ဖြစ်မျိုးစုံလင် ( ဖေဖေါ်ဝါရီ )

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို အပြင်းအထန် နှိပ်ကွပ် တတ်သော အာဏာရှင် ယနေ့မြန်မာ့ စစ်တပ် အစိုးရ လက်ထက်တွင် ဆုံးရှုံးနေသည့်

အခွင့်အရေး တခု ရရှိရန်အတွက် ရဲဝံ့စွာဖြင့် ဆန္ဒပြ ဝံ့သည့် ထိုသူတို့ကို လေးစားရသည်။

နိုင်ငံအုပ်ချုပ်သူ မဟုတ်လို့ ကုန်ဈေးနှုန်း တက်ကာ မသေမရှင် ငတ်လို့ သေမထူးတဲ့ ဘဝတခုကနေ သက်သာလို သက်သာငြား အခွင့်အလမ်း တခုကို အသက် ဖက်နဲ့ထုပ်ပီး ကြောက် ကြောက်နဲ့ လုပ်နေတာ.. ခင်ဗျားတို့ ရေးလိုက် ဟစ်လိုက်မှ .. ကိုယ့် အခွင့်အရေးများ တပြားသားမှ မရပဲနဲ့.. ဈေးကွက် စီးပွားရေးစံနစ် ပီပြင်အောင် တည်ဆောက်နေတဲ့ အစိုးရက ပြည်တွင်းပြည်ပ အဖျက်သမားဆိုပြီး တံဆိပ် ကပ်လိုက်ရင်ဖြင့် ကျုပ်တို့မှာ ဘုံပျောက် သွားမယ်… ဆို၍ တကယ်လုပ်နေတဲ့ ကာယကံရှင် ဆန္ဒပြနေသူ များက မင်းတို့ လုပ်မှ ရှုပ်ရပါတယ်လို့ အခြား တဖက်မှလည်း ထင်မြင်မိမှာလည်း စိုးရိမ်မိ ပြန်သည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန် ့ ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွား သော ဆန္ဒပြမှုနှင့် ဇန်နဝါရီလ ရ ရက်နေ့တွင် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်၊ ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေး အတွက် လုပ်သား ၁၄ဝဝ ခန့်၊ ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး ရာဂဏန်းထက် မနည်းသော အလုပ်သမားများ၊ လှိုင်သာယာ စက်မှုဇုံ ၂ ကျဘမ်း သိုးမွေးစက်ရုံမှ အလုပ် သမားတချို့ ထိုမှ တဆင့် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၀၀ နီးပါးခန့် လုပ်အားခ တိုးမြှင့်ပေးရန်နှင့် ဆုံးရှုံးနေသည့် လူသားတယောက် ရပိုင်ခွင့် အခွင့်အရေး တချို့ လူ့ အဆင့်အတန်း အရ ရသင့်သည်ဟု ထင်မြင်ယူဆကာ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြသည်ဟု ကြားရသည်နှင့် တပြိုင်နက် သည်းခြေ ပျက်နေသော အာဏာပိုင် တစုက သူတို့အခေါ် အချုပ်အခြာ အာဏာကို ထိပါးလာမည်ကို အလွန့် အလွန်စိုးရိမ်တတ် လာသည်။ ငြိမ်းချမ်းစွာ ထုတ်ဖေါ်နေသော ခံစားချက်ကို အာဏာပိုင်များက ပြည်တွင်းပြည်ပ အဖျက်သမားများ သွေးထိုး လှုံဆော်သည်ဟု စာအုပ်ကြီးအတိုင်း အပ်ကြောင်း ထပ် စကားလုံးတွေ ဖွတတ်၏။ ပြဿနာ အရင်းအမြစ်က ဘယ်က လာသလဲ။ အလုပ်သမားနဲ့ အလုပ်ရှင် ရပိုင်ခွင့် ခွဲဝေမှု ဖြစ်သည်။ အလုပ်သမားထုက နိုင်ငံတကာစံချိန် စံညွန်းအရ အလုပ်အချိန်၊ ရပိုင်ခွင့်၊ အားလပ်ရက် စသော အခြေခံ အခွင့်အရေးများကို ရသင့်သည်ဟု ထင်မြင်မှုနှင့် အလုပ်ရှင် အများစုဟာ အရင်းရှင် ဖြစ်သောကြောင့် အရင်းရှင် ပီပီ မိမိ အကျိုးစီးပွားကိုသာ ကြည့်တတ်ပြီး အလုပ်သမား အကျိုးစီးပွားကို မကြည့်တတ်မှု အစွန်းနှစ်ဖက် ကွာဟချက်ကြောင့် ထို အခြေအနေတခု ဖန်တီးလာရခြင်း ဖြစ်သည်။ ဖြစ်ပေါ်လာသော အခြေအနေများကို မျက်နှာလွဲ ခဲပစ်ပုံစံနှင့် ကိုယ်နှင့် မဆိုင်သလို နေတတ်တဲ့ အရာရှိတွေကလဲ များသလားား၊ အထူးသဖြင့် အာဏာပိုင်ဆိုသူက နင်းပြားနေ့စား အလုပ်သမား ဘဝကို ကိုယ်ချင်းစာ မခံစားတတ်ပေ၊ ထိုထက်ပိုပီး ပညာမတတ် ဆင်းရဲနှိမ့်ကျပြီး အားနည်းချက် တခုအပေါ် ခေါင်းကျက်ခေါင်းစား ပြုတတ်သည်။ ဒါလည်း လူ့အခွင့်အရေး ဆိုတာကို နိုင်ငံရေး ပုံစံခွင့်ထဲ ထည့်ပြီး နှိပ်ကွပ်မှာလည်း ဖြစ်နိုင်သည်။

အောက်ခြေ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုမှုဟာ သမိုင်းစဉ် တလျှောက် မရိုးနိုင်တဲ့ ပသီ ပုံပြင် တွေလိုပင် အလုပ်သမားနဲ့ အလုပ်ရှင် ပြဿနာပါ။ ကိုလိုနီခေတ် သမိုင်းဝင် ချောက် ရေနံမြေ သပိတ်သည်လည်း အလုပ်သမားများ အခွင့်ရေး ပျောက်ဆုံးနေခြင်း၊ ခံစားခွင့်များ နည်းပါးခြင်းကြောင့် ပေါ်ပေါက် လာရသည်။ ထိုစဉ်က အလုပ်သမား များက ဗမာလူမျိုး၊ အလုပ်ရှင်က ကိုလိုနီ မျက်နှာဖြူများ ဖြစ်သည်။ အလုပ်ခွင် အတွင်း ဖြစ်ပွားတဲ့ ပြဿနာရပ်များကို ကိုင်တွယ် ဖြေရှင်းရာတွင် အုပ်ချုပ်သူ အာဏာပိုင် များက နယ်ချဲ့အင်္ဂလိပ် ဖြစ်သောကြောင့် အလုပ်ရှင်ဖက်က ဘက်လိုက ်ဖြေရှင်းခဲ့သည်။ အာဏာပိုင်တို့၏ မိုက်မဲမှုကြောင့် အလုပ်သမား များ၏ ဒေါသသည် အလုပ်ရှင်ဆီမှ သူတို့ထံ ဦးတည်သွားပြီး အမျိုးသားရေးဖြင့် ယှဉ်လာသဖြင့် နိုင်ငံရေးနွယ်ပြီး သပိတ်ကြီး ဖြစ်ပေါ် လာခဲ့ရသည်။ ထို့ကြောင့် ကိုလိုနီခေတ် ၁၃၀၀ပြည့် ချောက်ရေနံမြေ အလုပ်သမား သပိတ်ဟာ မြန်မာသမိုင်းတွင် ထင်ရှားခဲ့သည်။

ယခုနှစ် ဖြစ်ပွားခဲ့တဲ့ အလုပ်သမားများ တောင်ဆို ဆန္ဒပြမှုဟာ န.အ.ဖ စစ်အစိုးရ၏ စီးပွားရေး ဦးတည်ချက် တခုဖြစ်သော ဈေးကွက် စီးပွားရေး စံနစ်ပီပြင်စွာ ဖြစ်ပေါ်လာရေး တွင် မိမိတို့နိုင်ငံသား အလုပ်သမားများ၏ ခံစားပိုင်ခွင့် ဖြစ်သော အလုပ်သမား ဥပဒေများ မချမှတ် ထားဘူးလို့ မေးစရာ ဖြစ်လာသည်။ ရှိလျှင်လည်း စာရွက် ပေါ်မှာပဲ နေမြဲ အေးစေ အနေအထားဖြင့် တည်ရှိမှာ သေချာ၏။ ဤသည်မှာ အစိုးရဆိုသော အာဏာပိုင်များက အခြေခံ လူတန်းစား ဘဝကို မြင့်တင်အောင် မစွမ်းဆောင်ခဲ့လျှင် တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုသော စကားလုံး များဟာ လေးလုံးထွားကာ မိုးလုံးပြည့် ဝါဒဖြန့်မှု သက်သက်သာ ဖြစ်သည်၊ ဖြစ်မည်။ ယနေ့ စီးပွားရေးမြို့တော် ရန်ကုန် အနီးတဝိုက်တွင် လှိုင်းကြက်ခွပ် သဏ္ဍာန် ဖြစ်ပွားနေသော စက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ နေမှုများ သည် လက်ရှိ ကုန်ဈေးနှုန်းနှင့် မိမိတို့ ရရှိသော လုပ်ခက မကာမိရခြင်း အကြောင်းက အရင်းခံပင်၊ အာဏာပိုင် များက သူတို့နှင့် နိစ္စဓူဝ ဆက်စပ်နေသော အစိုးရ ဝန်ထမ်းများကို အဓိကထား လစာ တိုးလိုက်သည့် အခါ ငွေ ဖေါင်းပွမှု နှုန်းထား အလွန်မြှင့်နေသော တိုင်းပြည်၏ ကုန်ဈေးနှုန်းများ အလိုအလျှောက် တက်လာသဖြင့် စက်မှုဇုံက နေ့စား အလုပ်သမားများ အတွက် ရရှိမြဲနေသော လစာနှင့် တက်မြဲ တက်နေသော ကုန်ဈေးနှုန်းကို မယှဉ်ပြိုင် နိုင်တော့ပါ။ ထို့ကြောင့် မိမိတို့ ရရှိပိုင်ခွင့် ရှိသော၊ အလုပ်သမား များ၏ အခြေခံ အခွင့်အရေး များကို မျှတစွာ တောင်းဆိုခြင်း တခုဟု ထင်၏၊ မြင်၏။ ထိုထက်ပို၍ မြန်မာနိုင်ငံ အတွင်း နေ့စား အလုပ်သမား အများစု က အာဏာပိုင်များနှင့် အလုပ်ရှင်တို့ မျက်ကွယ်ပြုထားသော မိမိတို့ ရပိုင်ခွင့်ကို တောင်းဆိုရန် အတွက် နိုင်ငံရေး နှင့် မနွယ်သော အလုပ်သမား အဖွဲ့စည်း သမဂ္ဂတခု ဒါမဟုတ် အလုပ်သမား အစည်းအရုံး၊ အလုပ်သမား များအား အခွင့်အရေးကို အကူအညီ ပေးနိုင်မည့် အင်ဂျီအို အဖွဲ့မျိုး ဖွဲ့စည်းသင့်သည်။ စစ်အာဏာရှင် လက်အောက်တွင် ဤ အသင်းအဖွဲ့ မျိုးမှာ မတရား အသင်းဆိုပြီး ခေါင်းစဉ် တပ်ခံရမှာတော့ သေခြာသည် ပါပဲ။

နိုင်ငံခြားသား ပိုင်ရှင်ဖြစ်စေ၊ ပြည်တွင်း လုပ်ငန်းရှင် ဖြစ်စေ အလုပ်သမားစုကို ယခုလို အတင်းအကြပ် ဥပဒေ များနှင့် အခြေခံ လူတန်းစား အလုပ်သမားများအား စေခိုင်းနေ သည်ကို လက်ရှိ တည်ဆဲအစိုးရ ဆိုသော စစ်တပ် သည် အဘယ့်ကြောင့် ကြိုတင်ပြီး အလုပ်သမားများ ရပိုင်ခွင့် ဥပဒေကို မပြုလုပ် ထားရလောက်အောင် ညံ့နေ သလား၊ ဖြစ်မှာပါ အားလုံးကို ပစ်ကွင်းတခုလို မျက်မှန်စိမ်း တပ်ပြီး ကြည့်နေတယ် ဆိုတော့လဲ။ ဒါမဟုတ် မျက်နှာ လွဲ ခဲပစ် လုပ်ထားသည်ဟု မှတ်ချက် ချရပေမည်။ အလုပ်သမား ဝန်ကြီးဟု နာမည်တတ်ထားတဲ့ စစ်ယူနီဖေါင်းဝတ် ကလဲ ကိုယ့်နဲ့ဆိုင်တဲ့ အခြေခံ အလုပ်သမားများ အကျိုးကို မပြုလုပ်ပဲနှင့် အလုပ်မရှိ သန်းရှာ ဆိုသလို ထွင်လုံးတွေ ဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေး ဝန်ကြီးဆို ခေါင်းစဉ်တပ်ပြီး ဒေါ်အောင်ဆန်းစုကြည့်နဲ့ ခဏ ခဏ တွေ့ဆုံနေသည်ကို တွေ့ရသည်။ ဒါကြောင့် တလွဲများနှင့် စစ်အစိုးရဟု ပြည်သူ ပြည်သားများက ကောက်ချက် ဆွဲနေမှာ သေချာသည်။

စစ်တပ် အုပ်ချုပ်ခဲ့သော ၆၂ ခုနှစ်မှ စပြီး အခြေခံ လူတန်းစား အလုပ်သမား များသည် မိမိတို့ ရရှိသင့်သော အခွင့်အရေး များကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်။ ဦးနေဝင်း လက်ထက် မီးရထား အလုပ်သမားများ၊ ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမား ဆန္ဒပြ အခွင့်အရေး တောင်းဆိုမှုကို အာဏာပိုင်များက နိုင်ငံရေး တံဆိပ် ကပ်ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့သည်။ ၁၉၇၄ ဇွန် ၆ မီးရထား အလုပ်သမားများ အစ ပြုလိုက်သော ဆန္ဒပြမှုတွင် အလုပ်သမားများ အဓိက တောင်းဆိုချက်က လုပ်အားခ ပိုရရှိရန်နှင့် အာဏာပိုင်တို့ ထိန်းချုပ်မှုမှ လွတ်ကင်းသော အလုပ်သမား အဖွဲ့အစည်း တခု တည်ထောင်ရန် ဆိုတဲ့ အချက်များကို တောင်းဆိုခဲ့၏။ စစ်တပ်သည် ၅ ယောက် ထက် လူပိုစုနေရင် သူတို့အား ပုန်ကန်သည်ဟု ထင်မြင်ရှိသောကြောင့် လွတ်လပ်သော အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ပေးရန် နေသာသာ ဆန္ဒပြ အလုပ်သမားများ တောင်းဆိုသော အခွင့်အရေး အားလုံး မျက်ကွယ်ပြု ပစ်ပြီး ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးထောင်ချ ခဲ့သည်။

ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အလုပ်သမား များ၏ တောင်းဆို ဆန္ဒပြမှုဟာ အောင်မြင်သည်ဟု မှတ်ချက် ပေးရမည်။ စစ် အစိုးရနှင့် သူ၏ လက်ဝေခံ အာဏာပိုင် လူတန်းစားများ သည် အခြေခံ လူတန်းစားအပေါ် လက်လျှူရှုမှု၊ တာဝန်ခံမှု မရှိသောကြောင့် ဖြစ်ပေါ်လာသော တန်ပြန် သက်ရောက်မှု တခုဖြစ်သည်။ ထို့ကြောင့် အလုပ်သမား များ ဖက်က အောက်ပါ အချက်များဖြင့် လုပ်ငန်းတခု ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။

( ၁ ) ။ ။ ယနေ့ မြန်မာလူမျိုးတို့သည် အကြမ်းဆုံး ဖိနှိပ်တတ်သော အာဏာပိုင်များ၏ ရက်စက်ခြင်းကို မည်သို့ မည်ပုံ တုန့်ပြန်ရမည်ကို ကောင်းကောင်း သိနေခြင်း။

( ၂ ) ။ ။ ထိုအခြေခံ လူတန်းစား အလုပ်သမားများသည် အခြေအနေ အချိန်အခါ အနေအထားကို မည်ကဲ့သို့ သုံးပြုရမည်ကို အချက်ကျကျ သုံးသပ် ပြုလုပ်နိုင်ခြင်း တို့ကြောင့် ဆန္ဒပြခြင်း များကို မနှစ်မြို့သော စစ်အစိုးရက အောင့်သက်သက်ဖြင့် လိုက်လျောမှု ပေးလိုက်ရခြင်း ဖြစ်သည်ဟု ယူဆပါ၏။

အထက်ဖေါ်ပြပါ ပထမအချက် ဒေါ်အောင်ဆန်းစုကြည်၏ အဓိက နိုင်ငံရေး လမ်းကြောင်းဖြစ်သော အကြမ်းမဲ့ အနုနည်း လမ်းစဉ်တခု ဖြစ်ပြီး အထူးသဖြင့် ဒီမိုကရေစီ အနှစ် သာရ အခြေခံမူဖြစ်သော လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ်ခွင့် အတွင်း မိမိတို့ ပြုလုပ်ခဲ့သည့် အပေါ်တွင် အမှု တစုံတရာအား တာဝန်ယူမှုကို အခိုင်အမာ ဆုပ်ကိုင် နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယ အချက် အခြေအနေ အချိန်အခါကို ကောင်းစွာ အသုံပြုနိုင်ခြင်း ဆိုရာဝယ် .. စစ် အစိုးရသည် သူ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ခင်းကျင်းရမည် ဟု သဲသဲမဲမဲ ခေါင်းစားနေသော အချိန်၊ ငြိမ်း အဖွဲ့များကို နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် တပူတပြင်း လုပ်ဆောင်နေသည့် အချိန်နှင့် ကုလ ကိုယ်စားလှယ် ကင်တားနား မြန်မာပြည်သို့ တတိယ အကြိမ် ဝင်ရောက်လာသော အချိန်များနှင့့် ဗျာပါဒ သောက ရောက်နေတဲ့ အခါသမယမှာ အလုပ်သမားထုက အကျိုးရှိစွာ အသုံးချ နိုင်ခဲ့သောကြောင့် အောင်မြင့်မှု တစုံတရာ ရရှိခဲ့သည်ဟု ဆိုရပေမည်။

သို့သော် ထိုအောင်မြင်မှုသည် မိမိတို့၏ အပြီး ပြည်စုံသော အနေအထားကို မရောက်သေးပါ။ ရရှိခဲ့သော အောင်မြင်မှုသည် ဒါးသွားပေါ်တွင် သုတ်လိမ်းထားသည့် ပျားရည် တစက်မျှသာ ဖြစ်၏။ အကြောင်းမူကား အာဏာပိုင် ဆိုသော သူများသည် သူတို့ မကြိုက်နှစ်သက်သော အပြုအမူများ ဆောင်ရွက်သူ များကို တစဉ်တစိုက် လေ့လာလေ့ ရှိပြီး သပ်ရှို ဖြိုခွဲ နှိပ်ကွပ်လေ့ ရှိသည်။ ထို့ကြောင့် ထို အောင်မြင်မှုအပေါ် မသာယာပဲ သတိရှိရှိ မပြောသင့် မထုတ်ဖေါ်သင့်သည့် များကို သူတပါးအား မပြောမိရန် ထိန်းသိမ်းရပေမည်။

မည်သို့ပင် ဆိုစေကာမူ ယခုလို တင်းကြပ်စွာ အုပ်ချုပ်နေသည့် ခေတ်အတွင်း ဖြစ်စေချင်သော အရာတခုကို ပြီးမြောက်အောင် ပြုလုပ် နိုင်ခဲ့သောကြောင့် အခြေခံ အလုပ်သမားထု အား အလေးပြုပါသည်။ မိမိတို့ ရရှိခဲ့သော အခွင့်အရေး များကို မြန်မာနိုင်ငံ တဝှမ်းမှာ ရှိသော ဘဝတူ အလုပ်သမား လူတန်းစားများ အတုယူ အားကျပြီး ပြုလုပ်ရန်အတွက် ရှေ့ဆောင်လမ်းပြ မီးအိမ်သဖွယ် ရှေ့ဆောင် ဖြစ်လာနေသည်မှာ သေခြာ၏။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here