ဆန္ဒပြမှုများ အတွက် ထိုင်း ရဲတပ်ဖွဲ့ အသင့်ပြင်ထား

alt

ယခု ရက်ပိုင်းအတွင်း ဖြစ်ပေါ် လာဖွယ်ရှိသည့် ဆန္ဒပြမှုများ အတွက် ထိုင်း ရဲတပ်ဖွဲ့က အသင့် ပြင်ဆင်​ ထားကြောင်း သိရှိ ရသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ် အား ထောက်ခံသူ ရှပ်နီများက မတ်လ (၁၄) ရက်နေ့တွင် ဘန်ကောက် မြို့တော်အတွင်း အစိုးရ ဆန့်ကျင်ရေး စုရုံး ဆန္ဒပြမှုများ ပြုလုပ် သွားမည်ဟု ကြေညာထားရာ အစိုးရက ဆန္ဒပြသူများ အနေနှင့် စစ်တပ်နှင့် ရဲစခန်းများကို ကျူးကျော် ဝင်ရောက်လာပါက အင်အားသုံး ဖြိုခွင်း​ သွားမည်ဟု ခြိမ်းခြောက် သတိပေးထားပြီ ဖြစ်သည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် ဆူသက်သောင် ဆူဘန်က ဘန်ကောက်မြို့ လမ်းများတွင် ရဲ(၁၀၀၀၀)နှင့် စေတနာ့ ဝန်ထမ်း ကာကွယ်ရေး တပ်ဖွဲ့ (၁၀၀၀၀) တို့ကို ဖြန့်ကျက် နေရာချပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သက်ဆင် အား ထောက်ခံသူများ ကမူ မိမိတို့ အနေနှင့် အစိုးရက ဘီလျံနာ သူဌေးကြီးသက်ဆင် ပိုင်ဆိုင်​သော ဒေါ်လာ(၁.၄) ဘီလျံတန် လုပ်ငန်းများအား သိမ်းဆည်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြသွားရန် မျှော်လင့်ထားကြသည်။

ထိုင်း အစိုးရသည် ဖြစ်ပေါ်လာနိုင်သော အခြေအနေ များအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်နိုင်ခြင်း၊ လူစုခွဲ ခြင်း၊ စစ်တပ်အင်အား အသုံးပြုနိုင်ခြင်း စသည်တို့ကို ပြုလုပ်​ နိုင်သည့် ပြည်တွင်း လုံခြံုရေး အက်ဥပဒေကို ကြေညာ ထားပြီး ဖြစ်သည်။ ထို့အပြင် ဘန်ကောက်မြို့တော်သို့ နိုင်ငံတဝှမ်းမှ ဝင်ရောက်လာနိုင်မည့် သက်ဆင် ထောက်ခံသူ ရှပ်နီ​များအား စီစစ်ရေး ဂိတ်များတွင် ဆန္ဒပြသူ များထံ၌ လက်နက်များ ပါမပါ စစ်ဆေးရန်လည်း ပြင်ဆင်ထား ကြသည်။

ဆန္ဒပြမှုကို စီစဉ်သူများက လူ(၆၀၀၀၀)မျှ မတ်လ (၁၄)ရက်နေ့တွင် စုရုံးနိုင်ရန် မျှော်လင့် ထားသော်လည်း အစိုးရ ကမူ ဒေသအသီးသီးမှ လာရောက် စုရုံးသူ အရေအတွက်မှာ (၁၀၀၀၀)​ မျှသာ ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ ဇာတိနိုင်ငံတွင် မျက်ကွယ်၌ ထောင်ဒဏ် (၂)နှစ်ကို ချမှတ် ခံထားရပြီး လောလောဆယ်​ တွင် UAE နိုင်ငံ၊ ဒူဘိုင်း၌ နေထိုင်လျှက်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here