ချီလီ၌ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၈၀၀ အနား ကပ်လာခဲ့

alt

ဖေဖော်ဝါရီလ (၂၇)ရက် နေ့က တောင်အမေရိက နိုင်ငံတခုဖြစ်သည့် ချီလီတွင် လှုပ်ခတ်သွားသော ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်မှာ မူလ ခန့်မှန်းသည်ထက် များပြားကာ ယနေ့တွင် သေဆုံးသူ (၇၉၅)ယောက် ကျော်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

ယခင်က ကယ်ဆယ်ရေး လုပ်သားများသည် သေဆုံးသူ ဦးရေကို (၃၅၀)မျှသာ ခန့်မှန်းခဲ့သော်လည်း မတ်လ (၁)ရက်နေ့ အထိ အနည်းဆုံး လူ(၇၁၁)ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိ ထားပြီဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ ချီလီသမ္မတ မစ်ချလီဘီချယ်တာက ပြင်းအားအဆင့် (၈.၈)ရှိသော ငလျင်ကြီးကြောင့် ကွန်စတက် ကျူဆီယန်မြို့တွင် ဆုံးရှုံးမှုတန်ဖိုး ပေါင်စတာလင် ဘီလျံ(၂၀)မျှ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုကြောင့်လည်း အဆိုပါ ကမ်းခြေမြို့လေး၏ ငါးဖမ်းလုပ်ငန်းတွင် ကြီးကြီးမားမား ထိခိုက်ခဲ့သလို ငါးဖမ်းလှေ အမြောက်အမြား ဆုံးရှုံးသွားကြောင်းလည်း သိရှိရသည်။ ယခု လှုပ်ခတ်ခဲ့သော ငလျင်ကြီးသည် (၁၉၀၀)ပြည့်နှစ် နောက်ပိုင်းတွင် ပဥ္စမမြောက် အပြင်းထန်ဆုံး ငလျင်ကြီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ချီလီသည် သမိုင်းတွင် အပြင်းထန်ဆုံး ငလျင်ကြီးနှင့်လည်း (၁၉၆၀)ပြည့်နှစ်က ရင်ဆိုင် တွေ့ကြံုဖူးပြီး ထိုစဉ်ကလည်း လူပေါင်း(၁၆၅၅)ဦး သေဆုံးခဲ့သည်။ ယင်း ငလျင်ကြီးသည် ပြင်းအားအဆင့် (၉.၅)အထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယခုအခါ ချီလီ အစိုးရသည် နိုင်ငံတကာ အကူအညီများကို လိုက်လံ ရှာဖွေနေပြီ ဖြစ်သည်။

ငလျင် လှုပ်ခတ်ပြီးနောက် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်း နိုင်ငံ အချို့တို့သည် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း မတ်လ (၁)ရက်နေ့ နံနက်ပိုင်း မှစကာ သတိပေးချက် များအား ပြန်လည် ရုတ်သိမ်းခဲ့သည်။ ချီလီသည် တောင် အမေရိကတိုက် အနောက်ပိုင်းတွင် တည်ရှိကာ ပစိဖိတ်မီးကွင်း ဒေသခေါ် သမုဒ္ဒရာ ကြမ်းပြင်အောက်ရှိ ငလျင်ကြောများရှိရာ မြစ်ဝှမ်းပေါ်၌ ၉၀ရာခိုင်နှုန်း တည်ရှိလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here