ဆရာ လာမလုပ်နဲ့ လေနည်းနည်းလျော့

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မေလ ဆန်းပိုင်းက မိတ်ဆွေဟောင်း နိုင်ငံခြားသား နှစ်ယောက်နဲ့ တွေ့ရပါတယ်။ တယောက်က သတင်းစာ ဆရာ တယောက်ဖြစ်ပြီး၊ နောက်တယောက် ကတော့ တက္ကသိုလ် ဆရာတယောက် ဖြစ်တယ်။

တယောက်စီ ရက်ခြားပြီး ရောက်လာ ကြတာပါ။ တက္ကသိုလ်ဆရာက အရင်လည်း မကြာခဏ ရောက်ဖူးတာကြောင့် တယောက်အကြောင်း တယောက် အတော်သိနေ ကြပြီလို့ ဆိုနိုင်ပါတယ်။ သတင်းစာ ဆရာကတော့ မနှစ်က တခါ လာဖူးတာပဲ ရှိပါတယ်။ သိပ်အကြောင်း မသိပါဘူး။

ငြင်းခုန်ရတဲ့ အယူအဆ

နိုင်ငံခြားသားတွေရဲ့ ထုံးစံအတိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို သိချင်ကြတယ်။ တက္ကသိုလ် ဆရာကတော့ စာအုပ်တအုပ် ရေးဖို့လည်း စိတ်ကူးရှိတာကြောင့် သုံးလေးခေါက် လာပြီး မေးမြန်း ဆွေးနွေးတာတွေ လုပ်တယ်။ သူက ပညာရှင်တယောက် ဆိုတော့ သူ့ အယူအဆတွေကို ပြန်ပြီးဆွေးနွေးတာမျိုးလည်း လုပ်ပါတယ်။ သူပြောတဲ့ထဲက အချက် တချက်ကို ဘယ်လိုမှ လက်မခံနိုင်တာကြောင့် တော်တော်လေး ငြင်းကြ ခုန်ကြရတယ်။ သူက မြန်မာ လူမျိုးများဟာ နိုင်ငံရေးနဲ့ ကင်းဝေးနေတာ ကြာတဲ့အတွက် နိုင်ငံရေး ပညာပေးဖို့ အများကြီး လိုအပ် နေသေးတယ်။

မြန်မာနိုင်ငံမှာ အရပ်ဖက် လူ့အဖွဲ့အစည်း ဆိုတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ မရှိသေးဘူး။ ဒါကြောင့် ဒီမိုကရေစီ သဘောတရားတွေ သေသေချာချာ နားမလည် နိုင်ကြသေးဘူး။ နိုင်ငံကို ဦးဆောင်မယ့် အရည်အချင်း ပြည့်ဝသူတွေကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ အများကြီး ပညာပေးရဦးမယ်လို့ ပြောပါတယ်။ သူ့နောက်မှ ရောက်လာတဲ့ သတင်းစာ ဆရာကလည်း အလားတူ သဘောထား အမြင်မျိုးပဲ ရှိပုံရတာ တွေ့ရတယ်။ သူကတော့ သတင်းစာဆရာ ပီသသူ ဖြစ်တာကြောင့် အခြေအတင် ငြင်းခုန်တာမျိုး မလုပ်ဘဲ သူသိချင်တာတွေကိုပဲ မေးပါတယ်။ ဒါပေမယ့် သတင်းစာ သမားချင်းဆိုတော့ သူ့ ပါးစပ်က ထွက်လာတဲ့ စကားတခွန်း နှစ်ခွန်း ကြားလိုက်တာနဲ့ပဲ သူ့အမြင် သူ့သဘောထားကို ရိပ်စားမိပါတယ်။ ရှေ့ကရောက်လာတဲ့ တက္ကသိုလ်ဆရာနဲ့ တသဘောတည်း လိုလိုပါပဲ။

အပေါ်စီးက အမြင်

တက္ကသိုလ် အသိုင်အဝိုင်းက ပုဂ္ဂိုလ်တွေ သတင်းစာ နယ်ပယ်က သူတွေနဲ့ အမြဲမပြတ် ထိတွေ့နေလေတော့ နိုင်ငံခြားသား တွေရဲ့ အမြင်နဲ့ သဘောထားတွေကို နောကျေအောင် နားလည်နေပါတယ်။ နိုင်ငံခြားသား အားလုံးက မြန်မာလူမျိုးတွေကို ကြည့်တဲ့အခါမှာ၊ အပေါ်စီးက “မဟာလူမျိုးကြီး ဝါဒ” အမြင်နဲ့ ကြည့်တတ်ကြတယ်။ သိပ်သနားစရာ ကောင်းတာပဲ၊ ပညာရေချိန်၊ ယဉ်ကျေးမှု ရေချိန် နိမ့်ကျသေးတာပဲ ဆိုတဲ့ သဘောထားမျိုး ရှိကြတယ်။ ဒါကြောင့် နိုင်ငံရေး၊ ဒီမိုကရေစီရေး ပညာပေးမှုတွေ အများကြီးလုပ်ဖို့ လိုသေးတယ်လို့ သဘောထားကြတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ လူမျိုးကို သိပ်ညံ့တာပဲ၊ ဘာမှမသိ နားမလည်ကြရှာဘူး ဆိုတဲ့ သဘောထားကို လုံးဝ လက်မခံပါဘူး။ ကျနော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်မှာပဲ ရှိသေးလို့ စက်မှုလက်မှုနဲ့ စီးပွါးကုန်သွယ်ရေး လုပ်ငန်းတွေမှာ သူတို့နိုင်ငံကြီးတွေနဲ့ စာရင် အများကြီးနိမ့်ကျနေ သေးတာ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အသိအမြင်နဲ့ ပတ်သက်လို့ ကတော့ မနိမ့် ကျရုံသာ မဟုတ်ပါဘူး။ သူတို့ နိုင်ငံတွေက လူတွေထက် အများကြီးသာတယ်လို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့နိုင်ငံက လူတွေမှာ ကျနော််တို့ နိုင်ငံသားတွေလောက် နိုင်ငံရေး အတွေ့အကြံု မကြွယ်ဝလို့ပါဘဲ။ ကျနော်တို့ လူမျိုးက ကိုလိုနီ နယ်ချဲ့လက်အောက်မှာ နှစ်ပေါင်း ၁၀၀ လောက် ကျွန်အဖြစ်နဲ့ မျက်နှာဖြူ မှန်သမျှကို စာသင် (ဆာဂျင်) နဲ့ ဒရိုင်ဘာက အစ သခင်ခေါ်ပြီး ဘုရားထူး နေခဲ့ကြရဖူးတယ်။

ဖက်ဆစ် ဂျပန်တွေရဲ့ လှံစွပ် အောက်မှာလည်း မာစတာ၊ မာစတာနဲ့ မိုးမွှန်အောင်ခေါ်ရင်းက ပါးရိုက်၊ နားရိုက်၊ လက်သည်းခွါ ခံခဲ့ရဖူးပါတယ်။ မြန်မာ အမျိုးသမီးငယ်တွေကို ခြေတော် တင်သွားခဲ့ကြတဲ့ အတွက် လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ ခုအချိန် အထိတောင် မြို့တိုင်း ရွာတိုင်းမှာ ကပြားတွေ၊ ကကတစ်တွေ အတော်ကျန်ရစ် နေပါ သေးတယ်။ လွတ်လပ်ရေးရ စ ကာလများကဆို မြန်မာတွေက “ဗိုလ်ကြက်ချေး” လို့ ခေါ်တဲ့ ကပြားတွေ “မန်ကျည်းသီး” လို့ခေါ်တဲ့ ကကတစ်တွေ ထောင်သောင်းချီ ကျန်ရစ်ခဲ့တာပါ။

ပေးတာယူ ကျွေးတာစား

ခံရတဲ့ အတွေ့ အကြံုတွေတင် ရှိတာ မဟုတ်ပါဘူး။ သီပေါမင်းတရား ပါတော်မူ ချိန်ကစပြီး လွတ်လပ်ရေးရတဲ့ အချိန်ထိ နယ်ချဲ့သမား ကုန်သည် ပွဲစားတွေရဲ့ ကြေးစား စစ်တပ်တွေကို ရရာ လက်နက်ကိုင်စွဲပြီး တော်လှန် တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြံုတွေနဲ့ ဂျပန်ဖက်ဆစ်တွေကို သူတို့လက်နက်နဲ့ သူတို့ကို ပြန်တိုက်တဲ့ ပြောက်ကျားစစ် အတွေ့အကြံုတွေလည်း ကြွယ်ပိုးကြွယ်ဝ ရှိထားပါတယ်။ သူတို့ အနောက်နိုင်ငံသား တွေက နိုင်ငံရေးကို သူများတွေရေးတဲ့ စာအုပ်ကြီးတွေ ဖတ်ပြီးသိလာ၊ သင်ယူလာရ တာပါ။ မြန်မာလူမျိုးတွေက ပါးရိုက် နားရိုက်ခံ၊ လက်သည်းခွံ အခွါခံပြီးသိလာ နားလည် လာခဲ့တာပါ။ “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ဆိုတဲ့ သီချင်းလို ကျနော်တို့မှာ ဒဏ်ရာတွေ အပြည့်နဲ့ပါ။

မြေအောက် တော်လှန်ရေးတို့ ပြောက်ကျားစစ်တို့ ဆိုတာ ဘာမှန်း မသိသူတွေက ကျောမှာဒဏ်ရာ ဒဏ်ချက်တွေ အပြည့်နဲ့ လူတွေကို နိုင်ငံရေးတို့ ဒီမိုကရေစီ အရေးတို့ ပညာပေးရဦးမယ် ပြောနေတာ တော်တော် ရယ်စရာကောင်းတယ်၊ မြန်မာလူမျိုးတွေ ဘယ်လောက်ထိ နိုင်ငံရေးပါး ဝသလဲဆိုတဲ့ သာဓက တခု ပြလိုက်ချင်တယ်။ သန့်ရှင်း – တည်မြဲ အကြီးအကျယ် ပြိုင်ကြတဲ့ ၁၉၆၀ ရွေးကောက်ပွဲ တုန်းကပါ။ အဲဒီတုန်းက တည်မြဲတွေက စစ်တပ် ကျောထောက်နောက်ခံ ရှိတယ်ဆိုပြီး “ရှုံးလဲ နိုင်ရမယ်၊ နိုင်လဲနိုင်ရမယ်”လို့ မောက်မာစွာ ကြွေးကြော်ခဲ့ကြတာပါ။ နယ်တွေ မှာဆို သေနတ်ပြ ခြိမ်းခြောက်မှု အမျိုးမျိူးတွေ လုပ်ခဲ့ကြတာပါ။

ရွေးကောက်ပွဲနေ့ ရောက်တော့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အားလုံး အလံနီ တလူလူလွှင့်ထားတဲ့ ဂျစ်ကားတွေပေါ်မှာ ထမီနီ ဝတ်တွေချည်းပါပဲ။ တမြို့လုံး “ရဲပတောင်း ထနေတယ်”လို့ကို ပြောစမှတ်ပြုခဲ့ ရပါတယ်။ {တည်မြဲ အမျိုးသမီးတွေက ထမီနီ ဝတ်ပြီး သန့်ရှင်း အမျိုးသမီး တွေက ထမီဝါ ဝတ်ပါတယ်။} ထမီနီတွေက ရပ်ကွက်တွေထဲ အထိ ထမီနီတွေ လိုက်ဝေ ထားပြီး၊ မဲရုံအရောက် ဂျစ်ကားတွေနဲ့ လိုက်ပို့တာ ဆိုတော့ တမြို့လုံး အနီရောင် လွှမ်းနေတာပေါ့။

အထင်မသေးကြနဲ့

ဒါပေမယ့် ညဖက် မဲရေတွက်တဲ့ အချိန်ရောက်တော့ တနိုင်ငံလုံး ဝါသွား ပါတော့တယ်။ တည်မြဲ ထိပ်သီးကြီးတွေဖြစ်တဲ့ ဦးကျော်ငြိမ််းတို့ ဦးဗဆွေတို့ ကိုယ်တိုင် တောင် မရူမလှ ရှုံးနိမ့်သွားခဲ့ကြ ရပါတယ်။ အဲဒီမှာ လူတွေက “လူတည်မြဲ မဲသန့်ရှင်း” လို့ ပြောခဲ့ကြတာ ဖြစ်တယ်။ လူကတော့ တည်မြဲပေးတဲ့ အဝတ်ဝတ်၊ တည်မြဲ လာခေါ်တဲ့ ကားကိုစီး၊ တည်မြဲ ကျွေးတာစားပြီး မဲရုံကျတော့ သန့်ရှင်းကိုပဲ ထည့်ခဲ့ကြတာကို ရည်ညွှန်း ပြောဆိုကြတာပါ။ မဲဆန္ဒရှင် ပြည်သူလူထုက ကြောက်လို့ လုံချည်နီတွေ ဝတ်ပြီး သူတို့ခေါ်တဲ့ ကားပေါ် တက်လိုက်ခဲ့ကြ ပေမယ့်၊ ဘယ်သူမှ မမြင်ရတဲ့ မဲရုံထဲကျတော့ သန့်ရှင်းကိုပဲ မဲပေးခဲ့ကြတာဟာ မဲဆန္ဒရှင် ပြည်သူလူထုက ဘယ်လောက်ထိ နိုင်ငံရေးပါး ဝတယ် ဆိုတာ ပြလိုက်တဲ့ အချက်ပဲဖြစ်တယ်။

ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ရင် မြန်မာလူမျိုးတွေကို အထင်မသေးနဲ့လို့ ထပ်ခါတလဲလဲ ပြောနေတာဖြစ်တယ်။ မြန်မာလူမျိုး တွေကို နိုင်ငံရေးတို့ ဒီမိုကရေစီရေးတို့နဲ့ ပတ်သက်ပြီး ပညာပေးရမယ်လို့ ပါးစပ်က အမြုပ် တစီစီထွက်အောင် ပြောတဲ့သူတွေ၊ မှင်နဲ့စက္ကူတွေ အလကားရတိုင်း တရေးတည်း ရေးပြီး ကလောင်စွမ်းပြနေတဲ့ သူတွေထက် တိုက်ပွဲတွေ အလီလီ ဖြတ်သန်း လာခဲ့ဖူးကြတဲ့ မြန်မာလူမျိုးတွေက နိုင်ငံရေးအကြောင်း၊ ဒီမိုကရေစီ အကြောင်း အများကြီး ပိုသိပါတယ်။

မင်းသားက သမ္မတဖြစ်

နိုင်ငံရေး အသိပညာ မြင့်မားလှတယ်၊ ယဉ်ကျေးမှု ရေချိန် မြင့်မားလှတယ် ဆိုတဲ့ နိုင်ငံကြီးမှာတောင် ပိုက်ဆံနဲ့ နာမည်ကျော်ခြင်းက လွဲပြီး ဘာနိုင်ငံရေး အရည်အချင်းမှ မရှိတဲ့ ရော်နယ်ရီဂင် လို အာနိုးလို ကောင်းဘွိုင်မင်းသားနဲ့ မောင်စကြင်္ဝဠာ မင်းသား မျိုးတွေကိုတောင် သမ္မတ ရွေးလိုရွေး၊ ပြည်နယ်ဘုရင်ခံ ရွေးလိုရွေး ဖြစ်နေကြသေးတယ် မဟုတ်လား။ ကမ္ဘာမှာ စီးပွားရေးတို့ ပညာရေးတို့မှာ အံ့မခန်း တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံမှာလည်း ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက နှစ်ပေါင်း ၆၀ နီးပါး ကာလ တလျှောက်လုံး ဧရာမ ကော်ပိုရေးရှင်းကြီးတွေရဲ့ လက်ကိုင်တုတ် LDP ပါတီ တခု တည်းကိုပဲ ရွေးချယ် နေခဲ့ကြတာပဲ မဟုတ်လား။

ရွေးချယ် တင်မြှောက်ပေးလိုက်တဲ့ ဝန်ကြီးချုပ်တွေ အတော်များများကလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ စွပ်စွဲခံရပြီး ရာထူးက ဆင်းသွားခဲ့ရတာချည်း ဖြစ်တယ်။ သူတို့လူမျိုတွေ တော်တော်များများနဲ့ တွေ့ဆုံပြောဆို ကြည့်တော့လည်း၊ သူတို့ တတွေဟာ ကုမ္ပဏီအလုပ် တည်မြဲဖို့နဲ့ ဘောနပ်(စ်) ကောင်းကောင်း ရဖို့လောက်သာ ဂရုစိုက်နေကြတာ၊ နိုင်ငံရေးကို သိပ်စိတ်မဝင် စားကြဘူးလို့ ပြောကြတာချည်းပါပဲ။ အမေရိကန် သမ္မတကြီး ဂျော့ဘုရှ်က သူ့မဟာမိတ် ပါကစ္စတန်နိုင်ငံက သမ္မတ အမည်ကိုတောင် မသိပေမယ့်၊ လမ်းပေါ်က သာမန် မြန်မာ လူမျိုးတွေကတော့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေရဲ့ အမည်လောက်သာ မဟုတ်ပါဘူး။

ဇင်ဘာဘွေ သမ္မတ မူဂါဘီနဲ့ ဆဗန်ဂီရိုင်းကိုလည်း သိပါတယ်။ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကို သိသလို ဘစ်ရှော့ကြီး ဒက်စမွန်တူးတူး ကိုလည်း သိပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟူးကိုလည်း သိပါတယ်။

ဆရာမလုပ်နဲ့

အဲဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးတွေ ဘာမှမသိဘူး၊ ဘာမှ နားမလည်ဘူးလို့ ပြောတာမျိုးကို ဘယ်တော့မှ လက်မခံပါဘူး။

ဘယ်နိုင်ငံ ဘယ်လူမျိုး နိုင်ငံရေး သုခမိန်ဆိုတာပဲ ဖြစ်ဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတို့ ပါရဂူတို့ ဂုရုတို့ ပညာရှင်တို့ဆိုပြီး ကိုယ့်ဟာကိုယ် တံဆိပ်ကပ်ထားတဲ့ သူပဲဖြစ်ဖြစ်၊ မြန်မာပြည် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆရာလုပ်ဖို့ စိတ်မကူးပါနဲ့၊ တိုက်ပွဲတွေ အလီလီ ဖြတ်သန်းပြီး ကျောမှာ ဒဏ်ရာ ဒဏ်ချက်တွေ အပြည့်နဲ့ မြန်မာလူမျိုးတွေလောက် မြန်မာ့ နိုင်ငံရေးကို ဘယ်သူမှ နားမလည် ပါဘူးလို့ ပြောလိုက်ချင်တယ်။ မြန်မာတွေက

ပါးစပ် ဟရင် အူမ အထိမြင်နိုင်တဲ့ လူမျိုးပါနော်။

လူထုစိန်ဝင်း

(၂၆ – ၅ – ၂၀၀၉)

၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချီ ခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် တင်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here