Rapper သုံးယောက် ဒဂုံစင်တာ ဖောက်

alt

၁၃-၃-၂၀၁၀ ရက်နေ့ ၊ ဒဂုံစင်တာရှိ ဆိုင်ခန်း များတွင် ငွေသားနှင့် အဝတ်အထည်များ ပျောက်ဆုံးလျက် ရှိသည်ကို တွေ့ရှိရသည်။ ထို့နောက် စမ်းချောင်းမြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့် အကြောင်း ကြားရာမှ

ဖြစ်စဉ်မှာ -၁၂-၃-၂၀၁၀ ရက်နေ့၊ ဒဂုံစင်တာ ပိတ်ချိန်၌ တာ​ဝန်ကျ လုံခြံုရေး ဝန်ထမ်းများသည် ဆိုင်ခန်းများနှင့် အခန်းများအား လိုက်လံ စစ်ဆေးရာ အိမ်သာ အခန်းတခန်းသည် အထဲမှ ဂျက်ထိုး ကလန့်ထားသည်ကို တွေ့ရကြောင်း၊ ၎င်း လုံခြံုရေးဝန်ထမ်း များမှ သန့်ရှင်းရေး  အလုပ်သမားများ ထင်၍ ဘာမှ စစ်ဆေး မေးမြန်းခြင်း  မရှိခဲ့ကြောင်း သိရှိ​ရသည်။

ဆက်လက်၍ စုံစမ်းရာ ဒဂုံစင်တာ လူနေတိုက်ခန်းများတွင် နေထိုင်သူ မိသားစုမှ CCTV ကင်မရာအား မြေညီထပ် ဓါတ်လှေ ကား ထိပ်တွင် တပ်ထားကြောင်း၊ ဒဂုံစင်တာတွင် စင်တာပိုင် ကင်မရာများမရှိဘဲ ထိုမိသားစုပိုင် ကင်မရာ တခုသာရှိသည်ကို တွေ့ကြောင်း၊ သို့ပါ၍ ထို CCTV ကင်မရာအား စစ်ဆေးရာ ၁၃-၃-၂၀၁၀ ရက်နေ့ မနက် ၄နာရီ အချိန်လောက်တွင် ယခုခေတ် Rapper စတိုင်လ် အဝတ်အစားများဖြင့် လူကောင် သေးသေး လူသုံးဦး အထုပ်အပိုးများ လွယ်ကာထွက်ခွာ သွားသည့် ကျောပြင်ကို တွေ့ရှိရသည်။

ထို လူသုံးဦး ထွက်ခွာသွားချိန်တွင် လုံခြံုရေး တာဝန်ရှိသူများ ရှိနေပါကြောင်း၊ လုံခြံုရေး ဝန်ထမ်းများမှ အပေါ်ထပ်မှ ဧည့်သည်များ ခရီးထွက်မည်ထင်၍ စစ်ဆေး မေးမြန်းခြင်း အလျဉ်းမရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ၁၂-၃-၂၀၁၀ ရက်နေ့ စင်တာပိတ်ချိန်တွင် မစစ်ဆေးခဲ့ရသော အိမ်သာခန်းအား သွားရောက်စစ်ဆေးရာ အိမ်သာအခန်း ထပ်ခိုးကို ဖောက်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ထို ဖောက်ထားသော အပေါက်ကို ဆက်လက် စစ်ဆေးရာ ဆိုင်ခန်းထပ်ခိုးများသို့ သွားခဲ့ကြောင်းကို တွေ့ရှိရသည်။ စင်တာ အတွင်းဖက်တွင် ဆိုင်ခန်းတခန်း အထက်မီးဆိုင်းများကို ဖောက်ထားသည်ကို တွေ့ရ၍ ၎င်းမှ ဆိုင်ခန်းများ အတွင်းသို့ ဝင်ရောက်သည်ဟု ယူဆရကြောင်း သိရှိရသည်။ ဆိုင်များမှာ တန်ဖိုးကြီးသော အဝတ်အထည်များ၊ ဖိနပ်များ၊ ခါးပတ်များအပြင် ဆိုင်တွင် သိမ်းထားသော ငွေသားများကိုပါ ယူသွား ကြောင်း သိရှိရသည်။

ရဲမှ ဆက်စပ် ယူဆချက်မှာ ၎င်းဖောက်ထွင်းသူ သုံးဦးသည် ဘယ်နေရာတွင် ဘာရှိသည်ကို တပ်အပ်သိနေသည်မှာ ထူးဆန်းပါကြောင်း၊ နေ့လည် သို့မဟုတ် တနေ့ခင်းလုံး ဒဂုံစင်တာတွင် ရှိနေသည်ဟု ထင်မိပါကြောင်းနှင့်၊ စင်တာပိတ်ချိန် တွင် အိမ်သာခန်းတွင် ဝင်ရောက်ခိုအောင်းကာ ဖောက်ထွင်းခဲ့သည်ဟု ယူဆပါသည်။ လေးထပ်တွင် ဖိနပ်တရံကို တွေ့ရ၍ ၎င်း ဖောက်ထွင်းသူ သုံးဦးသည် လေးထပ်တွင် အဝတ်အစား အသစ်များလဲကာ ဓါတ်လှေကားမှ နေ၍ ခရီးထွက်မည့် သူများ အသွင်ဖြင့် ဆင်းသွားသည်ဟု ယူဆသည်။ ငွေသား (၈)သိန်းနှင့် အဝတ်အထည်များ ပျောက်ဆုံးလျက်ရှိရာ စုစုပေါင်း တန်ဖိုးငွေ (၃၃)သိန်းကျော် ဖောက်ထွင်းခံခဲ့ရသည်ဟု သိရသည်။

လုံခြံုရေး တာဝန်ယူထားသည်မှာ FISCA ကုမ္ပဏီမှဖြစ်၍ ဖောက်ထွင်းခံရသော ဆိုင်ခန်းများမှ အလျော်တောင်းနေ ကြောင်း သိရှိရသည်။

လင်းဦး(စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here