အနေအထိုင် မတတ်တော့ ဘဝက လွဲတယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဘဝရဲ့ ကံကြမ္မာ အလှည့်အပြောင်းသည် ထူးဆန်းလေစွ ။ အံ့ဩဖွယ်ရာ ကောင်းလေစွ ပါတကား။

ကိုကျော်ညွှန့်​ သည် စိတ်စေတနာ ကောင်းရှိသော ရက်ရော တတ်သော လူရွယ်တယောက် ဖြစ်သည်..။ ဘဝကို ရေဆန် ဖြတ်သန်း ခဲ့ရပေမယ့် အတ္တမကြီးဘဲ မျှတသော အတွေးရှိသူသာ ဖြစ်သည်။ သူ၏ စိတ်စေတနာ​ ကောင်းတို့သည် ယခုတော့ တဖန်ပြန်၍ အကျိုးပေးပြီ ထင်ရတော့သည်။ အသက် ၃၂ နှစ်လုံးလုံး ပင်ပန်းဆင်းရဲစွာ ရှာဖွေ စားသောက်ခဲ့ ရသော ကိုကျော်ညွှန့်သည် ထင်မှတ်မထားသော ကံကောင်းမှုမျိုးဖြင့် ကံကောင်းခဲ့ပြီ။ လူမှန်းသိတတ်စ အရွယ် ကတည်းက ကြံုတွေ့ခဲ့ရသော ဆင်းရဲမွဲတေမှု တို့သည်လည်း ယခုတော့ ကိုကျော်ညွှန့် နှင့် လားလားမျှ မဆိုင် တော့ပေ။ ကြံုရာလုပ်ပြီး တကိုယ်ရည် တကာယ စားဝတ်နေရေး ဖြေရှင်းရမှု သည်လည်း ယခု အချိန်တွင်တော့ ချုပ်ငြိမ်း သွားပေတော့သည်။ ကိုကျော်ညွှန့် ငယ်စဉ်ထဲက မခေါ်မပြောဖြင့် အဆက်အသွယ် ဖြတ်ထားသော ဦးလေးသည် အံ့ဩဖွယ်ရာ သေတမ်းစာတခုကို ကိုကျော့်ညွှန့်အတွက် ရေးထားပေးခဲ့သည်။ စေတနာ ရှိလွန်း၍ ဆိုသည်ထက် ဒီဦးလေး အနေဖြင့် ကိုကျော်ညွှန့် ထက်ရင်းနှီးရသော ဆွေမျိုးမရှိ ခြင်းကြောင့် သူ၏ပိုင်ဆိုင်မှု အားလုံးသည် ကိုကျော်ညွှန့်အတွက် ဖြစ်လာ​ ရတော့သည်။

သူ့​ နာမည်ဖြင့်ထားခဲ့သော ဘဏ်ထဲက​ ငွေသည် သူ့ဘဝတွင် မမျှော်မှန်းဖူးခဲ့သော ငွေပမာဏ ဖြစ်သလို သူ့ဘဝ နောင်ရေးအတွက် ကောင်းကောင်း ရပ်တည်လို့ရသော ပမာဏလည်း ဖြစ်သည်။ သူ့ဦးလေးရဲ့ မစားရက် မသောက်ရက် စုထားသော ငွေတို့သည် ယခုတော့ သူ့ရဲ့ပိုင်ဆိုင်မှု ဖြစ်လာတော့သည်။ ဦးလေး​ တယောက်လုံး ကွယ်လွန်​ သွားမှုသည် သူ့အတွက် အမှန်တကယ်ကို စိတ်မကောင်း ဖြစ်ရပေမယ့် လောလောလတ်လတ် ပိုင်ဆိုင်​ ထားသော ငွေပမာဏ​ ကိုတော့ သူမေ့ဖျောက် ထားလို့မရခဲ့ပေ။ သူ့ဦးလေး မြေကျတဲ့​ အထိကနေ ရက်လည် ဆွမ်းကျွေး​ အထိ သူတည်တည် ငြိမ်ငြိမ် ဦးစီးပြီး​ ဆောင်ရွက်ခဲ့သည်…။ ယခင်က သူ့ဦးလေးနေခဲ့ပြီး ယခု သူ ပိုင်ဆိုင် သော တထပ်တိုက်ပုလေးရဲ့ ဧည့်ခန်းတွင်ထိုင်ရင်း သူသည် ပီတိတို့ဖြင့် ကျေနပ်နေခဲ့သည်…။ ဦးလေး ထားခဲ့သော ပစ္စည်း​ စာရင်းများကို ကြည့်ရင်း သူ့အနာဂါတ် အတွက် တွေးမဆုံးအောင် ဖြစ်နေသည်။ ဘာကိုပဲ တွေးတွေး အရာရာသည်​ ကျေနပ်နှစ်သက်စရာသာ ဖြစ်နေတော့သည်။

သူ့အတွက် ချန်ခဲ့သော ပစ္စည်းစာရင်းထဲတွင် သန်လျင်ဘက်မှ ၄ ထပ်တိုက် တလုံး ပါဝင်နေသည်။ ၁၉၆၀ ကျော်က ငွေ ၁၀သိန်းခွဲ အကုန်အကျခံ တည်ဆောက်ထားသော တထပ်လျှင် အခန်း ၆ခန်းပါသော ထို ၄ထပ် တိုက်ရဲ့ တနှစ်စာ အခန်း​ ငှားခသည် ယခုအချိန်တွင် သိန်း၃၀ခန့် ဝင်ငွေ ရှိနေတော့သည်..။ ဘဏ်အပ်ငွေရဲ့ အတိုးတွေ သရက်ခြံ သီဟိုဠ်ခြံ​ တို့ရဲ့ တနှစ်စာ ပျှမ်းမျှဝင်ငွေတို့ကို တွက်ချက်ပြီးသည့်​ အခါတွင် သူအတွက် စားလောက်ရုံ​ အပြင် ပိုလျှံ​ နေတော့သည်။

ဆင်းရဲသော ဘဝကနေ မထင်မှတ်ပဲ ဘဝပြောင်းလာသူ ဖြစ်သည့်အတွက်လည်း သူဌေးတယောက်လို လောဘ မရှိ ခြင်းလည်း ဖြစ်သည်။ စည်းစိမ်ချမ်းသာရဲ့ အရသာကို မခံစားဖူးသည့်အတွက် လက်ထဲကငွေကို တပြားကနေ နှစ်ပြားခွာဖို့လည်း အတ္တမရှိပေ။ ဘဝမှာ အကြိမ်ကြိမ် တွေးခဲ့သလို ထမင်းနပ်မှန်ရုံ လူတန်းစေ့ရုံ နေရရင် ကျေနပ် ပါပြီဆိုသော အတွေးများသည်လည်း ယခု အချိန်ထိ မပျောက်ပျက်ဘဲ တည်ရှိနေခြင်း ဖြစ်သည်။ မစားရက်​ မသောက်ရက် စုဆောင်းခဲ့သော ဦးလေး​ အတွက်တော့ အင်မတန် စိတ်မကောင်း ဖြစ်မိပြန်သည်။

ကိုကျော်ညွှန့် တယောက် ဧည့်ခန်းတွင် ကော်ဖီထိုင်သောက်ရင်း ပိုင်ဆိုင်မှုတို့ကို ကြည့်ကာ စိတ်ကူးတခု ရလာ ခဲ့သည်။ ထိုစိတ်ကူးမှာ သူပိုင်ဆိုင်သော ၄ ထပ်တိုက်ရဲ့ အခန်းငှားခ​ များကို လျော့ချပေးဖို့ပဲ ဖြစ်သည်။ တနှစ်စာ အိမ်ခန်း​ ငှားခ သိန်း၃၀ခန့်သည် သူ့အတွက်တော့ လိုအပ်တာထက် ပိုလျှံနေသော ငွေပမဏဖြစ်သလို အခန်း ငှားခ လျော့ချ​ ပေးလိုက်ခြင်းဖြင့် သူ့ဦးလေးအတွက် ကောင်းမှုတခုခု လုပ်ရာလည်း ဖြစ်မည် မဟုတ်ပါလား။။။ ထို့ထက် အရေးကြီးဆုံးမှာ အိမ်ငှားများရဲ့ ပြံုးပျော်ပီတိ များဖြစ်သည်။ စဉ်းစားရင်း တွေးတောရင်းဖြင့် သူမမြင် ဖူးသော အိမ်ငှားများရဲ့ ပျော်ရွှင်မှုတွေသည် သူ့နှလုံးအိမ်ကို ရိုက်ခတ်လာနေသည်။ လတ်တလော ချမ်းသာလာ ခြင်းရဲ့ ပီတိနှင့် နဂိုရ် ရှိပြီးသား စိတ်စေတနာကောင်းတို့ ပေါင်းစပ်မိသည့် အခါတွင်တော့ သဒ္ဒါစိတ်တို့ တရိပ်ရိပ် တိုးပွား​ လာနေတော့သည်။

ခေါင်းရင်း သရက်ပင်မှ ကျေးငှက်ရဲ့ တေးဆိုသံသည်လည်း သူ့ကို​ ကောင်းချီးပေးနေသလို ခံစားလာရသည်။ သာယာ​ နေသော နေမင်းသည်ပင် သူ့ရဲ့သဒ္ဒါတရားကြောင့် ယနေ့ပို၍ နွေးထွေးနေသလို ခံစားလာရသည်။ စိတ်ကောင်း​ နှလုံးကောင်း ရှိချိန်တွင် ကြည့်လေရာ​ လောကကြီးသည် သာယာလှပေစွ။ သူ​ ခံစားနေရသော ပီတီ အဟုန်တို့၏ ရိုက်ခတ်မှုဖြင့် အနည်းငယ် ကတုန်ကယင်ပင် ဖြစ်လာတော့သည်။ ထို့နောက် အချိန်မဆိုင်းပဲ ထို ၄ထပ်တိုက်ရဲ့ အိမ်ခန်းငှား တာဝန်ခံဖြစ်သူ ဦးသော်က ကို ချက်ချင်း အရောက်လာခဲ့ဖို့ လှမ်းခေါ် လိုက်တော့သည်။ နောက်ထပ် ၃ နာရီခန့် ကြာပြီးချိန်တွင် ဦးသော်က နှင့် မောင်ကျော်ညွှန့်တို့ ဧည့်ခန်းတွင် ဆုံတွေ့နေလေတော့သည်။

ဒီလို​ ဦးသော်ကရဲ့ ကျနော့်မှာ အစီအစဉ်တခု ရှိလို့ဗျ

ဘာများပါလိမ့် မောင်ကျော်ညွှန့်ရေ

ကျနော့် အခန်းငှားခတွေကို လျော့ချ​ တော့မလို့

ဗျာ…ဘယ်လို

အော် ဦးသော်က မရှင်းဘူးထင်တယ် ဒီလိုဗျ အခုလက်ရှိ အခန်း​ ငှားခတွေရဲ့ ထက်ဝက်တိတိကို လျော့ချ လိုက်ကြောင်း အိမ်ငှားတွေကို ဒီကပြန်ရင် ကြေငြာ​ ပေးစေချင်တယ်

ဦးသော်ကရဲ့ မျက်နှာ ပျက်ယွင်းသွားပုံသည် သူမျှော်လင့်ထားတာရဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ တခုခုကို ပြောချင်ပုံဖြင့် ဦးသော်ကရဲ့ နှုတ်ခမ်းတို့ တလှုပ်လှုပ် ဖြစ်နေသည်..။

ဘာပြောချင်တာ ရှိလို့လည်း ဦးသော်က…. ပြောပါ

အချိန်အနည်းငယ် တုန့်ဆိုင်းပြီးနောက်

တကယ်ဆို ဒီလိုလုပ်ဖို့ မလိုပါဘူးလေ အိမ်ခန်းငှားတွေ အားလုံးဟာလည်း အခုလက်ရှိ ဈေးနှုန်းကို ကျေကျေနပ်နပ် ပေးနေကြတာပါပဲ … ပုံမှန်အတိုင်း​ သွားနေတဲ့ အရာတွေကို ပြောင်းလဲတိုင်း ကောင်းတာ မဟုတ်ပါဘူး ဦးလေးက တူသားလို ခင်လို့ အကြံပေးတာပါ သေသေချာချာ ပြန်စဉ်းစား​ စေချင်ပါတယ်

ကျနော် စဉ်းစား ဆုံးဖြတ်ပြီးပါပြီလေ ကျနော်ပြောတဲ့ အတိုင်း လုပ်စေချင်တာပါပဲ

မောင်ကျော်ညွှန့် သေသေချာချာ​ စဉ်းစားပါ အိမ်ငှားတွေက ဘယ်လိုထင်ကြမလဲ

သူတို့ အိမ်ရှင်အသစ်က စိတ်ကောင်းစေတနာ ရှိတယ်လို့ပဲ သိကြမှာပါ ဒီလိုပဲ ရည်ရွယ်ပါတယ်

မဟုတ်သေးဘူး မောင်ကျော်ညွှန့် ဦးလေးပြောချင်တာက…….

ကဲပါ ဦးသော်က အချိန်ကုန်မခံပါနဲ့ ကျနော် ပြောတဲ့အတိုင်းသာ ကြေငြာပေးပါ

ဦးသော်က​ အနေဖြင့် ဘာမှ​ မတတ်နိင်တော့ပြီ။ သက်ပြင်းတချက်ကို ချရင်း ကတိပေး လိုက်ရတော့သည်။

ကောင်းပါပြီလေ ဦးလေး ဒီက​ ပြန်ရောက်တာနဲ့ ကြေငြာပေးပါ့မယ်

ခပ်လေးလေး ထပြန်သွားတော့ ဦးသော်ကရဲ့ နောက်ကျောကိုကြည့်နေသော ကိုကျော်ညွှန့် မျက်ဝန်းတွင် သဒ္ဒါစိတ် တို့ဖြင့်သာ အရောင်လက်နေခဲ့ပေမယ့် ဦးသော်ကရဲ့ ရင်ထဲတွေတော့ ရှုပ်ထွေးနောက်ကျိနေသည်။

ဒီသူငယ် စိတ်အခြေအနေ ပုံမှန်မှရှိရဲ့လား ဘယ်လို အတွေးမျိုးပါလိမ့်

သူ့ဦးလေးသာ ကြားလိုက်ရရင် တမလွန်ကနေ ချက်ချင်းတောင် ပြန်ထလာနိင်တာပါပဲ

ဘာရည်ရွယ်ချက်ပါလိမ့်

အဖြေမရသော အတွေးများဖြင့် ဦးသော်က တယောက် ငေးငေးငိုင်ငိုင်ဖြင့် အိမ်ပြန်​ ရောက်လာခဲ့သည်။

သူ့တာဝန်ဖြစ်သော အိမ်ခန်းငှားတွေကို အသိပေး ကြေငြာရမှာတွေကိုလည်း တတ်ကြွမှု မရှိပေ။ အရင်နှင့် မတူ​ သော သူ့​ ပုံစံကိုကြည့်၍ မိန်းမဖြစ်သူနှင့် သမီးဖြစ်သူတို့ အချင်းချင်း မေးငေါ့ပြီး အသံတိတ် စပ်စု နေကြ​ တာကိုလည်း ဦးသော်က မမြင်မိပေ။သက်ပြင်း တချချ ဖြစ်နေသော သူ့ကို မနေနိင်သည့်​ အဆုံး သူ့မိန်းမမှ မေးခွန်း ထုတ်မေးလာခဲ့သည်။

ကိုသော်က ရှင်​ …ဘာဖြစ်နေတာလဲ တခုခုဖြစ်နေတာတော့ သေချာတယ်

မင်း ..မသိပါဘူးကွာ

မသိလို့ မေးနေတာပေါ့တော် သက်ပြင်းတချချနဲ့ ဘာဖြစ်နေတာလဲ ပြောပါ

ဟူးးးး …ဒီလိုကွာ ……..

ဦးသော်ကရဲ့ ရှင်းပြသံ​ အဆုံးမှာ သူ့မိန်းမ မျက်နာတွင် မယုံနိင်မှုတို့ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

ရှင် အရက်များ သောက်ထားသေးလား

မေးမေးပြောပြောဖြင့် သူ့ပါးစပ်နား အနံ့လာခံသော မိန်းမဖြစ်သူကိုလည်း စိတ်မဆိုးရက်ပေ။

ငါကိုယ်တိုင် အရက်မူးနေတာ ဖြစ်စေချင်တာ

တခုခုတော့လွဲနေပြီ ဟုရေရွတ်ကာ သူ့မိန်းမကိုယ်တိုင် ဖုန်းဆက်မေးဖို့ရန် ထသွားသည်အထိ ဦးသော်က နေရာမှ မရွေ့ဖြစ်သေးပေ။ ခဏနေတော့ သူ့မိန်းမ ပြန်ရောက်လာသည်။ အခုချိန်တွင်တော့ အားလုံးဟာ ရှင်းသွားခဲ့ပြီ။

မောင်ကျော်ညွှန့်က အမြန်ဆုံး​ ကြေငြာပေးပါ လို့ မှာလိုက်သေးတယ်

သူ့မိန်းမရဲ့ စကားဆုံးတော့ ဦးသော်က ခင်မျာ အပေါ်အင်္ကျ ီကောက်ဝတ်ကာ အခန်းငှားတွေဆီကို ထွက်သွား တော့သည်။ နောက်ထပ် တနာရီခန့်ကြာပြီး​ ​အချိန်တွင်တော့ နှစ်ပေါင်းများစွာ တယောက်နှင့် တယောက် မေးထူး ခေါ်ပြောဖို့ရန်ကို ခက်ခဲနေခဲ့ ကြသော အိမ်ခန်းနီးချင်းတို့​ အားလုံး တိုက်ရှေ့ ကွက်လပ်တွင် စုစုရုံးရုံး ဖြစ်နေ​ တော့သည်။​ မိမိတို့ရဲ့ ထင်မြင်ချက်များဖြင့် အရင်ကနှင့်မတူ စည်းရုံးညီညွတ်​ နေကြသည်။

ခင်ဗျား​ …သိပြီးပြီလား

တဝက်တိတိ လျော့ချတာတဲ့

ဟုတ်ပါ့မလား ဦးသော်က ကြီး အရူးထတာ များလား

သေချာအောင်တော့ အိမ်ရှင်ကို ဆက်သွယ်ရမယ်

တယောက်တပေါက်ဖြင့် လည်းကောင်း နီးစပ်ရာ အစုအဖွဲ့များဖြင့် သော်လည်းကောင်း ကိုယ့်ထင်မြင်ချက် များဖြင့် တီးတိုး ဝေဖန် နေကြတော့သည်…။ အိမ်ရှင်ထံ ဖုန်းသွားဆက်သော ဒုတိယအထပ်မှ ကျူရှင်ဆရာ ပြန်ရောက် လာပြီးသည့်နောက်တွင် အိမ်ခန်း ငှားများအားလုံး အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွား တော့သည်။ ကျူရှင်ဆရာရဲ့ ရှင်းပြသံအဆုံးမှာ အားလုံးတဒင်္ဂ တိတ်ဆိတ်သွားသည်။ ထို့နောက် ယခင်ထက် တိုး၍ ဆူညံ လာခဲ့သည်။ အခုချိန်တွင်တော့ သူတို့ အားလုံးရဲ့ အတွေးထဲတွင် ဘာကြောင့် အိမ်ခန်းငှားခ တဝက်တိတိ လျော့ချ လိုက်ရတာလည်း ဆိုသည့် မေးခွန်းများ တူညီနေတော့သည်။ ကိုကျော်ညွှန့် ရည်ရွယ်သလို ရယ်မော ပျော်ရွှင်သွားကြသော မျက်နှာများ တခုမှ မရှိခဲ့ပေ။

ဒါဟာ ဘာကြောင့်လဲ

ဟုတ်တယ် ဒါဟာ ပုံမှန် အခြေအနေတော့ မဟုတ်တာ အမှန်ပဲ

အကောင်းမြင်ရရင် ဒါဟာဖြစ်တောင့် ဖြစ်ခဲ အခြေအနေတခုပဲ

ဟင် အင်း…မဟုတ်ဘူးဗျ ဒါဖြစ်လေ့မရှိတဲ့ အခြေအနေ

နေကြအုံးဗျ ကျုပ်တခုပြောမယ်

ပထမထပ် အခန်းနံပါတ် ၃ အပ်ချုပ်ဆိုင် ပိုင်ရှင်မှ အသံကျယ်ကျယ်ဖြစ် စကားဝိုင်းကို ဦးဆောင်လိုက်သည်။

ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာ ထူးခြားချက် တခုခု ရှိကို ရှိရမယ်ဗျ ဒါကိုကျုပ်တို့ သိဖို့လိုတယ်

အေးလေ …အဲဒါဘာလဲ ဒါ သွေးရိုးသားရိုး မဟုတ်ဘူး

ဘာကြောင့် အိမ်ပိုင်ရှင်က သူ့အိမ်လခကို တဝက်တိတိ လျော့ချလိုက်တာလဲ

ဘာအတွက်လဲ

မေးခွန်း ပေါင်းများစွာဖြင့် စကားဝိုင်း ပြန် ကျယ်လောင်လာခဲ့သည်။မေးခွန်းများစွာရဲ့ တခုတည်းသော ဦးတည်ချက်မှာ ဘာကြောင့် အိမ်ခန်းငှားခကို တဝက်တိတိ လျော့ချလိုက်တာလည်း ဆိုတာပဲဖြစ်သည်။

လူသာမန် တယောက်အနေနဲ့ ဒီလို ကောင်းမွန်နေတဲ့ ဝင်ငွေကို ငြင်းပယ်မယ်ဆိုတာ မဖြစ်နိင်ဘူး ။ ဆိုးဆိုး ရွားရွား တခုခုရှိလို့သာ ဒီလို ထောင်ချောက်နဲ့တူတဲ့ အကြံအစည်တွေနဲ့ ငါတို့ကို ချည်နှောင်တာပဲ

သူဘာကို ဖုံးကွယ်ချင်လို့ စိတ်ကောင်းစေတနာကို ချပြရတာလဲ

ခင်များတို့ အိမ်ကြီးကို ကြည့်ကြစမ်း အိမ်ကြီးက စောင်းနေတယ် မထင်ဘူးလား

အေးဗျ စောင်းနေသလိုပဲ ကျုပ်အခန်းရဲ့ အမိုးတွေလည်း အိကျ လာနေသလိုလိုပဲ

အပေါ်ဆုံးထပ်တွင်နေသော သူက ပြောသည်။

ဒီလောက် အိုဟောင်းနေတဲ့ အိမ်ကို အာမခံထားပြီး မီးရှို့လိုက်မယ် ဆိုရင်ရော

ကျူရှင်ဆရာမှ တွေးတွေးဆဆဖြင့် ဝင်ပြောသည်။

ဘုရားရေ….. အဲဒီလို ဖြစ်နိင်ပါ့မလား

ဒါတော့ ဘယ်သူ အတတ်ပြောနိင်မလဲ

ထို့နောက်တွင်တော့ စကားဝိုင်းသည် ဆိုးရွားသော အခြေအနေများကို သူ့ထက်ငါ ထုတ်ပြောခြင်းဖြင့် ပို၍ ဆိုးရွားမှုဆီ ဦတည်သွားတော့သည်။ ယခင်က ကြွက်ကြောင့်သော်လည်းကောင်း ကြောင် ကြောင့် သော် လည်းကောင်း ဖြစ်ပေါ်ခဲ့သော အသံဗလံများသည်လည်း ယခုအခါ မမြင်နိင်သော ပုဂ္ဂိုလ်တို့ရဲ့ ခြောက်လန့်မှု အဖြစ် အသွင်ပြောင်းသွားသလို ခေါင်မိုး သွပ်လန်နေသဖြင့် လေတိုက်တိုင်း ထွက်လာသော ပုံမှန်အသံ တို့သည်လည်း ဤအိမ်ကြီးရဲ့ ဟောင်းနွမ်း ယိုယွင်းမှုကို ပို၍ အဓိပ္ပါယ် ပေါ်လွင်သွားစေသည်။

တတိယထပ်တွင်နေသော ပင်စင်စား အဖိုးကြီးမှ တညနေ နေဝင်ရီတရောတွင် မီးဖိုရန်အလို့ငှာ မြေအောက်ခန်း ထဲတွင် သစ်တိုသစ်စ သွားရှာရင်း သေသွားသောအိမ်ရှင် အဖိုးကြီးကို ဝိုးတဝါး တွေ့လိုက်ကြောင်း ထုတ်ပြောသည်။ ပထမထပ်မှ ကျောင်းဆရာမကလည်း သူ့အိပ်ခန်းရဲ့ အောက်ဘက် မြေအောက်ထပ်မှ တခါတရံ ထုနှက် သံများ ကြားရသည်ဟု အားကျမခံ ဝင်ပြောပြန်သည်။ ယခင်က မေးထူးခေါ်ပြောပင် မလုပ်ခဲ့ကြသော အခန်းနီးချင်း တို့သည် ယခုအခါတွင် အိမ်ကြီးရဲ့ ဆိုးရွားမှုများကို စိတ်ကူးတည့်ရာ ထုတ်ပြောရင်း မိမိတို့ရဲ့ ရင်းနှီးမှုကို တည်ဆောက် နေကြသည်။ ထိုတည်ဆောက်မှုရဲ့ အခြားတဖက် တွင်တော့ အိမ်ခန်းငှားခ တဝက် တိတိလျော့ချ ပေးလိုက်သော အိမ်ကြီးသည် သူတို့ရဲ့ စကားလုံးများဖြင့် တအိအိ ပြိုကျနေပေတော့သည်။ တဦးတယောက် ပြောလိုက်တိုင်း ဆိုးရွားမှုတို့ ပိုလာသော ဤအိမ်ကြီး၏ အခြေအနေသည် နောက်ဆုံးတွင် ကြောက်လန့်စရာ နေရာအဖြစ် တိတ်တဆိတ် သတ်မှတ် ထားလိုက် ကြတော့သည်။

ထို့နောက်တွင်တော့ အရာရာသည် ထိတ်လန့်ခြင်းတခုခုကို စောင့်ဆိုင်းနေရသလို တုန်လှုပ် ခြောက်ခြားဖွယ်ရာ သာဖြစ်နေတော့သည်။ စကားသံတွေ ယခင်ကထက် တိတ်ဆိတ်သွားသလို ယခင်ကထက် အရာရာကို သည်းခံနိုင်စွမ်းတို့ ကုန်ခမ်းလာခဲ့ပြီ။ မမြင်ရသော အန္တရာယ် အငွေ့အသက်တို့ဖြင့် အိမ်တခုလုံး လွှမ်းခြံုခံထားရ သကဲ့သို့ အရာရာသည် အေးစက်စက် ဖြစ်နေခဲ့တော့သည်။

အခန်းထဲတွင်လည်း လေထုသည် ယခင်ကလောက် မရှိတော့ဘူး ထင်ကုန်ကြသည်။ ညအိပ်ချိန်တိုင်အောင် ဆိုးရွား သော အတွေးတို့ကို မဖျောက်နိင်သေးပေ။ တံခါးချက်များ သေသေချာချာ ချထားရဲ့လား နောက်တကြိမ် စစ်ကြပြန်သည်။ တထိတ်ထိတ်တလန့်လန့်ဖြင့် ညတာကို ကုန်လွန်ပြီးသည့်နောက်တွင် မည်သူမျှ လန်းဆန်း ခြင်းမျိုး မရှိတော့ပေ။ ဘာမှန်းမသိသော စိတ်အတွေးများရဲ့ ခြောက်လန့်မှုကိုလည်း မည်သူမှ မခံစားနိင်တော့ပေ။

နောက်တနေ့ညနေတွင်တော့ တတိယထပ်မှ မုဆိုးမ သားအမိရဲ့ အခန်း ပြောင်းရွေ့မှုသည် အားလုံးရဲ့ တိတ်တဆိတ် စိတ်ကူးများနှင့် ထပ်တူဖြစ်သွားခဲ့သလို အပေါ်ယံ ငြိမ်သက်နေသော အခြေအနေတခုကို စနက်တံ ဖြုတ်လိုက်သလို ဖြစ်သွားတော့သည်။ မည်သူမျှ ဤအိမ်ကြီးတွင် တထိတ်ထိတ်ဖြင့် မနေလိုတော့ပေ။ ပထမဆုံး အခန်းပြောင်း ရွေ့သူရဲ့ အကြောင်းကြားစာကို ဦးသော်ကမှ စိတ်မသက်သာသော မျက်နာဖြင့် မောင်ကျော်ညွှန့်ကို ပြလိုက်သည်..။

သွားပလေ့စေလေ ဦးသော်ကရဲ့ နောက်အိမ်ငှားတွေ ထပ်တင်မှာပေါ့… အဲဒီအခန်းကို ငှားရန် စာကပ်ထားလိုက်ပါ

နောက်တနေ့တွင်လည်း အခန်းပြောင်းရွေ့ရန် အကြောင်းကြားလာသူ နှစ်ယောက်ရှိနေခဲ့ပြီ။ တပါတ်တာမျှ ကုန်ဆုံးလာချိန်တွင် ဤအိမ်ကြီးတွင် နေထိုင်သူတို့သည် အိမ်ခန်းပြောင်းရွေ့ရန် အကြောင်းကြားစာများ အသီးသီး ပို့ပေး နေခဲ့သည်မှာ အိမ်ခန်းတိုင်း လိုလို ဖြစ် နေတော့သည်။ အရှိန်အဟုန်ကြီးသော ထိတ်လန့်ခြင်း လှိုင်းတံပိုး တို့သည်လည်း ထိုအိမ်ကြီးတွင်နေထိုင်သော တာဝန်ခံ ဦးသော်က မိသားစု အပေါ်ကိုပင် လွှမ်းခြံု သွားတော့သည်။

အခြေခံအကြောင်းတရားကို သိသော ဦးသော်က ကိုယ်တိုင်ခြောက်ခြားစ ပြုလာပြီး သူ့မိသားစုကိုပင် နှစ်သိမ့်နိင် ခြင်းငှာ မရှိတော့ပေ။ ပြောင်းရွေ့သွားသော အိမ်ခန်းတို့ရဲ့ ရှေ့တွင် ငှားရန် စာများကပ်ထားရုံ မှတပါးအခြား ရွေးချယ်စရာ မရှိပြီ။ အိမ်ခန်း ငှားရန်လာကြည့်သူတို့သည်လည်း ဤမျှ များပြားနေသော အခန်းလွတ်များကို အံ့အားသင့် နေကြသည်။ ပြောင်းရွေ့ခါနီး အခန်းရှင်တို့ရဲ့ အိမ်ရှင်က ရေရာသော အကြောင်းပြချက်မရှိဘဲ အခန်းငှားခ တဝက်တိတိ လျော့ချကြောင်း ပြောပြလိုက်သည့် နောက်တွင်တော့ အကောင်အထည် ဖော်ပြနိင်စွမ်း မရှိသော စိုးရိမ်စိတ်တို့ဖြင့် အိမ်ခန်းငှားရန် ကြံစည်သူတို့ပင် လက်လျော့ကာ ပြန်လှည့်သွားကြတော့သည်။

၁၀ ရက်ကျော်မျှသော အချိန်အတွင်း အခြေအနေသည် ဆိုးရွားစွာ ဆက်လက် ဖြစ်ပေါ်နေသည်။ ဦးသော်ကရဲ့ သမီးသည်ပင် စိတ်ခြောက်ခြား လွန်းကာ ထိုအိမ်ကြီးတွင် မနေချင်တော့သဖြင့် ချစ်သူနှင့် ခိုးရာ လိုက်ပြေးသွားတော့သည်။ ရှာဖွေစားသောက်စရာ မရှိတော့သည့်အတွက် ကြွက်များ ပိုးဟပ်များ သည်လည်း နေရာရွေ့သွား ခဲ့လေပြီ။ ယခုအချိန်တွင်တော့ အရာရာသည် ပြုပြင်၍ပင် မရနိင်တော့ပေ။

နောက်ဆုံးတွင် ဦးသော်ကတို့ လင်မယား ကိုယ်တိုင် မောင်ကျော်ညွှန့်ထံ အခန်းသော့ ပြန်အပ်ကာ အဝေးတနေရာ ကို ထွက်ခွါ သွားလေတော့သည်။ စားပွဲခုံပေါ်တွင် စုပုံနေသော အိမ်ခန်းသော့များကို ကြည့်ကာ အဖြေ ရှာမရသော အတွေးများဖြင့် မောင်ကျော်ညွှန့် တယောက်ငေးငိုင်ကာ ကျန်ရစ် နေခဲ့တော့သည်။

မြစ်​ကျိုး​အင်း

Emile Gaboriau ရဲ့ Accursed House ဇာတ်လမ်းရဲ့ ကျောရိုးကို ယူပါသည်..။

LEAVE A REPLY

Please enter your comment!
Please enter your name here