ချန်ပီယံလိဂ် သရဖူအတွက် အာစင်နယ် ကစားသမား ဘန်တနာ စိတ်အား​ ထက်သန်နေ

alt

မိမိတို့သည် ဥရောပ ချန်ပီယံလိဂ် သရဖူကို ဆွတ်ခူး ရရှိရေးအတွက် အရာရာကို ရင်ဆိုင် သွားရန် အသင့်ရှိနေကြောင်း အာဆင်နယ် တိုက်စစ်မှူး နစ်ကလက် ဘန်တနာ က ပြောကြားလိုက်သည်။

ဒိန်းမတ် ရှေ့တန်းလူသည် မတ်လ (၉)ရက် နေ့က အာဆင်နယ်အသင်း ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်တွင် ပေါ်တူဂီထိပ်သီး ပေါ်တို အား (၅)ဂိုးပြတ် အနိုင်ယူရာတွင် Hat Trick အဖြစ် (၃)ဂိုး သွင်းပေးခဲ့သည်။ မိမိတို့ အနေနှင့် ပေါ်တိုအား အဝေးကွင်းတွင် ရှုံးခဲ့ သော်လည်း အိမ်ကွင်းတွင် အနိုင်ရကာ နောက်တဆင့် တက်နိုင်ခဲ့ခြင်း အတွက် ဝမ်းမြောက်မိကြောင်း ဘန်တနာ ကဆိုသည်။

ဘန်တနာက ပေါ်တိုအား အနိုင်ရ လိုက်ခြင်းသည် အာဆင်နယ် တသင်းလုံးအား ယုံကြည်မှု တိုးပွားလာစေ သလို ချန်ပီယံလိဂ်တွင် အောင်ပွဲခံနိုင်မည်ဟု မျှော်လင့်ချက်ကို ခိုင်ခိုင်မာမာ ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ချန်ပီယံလိဂ်တွင် (၂၀၀၆) ခုနှစ်က ဗိုလ်လုပွဲသို့ တကြိမ် တက်ရောက်ဖူး သော်လည်း ဗိုလ်စွဲခဲ့ဖူး ခြင်း မရှိသေးပေ။

သို့သော်လည်း ဘန်တနာက ပေါ်တိုကဲ့သို့ ဥရောပ နာမည်ရ အသင်းတသင်းအား ဂိုးပြတ် အနိုင်ရလိုက်ခြင်းကြောင့် အာဆင်နယ် အနေနှင့် ချန်ပီယံလိဂ်တွင် အောင်ပွဲဆင်နိုင်မည် ဆိုသော ယုံကြည်ချက်က ပိုမို ခိုင်မာလာကြောင်း သုံးသပ်ခဲ့သည်။ ထို့အပြင် ပေါ်တိုနှင့် ပွဲအတွင်း အခွင့်အရေး ရသမျှကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းက အသင်း၏ တိုက်စစ် အင်အားအတွက် အပေါင်းလက္ခဏာ ဆောင်နေသည်ကို ညွှန်ပြကြောင်း ဘန်တနာက သုံးသပ်ခဲ့သည်။

ထို့အပြင် ချန်ပီယံလိဂ် ကဲ့သို့ ထိပ်တန်းပြိုင်ပွဲ တခုတွင် Hat Trick ဂိုး သွင်းယူနိုင်ခဲ့သည့် အတွက် အလွန်ကျေနပ် မိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here