ဥရောပ အရှေ့ပိုင်း ဆောင်းရာသီ မုန်တိုင်းကြောင့် လူသေဆုံးမှု များဖြစ်ပွား

alt

ဥရောပ အရှေ့ပိုင်းတွင် ဆောင်းရာသီ၌ ဖြစ်ပွားသော မုန်တိုင်းများကြောင့် လူအသေအပျောက် များပြားခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ (၂၈)ရက် နေ့က မိုးများ သည်းသည်းထန်ထန် ရွာသွန်းခဲ့သလို လေပြင်းများ တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့သလို လူ(၅၀)ထက် မနည်း သေကြေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အတ္တလန္တစ် သမုဒ္ဒရာ အတွင်းရှိ ပေါ်တူဂီပိုင် မက်ဒီယာကျွန်းမှ စတင်သော စင်သီယာမုန်တိုင်းသည် ပြင်သစ်၏ အနောက်ဖက် ကမ်းခြေသို့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြင်သစ်နှင့် စပိန်တို့တွင် သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။ မုန်တိုင်းသည် ဖေဖော်ဝါရီလ (၂၈)ရက် နေ့တွင် ဂျာမနီနှင့် ဘယ်ဂျီယမ် တို့ကိုပါ ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသော ပြင်သစ်တွင် အနည်းဆုံးလူ (၄၅)ဦး သေဆုံးကာ အချို့လည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဗန်ဒီး နှင့် ချာရန်တီ-မာရီတိုင်းကို အဓိက တိုက်ခတ်သွားသော မုန်တိုင်းကြောင့် ကမာ္ဘလှည့် ခရီးသည် ဝင်ရောက်မှု အများဆုံး အဆိုပါ ကမ်းခြေဒေသ နှစ်ခုတွင် အပျက်အစီးများ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့သည်။ ကယ်ဆယ်ရေး တပ်ဖွဲ့များက သေဆုံးသူ အများစုသည် ရေနစ်ခြင်း၊ လဲကျသော သစ်ပင်နှင့် အဆောက်အအုံများ ပိမိခြင်းတို့ကြောင့် အသက် ဆုံးရှုံးကြရခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ပြင်သစ် သမ္မတ နီကိုလတ် ဆာကိုဇီသည် မတ်လ (၁)ရက်နေ့တွင် အဆိုပါဒေသများသို့ ချက်ချင်း သွားရောက်ခဲ့သည်။ မုန်တိုင်းကြောင့် နေအိမ် (၅)သိန်းခန့်မှာ လျှပ်စစ်မီး ပြတ်တောက်ကာ မှောင်မည်းကာ ပြင်သစ် အမျိုးသား ဓာတ်အားပေး ကုမ္ပဏီက ကြိုးစား ဆောင်ရွက်နေကြကြောင်း ပြောကြားလိုက်သည်။ အစိုးရပိုင် ရထား ပို့ဆောင်ရေး ကုမ္ပဏီ ကလည်း မုန်တိုင်းဒဏ်ခံ ဒေသများတွင် လမ်းပမ်း ဆက်သွယ်မှုများ ဆိုးဆိုးရွားရွား ပျက်စီး နေသောကြောင့် ကူးသန်း သွားလာရေး နှောင့်နှေးမှုများ ပေါ်ပေါက်နေမည်ဟု သတိပေး ပြောကြားထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here