တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုအား မြောက်ကိုရီးယား သတိပေး

alt

တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းစစ်ရေး လေ့ကျင့်နေမှုအား မြောက်ကိုရီးယားက သတိပေး ပြောကြား လိုက်သည်။

နှစ်နိုင်ငံ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွင် ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်ရန် စစ်သားဦးရေ (၃၈၀၀၀)ဖြင့် ဆောင်ရွက်နေကြောင်း တောင်ကိုရီးယား အစိုးရက ကြေညာထားသည်။ သို့သော်လည်း ပြံုယမ်းရှိ မြောက် ကိုရီးယား အစိုးရက ယင်း စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက် လာစေနိုင် ကြောင်း စွပ်စွဲထားပြီး မိမိ၏ တပ်များကို နှိုးဆော် တပ်လှန့်ထားကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံတကာ လေ့လာသူများက ယင်း စစ်ရေးလေ့ကျင့်မှုကြောင့် နျူကလီးယား ဆွေးနွေးပွဲသို့ မြောက်ကိုရီးယားကို ပြန်လည်ပူးပေါင်းရန် ဆွဲဆောင်မှုအတွက် အခက်အခဲများ ဖြစ်လာစေဖွယ် ရှိကြောင်း လည်း မှတ်ချက်ပြုခဲ့ကြသည်။ Key Resolve and Foal Eagle ဟု အမည်ပေးထားသော စစ်ရေး လေ့ကျင့်မှုသည် (၁၀)ရက် ကြာမြင့်ပြီး တောင်ကိုရီးယား စစ်သား (၂၀၀၀၀) နှင့် အမေရိကန်တပ်ဖွဲ့ (၁၈၀၀၀) တို့ ပူးတွဲ ပါဝင်ကြသည်။

ယင်းကဲ့သို့ စစ်ရေး လေ့ကျင့်မှုမျိုးကို နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး မြောက်ကိုရီးယားကလည်း အစဉ်သဖြင့် သတိထား စောင့်ကြည့်ခဲ့သော်လည်း ပြဿနာ တစုံတရာ ဖြစ်ပွားမှုမျိုး မပေါ်ပေါက်ခဲ့ချေ။ တောင်ကိုရီးယား အစိုးရကလည်း မြောက်ကိုရီးယား၏ စွပ်စွဲသတိပေးမှုကို ပယ်ချထားပြီး စစ်ရေး လေ့ကျင့်မှုသည် မည်သူ့ကိုမျှ အန္တရာယ်မပြုကြောင်း မြောက် ကိုရီးယားက သိရှိထားပြီး ဖြစ်သည်ဟု တုန့်ပြန် ကြေညာခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် (၁၉၅၀) မှ (၁၉၅၃) အထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ပြီးကတည်းက ငြိမ်းချမ်းရေး ညှိနှိုင်းနိုင်ခြင်း မရှိဘဲ ကာလရှည်ကြာစွာ ဆန့်ကျင်ဖက် နိုင်ငံများအဖြစ် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here