တံဆိပ်တပ်တဲ့ ဝါသနာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

တပည့်​ ကျောင်းသားဟောင်း တယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်​ အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။

လှူတဲ့အထဲမှာ​ ပါတဲ့ ဂျာနယ်တစောင်ကို တွေ့တော့ သူက အံ့ဩတဲ့ မျက်နှာပေးနဲ့ “ဒီဂျာနယ်လဲ ဖတ်တာပဲလား​ ဆရာ” လို့ မေးလိုက်ပါတယ်။ ပြီးတော့ တဆက်တည်း “ဆရာနဲ့ အယူအဆ ပြဒါးတလမ်း သံတလမ်း မဟုတ်လား” လို့လည်း ပြောလိုက်ပါသေးတယ်။

မတူတာ ပိုဖတ်သင့်တယ်

သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လို့ အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုပြီးတောင် ဖတ်သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်က​ ကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုး​ မရှိနိုင်ဖူးလား။ ကိုယ်နဲ့အကြိုက်ချင်း မတူတာနဲ့ အယူအဆချင်း မတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။

အယူအဆ မတူပေမယ့်လို့၊ ကိုယ်ကျိုးစီးပွားနဲ့ ရပေါက်ရလမ်း အခွင့်အရေးကို မျှော်ကိုးပြီး ရေးသားတာမျိုး မဟုတ်ဘဲ၊ သူကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင်၊ ဘယ်လောက်ပဲ အယူအဆ ကွဲနေနေ တလေး​ တစား သဘောထား ရမှာပါပဲ။ စာကိုသာ မဟုတ်ဘူး၊ လူကိုလည်း လေးစားရမှာပဲ​ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်​ ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့ လောက်သာဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလို ပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်း​ လွန်မြောက်လာခဲ့ပြီး၊ အဖြစ်မျိုးစုံ ကြံုတွေ့ခဲ့ဖူးတဲ့ မြန်မာ​ စာဖတ်​ ပရိသတ်က အင်မတန် အကင်းပါးပါတယ်။

ပါးစပ် ဟ လိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာအူ ဘယ်နှစ်ခွေရှိတယ်

ဆိုတာ ကောင်းကောင်း မြင်တတ်ပါတယ်။ စာဖတ် ပရိသတ်က အလေ့မလုပ်တော့လို့ စာပေသင်္ချိုင်းကို အသက်ရှင်​ လျက် ရောက်သွားတဲ့ သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်​ ဆိုတာ စာရေးဆရာ​ မှ စာက မဟုတ်တာ။

သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ

နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်၊ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး​ ဆိုပြီး ဖါလို့ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနားထင် အရောက်လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုးဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘဝ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံရှာပစ်ပယ်ခြင်း ခံလိုက်တဲ့ သာဓက​ တွေလည်း ရှိသေးတယ်။ နှုတ်ကြောင့်သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူ အမည်းနဲ့ မှတ်တမ်းတင်​ ကျန်ရစ်ခဲ့တာ​ ဆိုတော့ လိမ်လို့လည်းမရ ငြင်းလို့လည်း​ မရတော့ဘူး။

ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး၊ စာကောင်း​ တချို့ရေးသား နိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ “သမိုင်းရဲ့​ အမှိုက်ပုံကြီး” ထဲ ရောက်ရှိသွားတာ မျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာ​ လည်းဖြစ်၊ နှမြောစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ်လို့ မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်း​ ကျပုံက၊ မှားခဲ့မိတာကို အမှန်တကယ် သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင် လိုက်ရင်ဖြင့်၊ အာဃာတ လုံးဝမထားပဲ ခွင့်လွတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ​ လိုပါတယ်။

တံဆိပ်တပ်တဲ့ ဝါသနာ

ကျ​နော်​ကတော့ ဒီဂျာနယ်လဲ မဖတ်ဘူး၊ ဟိုစာရေးဆရာလဲ မဖတ်ဘူး၊ သူတို့က အလိုတော်ရိတွေမှန်း သိသာနေတာပဲ ဆရာရဲ့

ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင် သူ့သဘောထားကို ပြတ်ပြတ်ပဲ​ ပြောလိုက်ပါတယ်။ ဒါက စာဖတ်​ ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို​ ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်း​ သမားကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်းဖတ်၊ မကြိုက်လည်း​ ဖတ်ပဲ။ မကောင်းတာကိုလည်း ဘာက​ ဘယ်လို မကောင်းတာလဲ​ ဆိုတာကို စာဖတ်​ ပရိသတ်အတွက် ပြောဖို့ လိုအပ်လာတဲ့​ အခါ ပြောနိုင်ဖို့ အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဖက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။

ကိုယ်နဲ့မတူတာနဲ့ပဲ မမှန်ဘူး၊ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ၊ ကိုယ်က သူ့ကို မှားတယ်လို့​ ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုပဲကွဲကွဲ၊ သူတို့ဂျာနယ်ဟာ ဂျာနယ်​ ကောင်း တစောင်ပဲ။ လူပြိန်းကြိုက် သည်းခြေခိုက်​ စာတွေနဲ့ စာဖတ်​ ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်း​ တွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြ​ လိုက်ပါတယ်။ ပြီးတော့မှ ဘယ်သူ့ကို ဖြစ်ဖြစ် အလွယ်တကူ “တံဆိပ်တပ်” တာမျိုး မလုပ်ဖို့လည်း ပြောလိုက်​ရပါ​ သေးတယ်။

အလိုတော်ရိလို့

သူက ပြောခဲ့တာကိုး။

တံဆိပ်တိုင်း မှန်တာမဟုတ်

တံဆိပ်တပ် တဲ့

အလုပ်ကို ကျွန်တော်တို့ လူမျိုးက တော်တော် ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ၊ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အန်တီပဲ၊ ဂန္ထဝင်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက် သမားပဲ၊ တိုးတက်တဲ့​ သူပဲ၊ ဖေါက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ “တံဆိပ်” တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြား စကားတခု၊ ကောလဟာလ​ တခုကို အခြေပြုပြီး အလွယ်​ တကူ တံဆိပ်တပ်​ ပေးလိုက်ကြတာ ပါပဲ။ အသက် (၇၀) တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့တွေအရ ပြောရ​မယ်​ ဆိုရင် အဲဒီလို “တံဆိပ်တပ်” မှု အတော်များများဟာ လုံးဝ မမှန်တာတွေ ဖြစ်တယ်ဆိုတာပါပဲ။

လူအတော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ခ်​ ​ဝါဒီပဲလို့ “တံဆိပ်တပ်” ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေ​ မဟုတ်၊ ကွန်မြူနစ် မတ်ခ်​ ​ဝါဒီတွေ မဟုတ်ဘူးဆိုတာကို၊ နောက်ပိုင်း သူတို့ရေးသားတဲ့ (နိဗ္ဗိန္ဒ) စာတွေ ဖတ်ရတော့ သိလာ ကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ ဒါမှမဟုတ် သူတော်ကောင်းကြီး​ ပဲလို့ “တံဆိပ်တပ်” ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ “တံဆိပ်တပ်” ထားသလို မဟုတ်ကြောင်း ပေါ်လာကြတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ တံဆိပ်တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ “အင်ဖေါ်မာ” (​ Informer​ ) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာ ဖြစ်လာတာနဲ့၊ သူက “အင်ဖေါ်မာ” ပဲ “သတင်းပေး” ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာ​ ပါပဲ။

လွယ်လွယ်တံဆိပ် မတပ်နဲ့

ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက “သူရဲကောင်း” လို့ တံဆိပ်တပ်​ ပေးထားသူတွေက တကယ်​ တမ်းကျ “အင်ဖေါ်မာ” ဖြစ်လိုဖြစ်၊ အများက “အင်ဖေါ်မာ” တံဆိပ်တပ်​ ​ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ်ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြံုခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖေါ်မာ ဖြစ်နေ​ ခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့်လို့၊ ရိုးသား သူကို “အင်ဖေါ်မာ” တံဆိပ်တပ်​ လိုက်တဲ့​ အတွက် အတပ်ခံသူရဲ့ တဘဝလုံး ထိခိုက် သွားပြီး ရောက်လေရာ​ အရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွား ရလေ့ရှိပါတယ်။

အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ “တံဆိပ်တပ်” တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့် အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိရတာမျိုး မဟုတ်ဘဲနဲ့ အခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူ​ တယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘဝလုံး ခေါင်းမဖေါ်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း ကြီးစွာ စိတ်မကောင်း ဖြစ်ရတတ်ပါတယ်။

အဲ…… တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုး​ ကိုတော့ “လူပြောမသန် လူသန်မပြော” လို့ပဲ သဘောထားလိုက်ပါ။ သူတော်စင် သူတော်ကောင်း​ များဟာ ကိုယ့်ကိုကိုယ် ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖေါ် မိန့်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူး ပါတယ်။ “ကိုယ့်ကိုကိုယ်ဖေါ် မသူတော်” လို့ ဆိုတဲ့ ရှေးလူ သူမတို့ စကား အရှိသား မဟုတ်လား။

လူ​ထု​စိန်​ဝင်း

၇ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချီခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် တင်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here