ပါကစ္စတန်နိုင်ငံ ဆွက် တောင်ကြား ဒေသတွင် အသေခံ ဗုံးခွဲမှုဖြစ်ပွား

alt

ဖေဖော်ဝါရီလ (၂၂)ရက် နေ့က ပါကစ္စတန် နိုင်ငံ၊ ဆွက် တောင်ကြားဒေသတွင် အသေခံ ဗုံးခွဲမှုတခု ဖြစ်ပွားခဲ့ရာ လူ(၁၀)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

တာလီဘန် တို့၏ ဦးတည် တိုက်ခိုက်မှုများ မကြာခဏ ကြံုရလေ့ ရှိသည့်အဆိုပါ ဒေသ၏ မြို့တော် မင်ဂိုရာတွင် အသေခံ ဗုံးသမား တဦးက ခန္ဓာကိုယ်တွင် ဖောက်ခွဲရေး ပစ္စည်း များ ချည်နှောင်လာကာ ဈေးတခုအနီး စစ်ယာဉ်တန်း တခုအား ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်ဒေသ မြို့တော်ဝန် ဝါဂျစ်အလီက ယခု အကြမ်းဖက်မှုကြောင့် စစ်သား (၂)ဦး အပါအဝင် လူ(၁၀)ဦး သေဆုံးပြီး (၃၅)ဦး ဒဏ်ရာများ ရရှိသွားကြောင်း အတည်ပြု ပြောကြားခဲ့သည်။ တိုက်ခိုက်မှု အတွင်း အနီးအနားရှိ ဆိုင်ခန်းနှင့် မော်တော်ယာဉ်များ ပျက်စီး ခဲ့ကြောင်းလည်း တာဝန်ရှိသူ များကဆိုသည်။

ယခု ဖြစ်ပွားသော အသေခံ ဗုံးခွဲမှုအတွက် မည်သည့် အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း မကြေညာ သေးချေ။ အစိုးရ ကမူ စစ်သွေးကြွများ၏ လက်ချက်ဖြစ်ကြောင်း ပြစ်တင် ပြောကြားထားသည်။ မျက်မြင်များက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က မြို့တော် တခုလုံးတွင် ဖြန့်ကျက် နေရာယူခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။ ရဲတပ်ဖွဲ့ ကလည်း ပေါက်ကွဲသည့် နေရာအနီး စပ်စုရန် ချဉ်းကပ်လာသည့် လူထုအား လေထဲတွင် သေနတ် ပစ်ဖောက်ကာ ခြောက်လှန့် မောင်းထုတ်ခဲ့ရကြောင်း သိရှိရသည်။

ပါကစ္စတန် ဝန်ကြီးချုပ် ဆာယက်ဆူဆွတ် ရာဇာဂီလာနီက မိမိတို့ အနေနှင့် အကြမ်းဖက်မှုများ ရင်ဆိုင် နေရသည့် တိုင် ငြိမ်းချမ်းရေး အပြည့်အဝ ရရှိရန် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here