မြန်မာ ဘလော့ဂါများနှင့် မြန်မာ မီဒီယာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကြွရောက်လာတဲ့ ပရိသတ်များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြ ပါစေလို့ ဆုတောင်းပါ တယ်။ ကျနော် မင်းဒင် ပါ။ ပွဲတွေ လမ်းတွေ မကြံုခဲ့တာ ခြောက်နှစ်ကျော် ကြာ ပြီးမှ

ဒီစင်ပေါ် ရောက်လာတာမို့ ကျနော့် ဆွေးနွေးတင်ပြရာမှာ တစုံတရာ အမှားအယွင်း ပါခဲ့ရင် ကျနော့်ကို နားလည် ခွင့်လွှတ်ပေးကြ စေလို ပါတယ်။

အခု ကျနော် တင်ပြမဲ့ အကြောင်းအရာဟာ

မြန်မာ ဘလော့ဂါများနှင့် မြန်မာ မီဒီယာ

ဆိုတဲ့ ခေါင်းစဉ်ပါ။ အဲသလို တင်ပြရာမှာလည်း ကျနော်ဟာ သတင်းမီဒီယာ ပညာကို တတ်ကျွမ်းနားလည်သူ မဟုတ်၊ စာရေး ဆရာလည်း မဟုတ်တဲ့အတွက် သာမန်အရပ် သားတဦးရဲ့ ထင်မြင်ချက်မျှသာ ဖြစ်ပါလိမ့်မယ်။ ကျနော်နေထိုင်တဲ့ ဖူးခက်မြို့ ဟာ တကယ့်ကို စာပေနဲ့ သတင်းမီဒီယာ အဆက်ပြတ်နေတဲ့ ဒေသပါ။ အဲဒီ အရပ်ဒေသမှာ အနေကြာ လာတော့ ဘဝဟာ အထီးကျန် ဆန်လာတာနဲ့ ၂၀၀၈ ဝန်းကျင်လောက်မှာ ဘလော့ဂ် စာမျက်နှာတွေကို ကျနော် စဖတ် မိလာပါတယ်။ ဒေါက်တာ လွမ်းဆွေ၊ မျိုးချစ်မြန်မာ၊ နစ်နေမန်း တို့ရဲ့ စီဘောက်တွေမှာ ကျနော့် အယူအဆ ထင်မြင်ချက်တွေကို လျှောက်ရေး ပါတယ်။ ဒါတွေကို ဖတ်မိတဲ့ ဖူးခက်က မသေးမျှင် ဆိုတဲ့ မွန်မလေး တယောက်က ကျနော့်ကို သနားသွားရှာ တယ် ထင်ပါရဲ့။ ကျနော် ရေးချင်တာ ရေးနိုင်ဘို့ ဘလော့တခု လုပ်ပေး ပါတယ်။ ဒီလိုနဲ့ ကျနော်ဘလော့ဂါ ဖြစ်လာတော့ တာပဲ။

ကျနော် ဘလော့ဂါ ဖြစ်လာတော့ ဘလော့တွေ ကတော့ အတော်ကို အမျိုးစုံနေပါပြီ။ ဘာသာရေးနဲ့ ပတ်သက်လို့ ဘလော့ဂ် တွေပေါ် မှာ ရေးထားတာများ ဒီဘဝမှာတင် မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်နိုင်တဲ့ အထိပါပဲ။ ကျန်းမာရေး အတွက်ဆိုလည်း ဆေးရုံ၊ ဆေးခန်းတွေ ပိတ် ပစ်ရမဲ့အထိကို များပြားလှပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်လို့လည်း ဘလော့ဂ် ဖတ်သူတွေ စီးချင်းထိုးချင်စိတ် ပေါက်လောက်အောင်ကို များပြားလှပါတယ်။ ပုဂ္ဂလိက ခံစားချက်တွေ ရေးတဲ့ ဘလော့ဂ်တွေလည်း မရေတွက်နိုင်ပါဘူး။ ကိုယ် မသိသေးတဲ့ ဗဟုသုတတွေ အဆို၊အမိန့်တွေကို စာသားနဲ့တင်မက ဓာတ်ပုံဖိုင်၊ ဗီဒီယို ဖိုင်တွေနဲ့ပါ တင်ပြထား တတ်ကြတာကြောင့် အကျိုးများလှပါတယ်။ အခုဆို မြန်မာဘလော့ဂ်ပေါင်း ထောင်ချီပြီး ရှိလောက်ပါတယ်။

အရည်အသွေးရှိတဲ့ ဘလော့ဂ် တော်တော်များများကိုလည်း တွေ့ရပါတယ်။ ကဗျာဘလော့ဂါ ထဲမှာဆိုရင် ကဗျာဆရာ ကိုဟယ်ရီလွင် ဟာ မြန်မာကဗျာ စပ်နည်းကို ထဲထဲဝင်ဝင် လေ့လာ ရေးသားထားတာကို တွေ့ရပါတယ်။ သူ့ကဗျာ တပုဒ်ထဲက တပိုဒ်ကို ကျနော် ဖတ်ပြပါရစေ။ သူ့ အဆိုအရ ရတုပိုဒ်စုံမှာ ခေါင်းစဉ် မတတ်ရဘူး ဆိုပေမဲ ့ အောက်က ရတုလေး ကိုတော့ ကြယ်ကြွေဆုတောင်း  လို့ ခေါင်းစဉ် တပ်ထားပါတယ်။

ကြယ်တို့မည်သည်၊ ညယံဆီ၌၊ သီရီကြွေကျ၊ မြေသို့ခချိန်၊ ခဏတာဝယ်၊ တောင်းဆုရွယ်သော်၊ အကယ်ပင်ပြည့်၊ ‎‎ဆိုဓလေ့ကို၊ တကွေ့ချိန်ခါ၊ ကြားနာဖူးခဲ့၊ ထူးတဲ့ဖြစ်အင်၊ တကယ်ပင်လား၊ မထင်ငြားလည်း၊ လွင့်ပါးစိတ်နယ်၊ ‎‎ဖြေတွယ်ရာမဲ့၊ သောကရဲ့လူ၊ အပူတွေများ၊ ပျောက်လိုငြားပေါ့၊ စောင့်စားဆုချွေ၊ ပန်ဖူးပေ၏၊ ဝေရီဝေမြ၊ ‎‎ကြယ်ကြွေကြသည်။ ။ ညအခါ၌သာ တကား။

နောက်ပိုင်း အပိုဒ်တွေမှာလည်း ကြယ်တို့ မည်သည်နဲ့ ကာရန်တူ ရွယ်လို့ရည်မည်၊ ဘယ်သို့ဆီရည်၊ ညအခါ၌သာ တကားနဲ့ ကာရန်တူ နှမလာခိုက်မှာ တကား။ လမသာ ‎‎မိုက်ပါတကား။ ဆိုတာမျိုးတွေနဲ့ ဖွဲ့နွဲ့ ထားတာမို့ မြန်မာ ရတုပိုဒ်စုံကောင်း တပုဒ်ဖြစ်နေတာ တွေ့ရပါတယ်။ မကြာသေးခင်က ရေဒီယိုမှာကော အွန်လိုင်းမှာပါ လူကြိုက်များခဲ့တဲ့

ချစ်သူများနေ့ တဲ့လား

ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း ကဗျာလေးကိုလည်း သူရေးခဲ့ တာပါပဲ။

တချို့ဘလော့ဂ်တွေများဆို ကျနော်အနေနဲ့ လိုက်မမှီနိုင်တာ၊ ဖတ်ပြီး နားမလည်နိုင်တာ တွေမျိုးတွေလည်း ရှိပါတယ်။  ကျနော် ဖတ်ဘူးတဲ့ တောကျောင်းဆရာရဲ့ တခါက တချို့တလေ ဆိုတဲ့ ဘလော့ဂ်ပေါ်က စာသားတချို့ ကောက်နှုတ်ပြီး ဖတ်ပြ ချင်ပါတယ်။ အချိန် ကန့်သတ်ချက်ကြောင့် အခု ကျနော်က သူ့ရဲ့ ရေးဟန် သဘောမျှကို ထုတ်နှုတ် ဖတ်ပြမှာ ဖြစ်ပါတယ်။ နားထောင်ကြည့်ပါ ခင်ဗျ။ သူပေးထားတဲ့ ခေါင်းစဉ်က .. ထမင်းစားရေသောက် အဓိပ္ပါယ် ဆိုတဲ့ စာတိုလေး တပုဒ်ထဲက ကောက်နှုတ်ချက်ပါ။

တချို့များဆို မင်းလေးက ငါ့ဘဝ အဓိပ္ပါယ်ပဲတဲ့၊

ကဲ … ဒီထက် ဘာ အဓိပ္ပါယ်ရှိချင်သေး သလဲ၊ အဓိပ္ပါယ်တွေ များမှများ၊ ရှိတ်စပီးယား ပြဇာတ်များကနေ လူပေါင်း ရာထောင်ချီ။ ဝတ်လစ်စလစ် ပြေးပွဲများအထိ ကမ္ဘာကြီးဟာ အဓိပ္ပါယ်တွေ

တောင်ပုံ ယာပုံ။ ‘ကိုင်းကိုင်း ငိုနေ လို့မပြီးဘူး

တဲ့၊

သေတဲ့လူလည်း ပြန်ရှင် မလာတော့ဘူး

တဲ့၊

လူဆိုတာ သေမျိုးပဲ

တဲ့၊ ရက်လည် မှာ ဈာပန အခမ်းအနား မှတ်တမ်းတင် ဒီဗွီဒီပြရန် ကျန်သေး၊

ငါ

ကျန်သေး၊ ပတ်ဝန်းကျင်က ရှိသေးတယ် မဟုတ်လား၊ လူမှုရေးက ရှိသေးတယ် မဟုတ်လား၊ ဟုတ်မှာ ပေါ့ဗျာ၊ ဟုတ်နေ ကြတာပဲဗျာ၊ ပစ်တင်ပစ်ချ၊ ပေါ့ပေါ့ပါးပါး၊ ညရေးညတာလည်း သုံးနိုင် အရေးအကြောင်းဆို သယ်ရလွယ် သုံးရလွယ် ကိုယ်ပိုင် အဓိပ္ပါယ်လေး တခု ကျွန်တော်လည်း လိုချင် အားကျမိပါရဲ့ဗျာ။ သူတို့ပြောပုံအရတော့ အဓိပ္ပါယ်ဟာ အမြို့ အမြို့ အဆိုင်ဆိုင်တိုင်းမှာ ဝယ်ယူ ရရှိနိုင်သလိုလို၊ လူမျိုးမရွေး ဘာသာမရွေးပဲ စားသုံးနိုင် သလိုလိုတဲ့။

အခု အခမ်းအနား တက်ရောက်လာကြတဲ့ အထဲမှာ ကိုယုပိုင် ရေးတာကို သဘောပေါက် နားလည်သူတွေလည်း ရှိကြ ပါလိမ့်မယ်။ အမှန်အတိုင်း ဝန်ခံရရင် သူရေးထားတာ မြန်မာစာမို့သာ ဖတ်တတ်တယ်။ သူဘာဆိုလို ချင်မှန်း ကျနော် သဘော မပေါက်ဘူး။ ဒီလူဘာတွေ လျှောက်ရေး နေပါလိမ့်ပေါ့။ဒါနဲ့ သူနဲ့ ကျနော် အွန်လိုင်းမှာ ဆုံမိတော့ ကျနော် မေးကြည့်မိတယ်။ အခု ကိုယုပိုင် ရေးတဲ့ စာကို ဘယ်လို ခေါ်သလဲဗျာလို့ မေးကြည့်တော့ အမျိုးအစား အားဖြင့် ပို့စ် မော်ဒန်လို့ ခေါ်နိုင်တယ်လို့ ဆိုပါတယ်။သူ ဆက်ရှင်းပြတာက ဒီလိုပါ။

ပို့စ်မော်ဒန် ဆိုတာကို အနီးစပ်ဆုံး မြန်မာစကားလုံးနဲ့ ပြောရရင် သရော်ခြင်းနဲ့ အရော အစပ်ပြုခြင်းပေါ့။ Realism အခြေခံ Post Modern ပေါ့။ ပို့စ်မော်ဒန်ဆို တော်ရုံ လူက နားမလည်နိုင်သလိုလို လိုက်မမီနိုင်သလိုလို မဖန်တီးနိုင် သလိုလို မျိုးဖြစ်နေတယ်၊ တကယ်တော့ မဟုတ်ဘူး ကျွန်တော်နားလည်ထားတဲ့ ပို့စ်မော်ဒန်က သဘောထား ကြီးခြင်းနဲ့ အမြင်ကျယ်ခြင်း ပဲဗျ။ ပို့စ်မော်ဒန် ဆိုတာ ထူထောင်ရတာ မဟုတ်ဘူး ဖြစ်နေတာတဲ့။ ပို့စ်မော်ဒန်မှာ သီအိုရီအရ ဒါတွေ ..ဒါတွေပါတယ် ငါတို့လည်း ဒါတွေ..ဒါတွေပါ အောင်လုပ်ပြီး ကဗျာရေးမယ် ပန်းချီ ဆွဲမယ် ဆိုရင် ပျက်ရော။ ပို့စ်မော် ဒန်ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသား ဖြစ်နေတယ်။ ကိုယ်နေထိုင်ရတဲ့ ခေတ်စံနစ်အရ ဘယ်ဟာတွေက လက်ဝါးကြီး အုပ်ထားသလဲ။ ဘယ် အရာတွေက ပါဝါသုံးပြီး ချယ်လှယ်ထားသလဲ။ ကျွန်တော်တို့ ဘယ်လိုအိုင်ဒီယာ တွေ အောက်မှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ မျောပါနေသလဲ။ အဲဒါတွေကို ပို့စ်မော်ဒန် သမားတွေက သူတို့ဖန်တီးမှုနဲ့ ဆွတာ မေးခွန်းလုပ်တာပါပဲ။ အဲဒီတော့ သူတို့လက်ရာမှာ Parody နဲ့ Hybrid တွေ ပါလာတယ်။

ဥပမာ

ကိုမင်းဒင် ဘလော့ဂ်မှာ လူကြီး လူကောင်းဆိုတာကို သရော်ချင်လို့ န.အ.ဖ ခေါင်းဆောင်ကြီး ပုံတင်ထားတယ်။ အဲဒါ parody ပဲဘာမှ နားမလည် စရာ အကြောင်း မရှိဘူး။ hybrid ကျတော့ ကိုယ့်ဖန်တီးမှုထဲမှာ သင့်တော်မယ် ထင်တဲ့ လက်ရာတွေအားလုံး ပြန်ထည့်တာပဲဟုတ် တယ်လေ။ အားလုံးက ပို့စ်ဖြစ်မှန်းမသိ ဖြစ်နေတာ ပို့စ်မော်ဒန် ဖြစ်ချင်လို့ ထလုပ်မှပဲ ပို့စ်မော်ဒန်မဖြစ် ဖြစ်သွားတာ။ အများကြီးသိတဲ့ သဘော ထားကြီးသူနဲ့ အမြင်တွေ အများကြီးရှိတဲ့ အမြင်ကျယ်သူတွေရဲ့ ကဗျာ ပန်းချီ စာပေ ဂီတ ရုပ်ရှင် လက်ရာမှန်သမျှဟာ ပို့စ် မော်ဒန်ပါပဲလို့ သိစေချင်တာပါ။ .. တဲ့ ။

အော် .. လက်စသတ်တော့ ပို့စ် မော်ဒန်ဆိုတာ ရောသမမွှေသရော်ဟန် ရေးနည်းကိုး ။ သူနဲ့ ဆွေးနွေးပြီးတဲ့ နောက် ကျနော်ရလိုက်တဲ့ သင်ခန်းစာကတော့

ငါ့ကိုယ်ငါ စာရေး တတ်ပြီအောက်မေ့နေတာ လက်စသတ်တော့ ဘလော့ဂ် စာမျက်နှာ တွေပေါ်မှာ စာရေး နည်းနဲ့ ပတ်သက်လို့ ငါသင်ယူရမဲ့ အရာတွေ ရှိနေပါသေးလား

ဆိုတာပါပဲ ။ သူဟာ သူရေးတဲ့ စာရေးဟန်နဲ့ ပတ်သက်လို့ တကယ်တတ်ကျွမ်း နားလည်သူ ဖြစ်နေတယ်ဗျာ။

ဒါအပြင် ထူးထူးဆန်းဆန်း စိတ်ထင်ရာ အန်ချတတ်တဲ့ ဘလော့ဂ်တွေလည်း တွေ့ရပါတယ်။

ခိုင်စိုးလင်းရဲ့ ဘလော့ဂါ (၇) ဆိုတဲ့ စာတိုလေး တပုဒ်ဆိုပါတော့ ။

သူရေးထားတာက စာဖတ်သူအနေနဲ့ အလန့်တကြား ထခုန်လောက်အောင် စိတ်ကူးပေါက်ရာ လျှောက်ရေး ထားတာမျိုးလည်း တွေ့ရပါတယ်။ သူရေးထားတဲ့ စာထဲက နှစ်ပိုဒ်ကို ကောက်နှုတ်ပြီး ဖတ်ပြချင်ပါတယ်။ သဘောထားကြီးကြီး ထားပြီး နားထောင် ပေးစေလိုပါတယ်။

ခုတလော လုံးဝ အပြည့်အဝ သဘောကျနေမိတာက ဦးသန်းရွှေ။ တခြားလူ မဟုတ်ပါဘူး မြန်မာနိုင်ငံက ဗိုလ်ချူပ်မှူးကြီးပါ။ နိုင်ငံတကာက ကဲ့ရဲ့တယ်။ သူ့လုပ်ရပ်တွေ ဘာဖြစ်တယ်။ ညာဖြစ်တယ် ရက်စက်တယ် ကောက်ကျစ်တယ်။ ဒါကို သူဂရုမစိုက်ဘူး။ သူတော် ကောင်းယောင် မဆောင်ပြဘူး။ ဆက်ပြီး ညစ်တယ်။ ကြိုက်တယ် ဒါမျိုး။ လိုချင်တာ အဲလို ရိုးသားမှုပဲ။

ဗိုလ်ချုပ်အောင်ဆန်းကရော။ သေသွားတော့လည်း အာဇာနည် ဖြစ်ရော။ ဦးစောလိုလူဆိုး ရာဇဝင် အတွင်ခံရဲတဲ့ လူစားမျိုးကိုတော့ တကယ်လေးစားတယ်။ သူ risk တခုယူလိုက် တာပဲ။ သူ့ကိုသာ တရားခံလို့ မမိခဲ့ရင်။ ဆိုပါတော့ သူသာ တိုင်းပြည်ကိုအုပ်ချုပ်ခွင့် ရခဲ့မယ်ဆိုရင် သူ့လို အရည်အချင်းရှိပြီး ကြိုးစားတဲ့ လူတယောက် အနေနဲ့ အောင်မြင် လာစရာလည်း ရှိပါတယ်။ မိရင်အသေပဲ သမိုင်းမှာ လူဆိုးအဖြစ်တွင်ကျန်မယ် ဆိုတာ သူလည်း သိမှာပဲ။ ဒါကို သူရိုးသားစွာ risk ယူတယ်။ ဗိုလ်ချုပ်ကို သူမနာလိုဘူး။ ရိုးသားစွာ မနာလိုဘူး။

ခိုင်စိုးလင်း

ကျနော်တော့ သူ့စာ ဖတ်ပြီးလန့်သွားတယ်ဗျာ။ အဲဒီ ခိုင်စိုးလင်း ဆိုတဲ့ ကလေးမကို အွန်လိုင်းမှာတွေ့လို့ ညည်းဒီလို ဘာဖြစ်လို့ ရေးသလဲ မေးမိတော့ ဒါ သမီး ခံစားချက်ပဲ တဲ့ဗျာ။ ဘလော့ဂါတွေ အနေနဲ့ရော မီဒီယာ သမားများပါ စာဖတ်သူရဲ့ကိုယ်ခံအားနဲ့ သဘာဝ မျှတမှု တရားကြီးကို မမေ့လျော့ စကောင်းဘူးလို့ ကျနော်မြင်ပါတယ်။ ဘလော့ဂ်တွေ များတိုင်းလည်း ကောင်းတယ်လို့ မဆိုနိုင်ပြန်ပါဘူး ။

ထူးဆန်းတာက ဘလော့ဂ် လေး၊ငါး၊ ဆယ်ခုလောက် ဖတ်မိလိုက်တာနဲ့ အများစုဟာ ဘလော့ဂါ လုပ်ချင်စိတ် ပေါက် ကုန်ကြတာပါပဲ ။

ဒီမှာတင် မြန်မာစာ လက်ကွက် ရိုက်နည်း ကျင့်ပြီး ဘလော့ဂါ ဖြစ်ကုန်ကြ ။ စွတ်ရေးကြ စွတ်တင်ကြ လုပ်ကြပါတော့တယ်။

တချို့ဆို သတ်ပုံတောင် မမှန် ကြပါဘူး။

ပွဲဆူမယ့် ခေါင်းစဉ် ဘာဆိုတာ သိရင် ရပြီ ဆိုပြီး ထင်တိုင်းကြဲနေတာ တွေလည်း တွေ့ရပါတယ်။

ဆရာတင်မိုး ကတော့ ခုခေတ်လူငယ် တချို့ဟာ သင်ပုန်းကြီး ကုန်တာနဲ့ ကဗျာ စပ်တော့တာပဲ ဆိုသလို တချို့လူငယ်တွေလည်း မြန်မာ့ဖောင့် ရိုက်တတ်တာနဲ့ ဘလော့ဂါ လုပ်တော့တာပဲဗျာ ။

ကျနော့် အယူအဆ ကတော့ ဘလော့ဂါ တယောက်ဟာ အနိမ့် ဆုံး သတ်ပုံ မှန်အောင်တော့ အားထုတ်သင့် တယ်လို့ ထင်မြင်မိပါတယ်။

ဘလော့ဂ် စာမျက်နှာပေါ်မှာ ကျနော် ပထမဆုံး ရေးဖြစ်ခဲ့တဲ့ အကြောင်းအရာ ကတော့ ဖြစ်ပျက်ရှာပုံတော် ဆိုတဲ့ ဝတ္ထုလတ် တပုဒ်ပါပဲ ။ တကယ်တော့ အဲဒီ ဖြစ်ပျက်ရှာပုံတော် ဆိုတာဟာ ယုံကြည် လက်ခံနိုင်ဘို့ခက်ခဲတဲ့ အကြောင်းအရာပါ ။အဲဒီ ဝတ္ထုလတ်ကို မရေးခင် အဲဒီအကြောင်းကို ကျနော် လူတော်တော်များများ ကို သိသိသာသာ တမျိုး။ ဇွတ်အတင်း အဓမ္မ နား ထောင်ခိုင်းတာက တသွယ် အကြိမ် အတော်များများ ပြောပြခဲ့ဘူး ပါတယ်။ ရှေးဘဝ နောက်ဘဝတွေ ရုက္ခစိုး၊ အသူရကာယ် စတဲ့ အကြောင်းတွေ ဘိုးတော် အကြောင်းတွေ ပါနေတော့ နားတော့ ထောင်လိုက်ကြပါရဲ့ ။နောက်ဆုံး အဖြေကတော့ ကျနော့်ကို ရူးနေသလား အထင်ခံရတာပါပဲ။ အဲဒီအကြောင်းကိုပဲ ဘလော့ဂ် ပေါ်တင် လိုက်တော့ … အင်း ဖတ်လိုက်ကြ လက်ခံအားပေး လိုက်ကြတာ စာရေးသူကိုတောင် ကမ္မာဌာနာ စရိယ ထင်တဲ့ အထိပါပဲဗျာ ။စကာင်္ပူ ရောက်တဲ့အခါ တရား ဆွေးနွေးပေးပါအုံး။ မသိတာလေး ဖြေပေးပါအုံး ။ ဆက်ရေးပါအုံး ။သာဓုခေါ်ပါတယ် ဘာညာ ဖြစ်ကုန်ကြရောဗျာ ။ ကျနော် ဆန်းစစ် တင်ပြချင်တဲ့ အချက်က မီဒီယာ ရဲ့ တန်ခိုး ဆိုတာပါပဲ ။ ကျနော့်ရဲ့ ဖြစ်ပျက်ရှာပုံတော်ကို လူသိများသွား တာဟာ ကျနော့် စာရေးတတ်လို့ မဟုတ်ပဲ မီဒီယာရဲ့ တန်ခိုးကြောင့်လို့ ကျနော်ထင်ပါတယ် ။

မီဒီယာရဲ့ တန်ခိုးကို ကျနော် စပြီး သတိပြုမိတဲ့ အတွေ့အကြံုလေး တခု ရှိပါတယ်။ အဲဒါ ကျနော် ဆယ်တန်း ကျောင်းသား ဘဝ လောက်ကပါ။ အဲဒီတုန်းက အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲက အကြိုဗိုလ်လုပွဲ တပွဲကို ကျနော် သွားကြည့်ခဲ့ဘူးပါတယ်။ အဲဒီပွဲက မန္တလေးတိုင်းနဲ့ ချင်းပြည်နယ် ကန်ကြတဲ့ ပွဲပါ။ မန္တလေးတိုင်း အသင်းက လက်ရှိချန်ပီယံ၊ ချင်းပြည်နယ်က အကြိုဗိုလ်လုပွဲကို မတက်စဖူး တက်လာတဲ့ အသင်း ဆိုတော့ ပရိသတ်ကတော့ ကွင်းလုံး အပြည့်ပါပဲ။ ဘောလုံးပွဲအကြောင်းက ကျနော်ဘာမှ ဆက်ပြောစရာ မရှိပါဘူး။ အဲဒီဘောလုံးပွဲက ပြန်လာတော့ ဘောလုံးပွဲ နဲ့ပတ်သက်ပြီး ကျနော့် စိတ်ထဲမှာ ဘာဆိုဘာမှ မကျန်ရစ်ဘူး ဗျာ။ ထူးဆန်းတာက နောက်နေ့မနက် အိမ်ကို ရောက်လာတဲ့ ကြေးမုံသတင်းစာကို ကောက် ဖတ်လိုက်တော့ မနေ့ နေ့လည်က ကိုယ်တိုင်ဘောလုံးပွဲကို ကြည့်စဉ်က မရလိုက်တဲ့ ကျေနပ် အားရမှုကို ရလာသလို ခံစားမိတယ်။ ဒါကိုလည်း မီဒီယာရဲ့တန်ခိုးလို့ ကျနော် ထင်မြင်မိပါတယ်။

လူတွေဟာ မီဒီယာကို အလွန် စွဲလန်းကြပါတယ်။ မြန်မာလူထု အများစုဆိုရင် မြန်မာမီဒီယာ တွေကို အတော် စွဲလန်းကြတာ တွေ့ရပါတယ်။ မနက်မိုးလင်းလို့ ဘီဘီစီလေးမှ နား မထောင် လိုက်ရရင် ရေအိမ်တက်တဲ့ အခါ စမြင်း ခံနေသလိုလို၊ ဝမ်းသွား ရတာ အားမရလိုလို၊ ဝမ်းထဲ မရှင်းသလိုလို ဖြစ်ကြတဲ့ အထိပါ။ ထမင်းစားနေတုန်း အာအက်ဖ်အေလေး ဖွင့်ထား စမ်းပါကွာ ဆိုတာမျိုးလည်း ကြံုဘူးပါတယ်။ ညပိုင်း ဗွီအိုအေလေးမှ နားမထောင်လိုက်ရရင် အိပ်မပျော်တော့ဘူး။ ငါ နားမထောင် လိုက်တဲ့ နေ့မှာ ကမ္ဘာကြီး ဘာများ ပြောင်းသွား ပါလိမ့် ဆိုပြီး စိတ်ထဲ တထင့်ထင့် နဲ့ပေါ့။

ဘလော့ဂ်တွေရဲ့ အခန်းကဏ္ဍကိုလည်း ပစ်ပယ်လို့ မရ ကောင်းပါဘူး။ အိုဗားမား သမ္မတ ဖြစ်လာ ရခြင်းရဲ့ အကြောင်းရင်း များထဲမှာ သူ့ဘလော့ဂ်ရဲ့ ကျေးဇူးတရား ပါနေပါတယ်။ မြန်မာအုပ်စိုးသူ မင်းများရဲ့ အတွင်း သရုပ်သဏ္ဍာန်ကို အပီပြင်ဆုံး ဖော်ကျုးနိုင်တာဟာ ဘလော့ဂ်တွေရဲ့ ကျေးဇူးပါပဲ။ နာဂစ်မှာလည်း ဘလော့ဂ်တွေ ကျေးဇူးနဲ့ အချိန်ကိုက် သတင်းတွေ သိခွင့် ရခဲ့တာပါပဲ။ လူထုဟာ ဘာကြောင့် မီဒီယာကို ယုံကြည် စွဲလန်းကြပါသလဲ။ ကျနော့် အမြင်အရ အကြောင်းအရာ တခုဟာ မီဒီယာမှာဖော်ပြ ကြေညာပြီဆိုရင် အခိုင်အမာသဘော။ တာဝန်ခံသည့် သဘော။ သက်သေရှိသော သဘောတို့ ပါလာတာကြောင့်လို့ ကျနော် မြင်ပါတယ်။ ဒါကြောင့် မီဒီယာမှာ တန်ခိုးရှိတယ်လို့ ကျနော် ဆိုရခြင်းပါ။ တန်ခိုးကို အသုံးမှန်ဖို့ လိုမယ်လို့ ယူဆပါတယ်။

အသံလွှင့် ဌာနတချို့ ဆိုရင်လည်း ခဏ ခဏ အသံဖိုင်မှားယွင်း ထုတ်လွှင့်မိတာ။ တချို့ သတင်းကြေညာသူ ဆိုရင် သင်္ကဿ နဂိုရ် တောင် မပြောတတ်တာ၊ သာမန်လူနား လည်လောက်တဲ့ မြန်မာစာလုံး အသံထွက်တွေတောင် မမှန် မဖတ်မရေး မကြေညာနိုင်တာတွေ တွေ့လာရပါတယ်။ မင်းသားကြီး စတိုင်လ် ကိုယ်ပိုင်ဟန် အဟဲတွေ အချွဲတွေလုပ် လာတာတွေလည်း ကြားနေရပါတယ်။ အင်တာဗျူးတွေမှာ တွေ့ရာလူ စွတ်ဗျူးနေတော့ အဗျူးခံရသူဟာ ဗျူးတဲ့ခေါင်းစဉ် ဘာမှန်းမသိ သူပြောချင်ရာ လျှောက်ပြောတာတွေလည်း ရှိရဲ့။ အင်တာဗျူးရာမှာ အပိုင်စား ဗျူးမင်းသားတွေ ထပ်နေပါတယ်။ အကျဉ်းသား အရေးဆို ဒီလူ နှစ်ယောက်က လွဲရင် ဗျူးစရာ မရှိတော့ဘူး ထင်ပါရဲ့။ ရွေ့ပြောင်း အလုပ်သမား အရေးလည်း ထို့နည်း အတူပါပဲ။ ပြောတဲ့သူကလည်း သူသိတာလေး နည်းနည်းကို နင်းကန် အကျယ်ချဲ့ပြီး အပ်ကြောင်း ထပ်လာတာ ကြောင့် မကြားချင် လောက်အောင် ဖြစ်ကုန်ကြပါတယ် ။ အဆိုးဆုံး ကတော့ အသံလွှင်ဌာနကြီး တချို့က ဗျူးသူတချို့ ဟာ ရဲစုံထောက် လေသံနဲ့ သဟောက်သဟမ်း အော်ငေါက် မေးတတ်တာပါပဲ။

သတင်းမီဒီယာ စာမျက်နှာတွေမှာလည်း ထို့နည်း လည်းကောင်းပါပဲ။ ဘောလုံးပွဲမှာ ရန်ဖြစ်တာကို သတင်းရေးတော့ ရန်ပွဲ ဇောင်း ပေးတာများပြီး အနိုင်အရှုံး ထည့်မရေး ဖြစ်တော့တာမျိုး၊ မဲမဲမြင်ရာ သတင်းလုပ်တာ မျိုးလည်း ဒုနဲ့ဒေးပါပဲ။ သတင်းထောက် နှစ်ယောက် ဘန်ကောက်က စိတ်တိုင်းကျမှာ လက်ဖက်ရည် ဝင်သောက်ပြီး တယောက်ပုံကို တယောက်က ရိုက်ပြီး သတင်းလုပ်တင်တာ သတင်းလို့ ခေါ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ အများသိ ထင်ရှားသူ အဆိုတော်တွေ ရုပ်ရှင် မင်းသမီးတွေ လေလည် ဝမ်းချုပ်တာက အစ အလန့်တကြား ထည့်ရေး ကြတာမျိုးလည်း စိတ်ပျက်စရာ တွေ့ရ တတ်ပါတယ်။  ကလေး ပျက်ကျ ။ လင်ကွာ မယားကွာက အစ ပုံကြီးချဲ့တာ တွေလည်း အများကြီး တွေ့ရပါတယ်။ ဒါကိုပဲ မီဒီယာသစ်လို့ ဆိုကြသလားတော့ ကျနော် မပြောတတ်ပါဘူး။

သတင်းရေးသူ၊ဘလော့ရေးသူ၊ သတင်းကြေညာသူရဲ့ အဆုံးဟာ ဖတ်သူ နားထောင်သူရဲ့ အစ ဖြစ်တယ် ဆိုတာကို သတိချပ် သင့်တယ်လို့ ကျနော်မြင်ပါတယ်။ တချို့သတင်းဆို ဖတ်ပြီး နားထောင်ပြီးတာနဲ့ ဒါကို သင်ခန်းစာ ထုတ်ယူစရာ တွေးတော ဆင်ခြင်စရာ မရှာတတ်ကြတော့ ပါဘူး။ အတုယူမှာလား ရှောင်ကြဉ်ရမှာလား မကွဲပြားတော့ပါဘူး။ မြင်သာတဲ့ ဥပမာ ပြရရင် ဘုန်းကြီးတရား အဆုံးမှာ သူရွတ်တဲ့ စာသားအရ တရားနာသူက သာဓုသုံးကြိမ်တို့ အမျှသုံးကြိမ်တို့ အာမဘန္တေ တို့လို နောက်က အသံထွက် လို်က်ဆိုရတာ ရှိပါတယ်။ အချို့သော မီဒီယာများရဲ့ ချွတ်ယွင်း အားနည်းမှုကြောင့် မီဒီယာ ပရိသတ်ဟာ သတင်းကို ဖတ်ရှုနားထောင်ပြီး သာဓု သုံးကြိမ် ခေါ်ရမှာလား ။ အမျှသုံးကြိမ် ဝေရမှာလား ။ အာမဘန္တေ ဆိုရမှလား မကွဲပြားတော့ပါဘူး။ ဒါကြောင့် မီဒီယာက တင်ပြပုံ လမ်းလွဲသွားတဲ့ အခါ ပရိသတ်ဟာ မှီရာလှမ်းဆွဲ၊ အဓိပ္ပါယ် ဖွင့်ကြပြီး ရှရာတခြား ဖြစ်သွားတတ်တာ ကြောင့် ပရိသတ်က အဆိပ်တွေပါ ရောမျိုချရလို ဖြစ်သွားတတ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ မီဒီယာများဟာ လူထုရဲ့ စိတ်ကို ကျေနပ်အားရမှု ကွက်လပ်ဖြည့်ပေး နိုင်ယုံမက မြန်မာပြည်ကြီး လွတ်မြောက်တဲ့ အထိ စွမ်းဆောင်နိုင်ပါစေလို့ ကျနော့် ဆန္ဒပြု လိုက်ပါတယ် ခင်ဗျား။    ။

အားလုံးကို ကျေးဇူးတင် ရှိပါတယ်။ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ။

(မင်းဒင်)

အထက်ပါ မြန်မာ ဘလော့ဂါများနှင့် မြန်မာမီဒီယာ စာတမ်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ မှ ၃ရက်ကြာ ကျင်းပသော ကျင်းပပြုလုပ်သော ရကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံတွင် ဘလော့ဂါ မင်းဒင်မှ ဖတ်ကြား တင်သွင်းသော စာတမ်းဖြစ်သည်။ ။      (အယ်ဒီတာ)

LEAVE A REPLY

Please enter your comment!
Please enter your name here