ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပါတ် အကုန်က မီလန်အသင်းက ချီယေးဗိုးအား (၁-၀)ဖြင့် အနိုင်ရသော စီးရီးအေ ပွဲစဉ်တွင် ခြေထောက် အရွတ် ထိခိုက်မိပြီးနောက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် (၄)ကြိမ် ဆက်တိုက် ပါဝင်ခွင့် ရရေး မျှော်လင့်ချက် အတွက် အကြီးအကျယ် အထိနာ စေခဲ့သည်။

သို့သော်လည်း ကာပယ်လိုက ကြိုးစားမှုရှိပြီး ပရော်ဖက်ရှင်နယ် ပီသကာ အင်္ဂလန် ဘောလုံးသမားများ၏ လေးစားမှုကို ခံယူ ရရှိထားပြီး ဖြစ်သည့် လက်ရွေးစင်အသင်း ခေါင်း ဆောင် ဟောင်းအား အသင်း၏ နည်းပြအဖွဲ့တွင် နေရာ ပေးသွားလိုစိတ် ရှိနေကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ဖင်လန်ရှိ အထူးကု ဆရာဝန် ဆကာရီအော်ရာဗာထံ သွားရောက်ကုသမှု ခံယူနေသည့် ဘက်ခမ်းအား နည်းပြအဖွဲ့ဝင် တဦးအနေနှင့် အလိုရှိနေကြောင်း ကာပယ်လိုက ပြောကြားခဲ့သည်။

ဘက်ခမ်းအနေနှင့် အချိန်မီ ဒဏ်ရာမှ သက်သာလာနိုင်ခြင်း ရှိမရှိကို မေးမြန်းခဲ့ရာတွင် ဒေါက်တာ ဆာခါရီ အော်ရာဗာက ရာခိုင်နှုန်း နည်းကြောင်း ဝန်ခံခဲ့သည်။ အရွတ်ပြတ် သွား၍ ဆေးကုသမှုသည် အချိန်ကြာ မြင့်တတ်ကြောင်း၊ ဘက်ခမ်း၏ အသက်အရွယ်ကြောင့် အင်ပြည့်အားပြည့် ဘောလုံးပြန် ကစားနိုင်မည့် အခြေအနေကို ရောက်ရှိရန် အတန်ငယ် ကြာမြင့် နိုင်ပြီး (၃)လလောက် မတိုင်မီတွင် ကောင်းမွန်စွာ လမ်းပြန် လျှောက်နိုင်ရန်မူ မျှော်လင့်ထားကြောင်း ဒေါက်တာ အော်ရာ ဗာ ကဆိုသည်။ ဘက်ခမ်း၏ ဘယ်ဖက်ခြေထောက် အရွတ်မှာလုံးဝ စုတ်ပြဲပြတ် သွားကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here