ဖိုတ့်ဝိန်းမှာ မြန်မာတွေ မဝင်ရဆိုတဲ့ ပြဿနာ ကုမ္ပဏီပိုင်ရှင် တောင်းပန် ပြီ

alt

အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့ ရှိ “ရစ်ကာ စီးတီး” အဝတ်လျှော်စက် လုပ်ငန်း တွင် မြန်မာမိသားစု များမှ လာရောက်

အဝတ်လျှော်ကြရာတွင် ကွမ်းတံတွေး များ ထွေးထားခဲ့ခြင်းကြောင်း သန့်ရှင်းရေး လုပ်ရသော အမေရိကန် ဆိုင်အလုပ်သမား များမှ “မြန်မာ မဝင်ရ”ဟု ဆိုင်းဘုတ် တင်ရာမှ စတင်ခဲ့သော ပြဿနာအား ၎င်း လုပ်ငန်းပိုင်ရှင် ပရဲဇီးဒန့် ဂျေးရစ်ကာ (Ricker Oil Co) မှ ယနေ့ ( စနေနေ့) တွင် မိမိတို့ ဖေါက်သည် မြန်မာ မိသားစုဝင် များအား တရားဝင်ဝန်ချ တောင်းပန် လိုက်သည်။

သန့်ရှင်းရေး အကြောင်းပြချက် ကြောင့် မြန်မာ ဝင်ခွင့်မပြုဟု ရေးသားထားသော ထိုဆိုင်းဘုတ်အား ယခင် အပါတ် တနင်္ဂနွေနေ့ အထိ ဖယ်ရှားခြင်း မပြုသေးပေဟု ဖို့တ်ဝိန်းမှ သည်ဂျာနယ်ဂေဇက် သတင်းစာ အကြီးတန်း သတင်းထောက် ဖရန့် ဂရေးလ် မှ ယခုအပါတ် ကြာသာပတေးနေ့ က ထောက်ပြရေးသား ခဲ့ခြင်းကြောင့် ယင်း ပြဿနာ လူသိများလာရခြင်း ဖြစ်သည်။

ဖို့တ်ဝိန်း ဋ္ဌာနေတဦး ဖြစ်သော ခရစ္စတင်း မာရှယ်မှ ဤဖြစ်ရပ်မှာ ဆိုးရွားတဲ့ လူတန်းစားခွဲခြား ဆက်ဆံ မှုဟု ထို သတင်းစာနှင့် အင်တာဗျူးတွင် ထပ်ဆင့်ဆိုလိုက်ပြီး၊ အမေရိကန်နိုင်ငံ သမိုင်းတွင် လူတန်းစား နှိမ်ချ ခွဲခြား ဆက်ဆံသော လူဖြူ၊ လူမဲ ပြဿနာ နောက်ပိုင်း ဥပဒေပြု တင်းကြပ်ထားရာ ဤသို့သော (inter-racial discrimination) ပြဿနာအား ကြီးလေးသော ရာဇဝတ်မှုအဖြစ် အမေရိကန်များက ရှုမြင် ယူဆကြသည်။

ထိုပြဿနာကြောင့် ဖို့တ်ဝိန်းနေ မြန်မာတဦးက လူထုအသံသို့ ပြောကြားရာတွင် ပြဿနာမှာ မိမိတို့ အမှားသာ ဖြစ်ကြောင်း လူဦးရေ ၅ထောင် ကျော်နေထိုင်သော အင်ဒီယာနာ ဖို့တ်ဝိန်းတွင် နောက်နောင် အလားတူ ပြဿနာ မျိုး မတက်ရန် အတွက် ထိုကုမ္ပဏီအား တရားစွဲဆိုရန် ပြင်ဆင်ကြသူများ ရှိသည်ဟု ဆိုလိုက်သည်။ အထက်တန်း ကျောင်းသူ မြန်မာ မိန်းကလေး တဦးက လူထုအသံသို့ ပြောကြားရာတွင် “ဟုတ်တယ် … သမီးတို့ ကျောင်းမှာလဲ ဒီ အဖြစ်ကို ပြောကြတာ ရှိတယ် ဘာဘာပြောပြော ဒီလုပ်ရပ်ကြောင့် သူငယ်ချင်းတွေ ကြားမှာ သမီးတို့ ဗမာတွေ အရှက်ရ ပါတယ်” ပွင့်လင်းစွာ ပြောဆိုလိုက်သည်။

ရစ်ကာ ရေနံကုမ္ပဏီ ဥက္ကဋ္ဌ ဂျေးရစ်ကာ မှ မိမိတို့ ကုမ္ပဏီ ဝန်ထမ်းများ လုပ်ရပ်ကို တရားဝင် ဝန်ချတောင်းပန် လိုက်သော်လည်း ဖို့တ်ဝိန်း မြို့ပြလူမှု ဆက်ဆံရေး ကော်မရှင်နာ ဂယ်ရယ်ဖိုဒေးလ်မှ မိမိမှာ ဂျေးရစ်ကာ မှ တောင်းပန်သည်ကို လက်ခံသော်လည်း တဖက်မြန်မာ ကွန်မြူနတီမှ မကျေနပ်မှု တင်ပြချက်ကို လက်ခံနားထောင် ရန် ဖိုင်ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း အေပီသတင်းဋ္ဌာန သို့ ပြောဆိုလိုက်သည်။ အင်းဒီယားနား ကျန်းမာရေးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ ဂျွန်ဆီလ်ကော့စ် မှ ဒါက ပုဂ္ဂလိက ဖြစ်ပျက်တဲ့ အမူအကျင့်ကြောင့်မို့ ဒီလုပ်ငန်းဟာ မြန်မာ တွေ အားလုံးကို သူ့ဆီမှာ မလာဖို့ တားဆီးလို့ မရပါဖူးဟု ပြောဆိုလိုက်သည်။

ယခုလို ကွမ်းတံတွေး ထွေးမှုကြောင့် ရေအိမ်တက်ခွင့် မြန်မာများအား တားဆီးခြင်း အဖြစ်ပျက်မျိုး စင်္ကာပူနိုင်ငံ တွင်လည်း ဖြစ်ပျက်ဖူးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here