တောင်ကိုရီးယား တိုက်လေယာဉ် နှစ်စင်း ပျက်ကျခဲ့ဟု အတည်ပြု ပြောကြား

alt

တောင်ကိုရီးယား လေတပ်က မိမိ တို့၏ တိုက်လေယာဉ် နှစ်စင်း ပျက်ကျခဲ့ကြောင်း အတည်ပြု ပြောကြား လိုက်သည်။ မတ်လ (၂)ရက်နေ့ က အရှေ့ပင်လယ် အနီး စစ်ရေး ပြ အခမ်းအနား တခုတွင်

ပျံသန်းနေစဉ် F-5 တိုက်လေယာဉ် နှစ်စင်း ပျက်ကျကာ လေယာဉ်မှူး (၃)ဦး သေဆုံး သွားခဲ့ ရသည်။

အလောင်းများနှင့် အပျက်အစီး အစိတ်အပိုင်း အချို့တို့ကို ဂန်ဝန်းခရိုင်အနီး ပြွန်ချမ်းရှိ တောင်ထိပ်တခု အနီး တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား လေတပ်မှ တာဝန်ရှိသူ တဦးက ယွန်ဟပ် သတင်းဌာနထံ ပြော ကြား သွားခဲ့သည်။

လေယာဉ်နှစ်စင်း တို့သည် ဂန်ဝန်းရှိ ဂန်နောင်း လေတပ်စခန်းမှ ပျံတက်လာခြင်း ဖြစ်ပြီး မြေပြင်မှ ထွက် ခွာသည့် (၅)မိနစ် အကြာတွင် လမ်းကြောင်းမှားက ပျက်ကျခဲ့ခြင်း ဖြစ်သည်။ တာဝန်ရှိသူ များက လေယာဉ်များသည် ဟွမ်ဗြောင်း တောင်အား လမ်းမှားကာ ဝင်တိုက်ခဲ့ခြင်းဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်က မြူနှင်းထူထပ်စွာ ကျဆင်းနေပြီး မြင်ကွင်း မရှင်းသဖြင့် ယခုလို ဖြစ်ရခြင်းဟု လေတပ်က ခန့်မှန်း ထားခဲ့သည်။ ယခုအခါ အသေးစိတ် စုံစမ်းမှုများကို ပြုလုပ်နေပြီဟု ဆိုသည်။ ယွန်ဟပ် သတင်းစာက (၂၀၀၀)ပြည့် နှစ် နောက်ပိုင်း F-5 လေယာဉ်များ ပျက်ကျမှုမှာ ယခု အကြိမ်သည် သတ္တမမြောက်ဟု ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here