နိုက်ဂျား အာဏာသိမ်း ခေါင်းဆောင် ကြားဖြတ် အစိုးရကို ဦးဆောင်မည်

alt

အစိုးရထံမှ စစ်တပ် အကူအညီဖြင့် အာဏာ သိမ်းထားသည့် ဗိုလ်မှူး ဆာလူဂျီဘိုက မိမိသည် နိုက်ဂျားနိုင်ငံ ကြားဖြတ် အစိုးရအဖွဲ့တွင် သမ္မတအဖြစ် တာဝန်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီ လ (၂၂)ရက် နေ့တွင် ဂျီဘိုက နိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ် ပြီး ရွေးကောက်ပွဲ မကျင်းပမီ အချိန်အတွင်း နိုင်ငံအာဏာကို ထိန်းသိမ်း ထားမည်ဟု အတည်ပြုခဲ့သည်။

၎င်းသည် ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး ကောင်စီ (CSRD)ကို တည်ထောင်ပြီး မိမိကိုယ်ကိုယ် ခေါင်းဆောင် အဖြစ် ခံယူကာ နိုက်ဂျားနိုင်ငံ၏ သမ္မတအဖြစ် ခံယူခဲ့ခြင်း ဖြစ်သည်။ ဂျီဘိုသည် မည်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် အာဏာကို ကြားဖြတ် သမ္မတအဖြစ် မည်မျှ ကြာအောင် ထိမ်းချုပ်ထားမည်ကို တိတိကျကျ မပြောကြား ခဲ့ချေ။

CSRD မှ ခေါင်းဆောင်ပိုင်းသည် ပြီးခဲ့သည့် သီတင်းပါတ် အကုန်က အာဖရိက ယူနီယံ၊ ကုလသမဂ္ဂနှင့် အနောက် အာဖရိက စီးပွားရေး ပေါင်းစည်းမှု အဖွဲ့တို့မှ စိုးရိမ် ပူပန်နေသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်နိုင် သမျှ မြန်မြန် အရပ်သား အစိုးရလက်သို့ အာဏာ လွှဲပြောင်းပေးမည်ဟု ကတိပြု ထားသည်။ နိုက်ဂျား ကြားဖြတ် အစိုးရသည် ဖွဲ့စည်းပုံ အခြေခံသစ်ကို ရေးဆွဲ အတည်ပြုနိုင်ခြင်း မရှိသေး မီ ကာလအတွင်း စစ်တပ်က နိုင်ငံအား အုပ်ချုပ်နေမည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပါတ်က စစ်တပ်အတွင်းရှိ ရာထူးအလတ်ပိုင်း အရာရှိများသည် သမ္မတ တန်ဂျာနှင့် ၎င်း၏ ဝန်ကြီး အဖွဲ့အား စစ်ဆင်ရေးတရပ် ဆင်နွှဲကာ ဝင်ရောက် ဖမ်းဆီးခဲ့ကြပြီး အာဏာသိမ်း လိုက်သည်။ တန်ဂျာသည် ဖွဲ့စည်းပုံအရ သမ္မတ တဦးအနေနှင့် (၁၀)နှစ်ထက်ပိုပြီး တာဝန် ထမ်းဆောင်ခွင့် မပြုကြောင်း ပြဌာန်းချက်ကို အတင်းအကြပ် ပယ်ဖျက်ကာ ဒုတိယ သက်တမ်း ကုန်ဆုံးချိန်တွင် သမ္မတအဖြစ် ဆက်လက် ရွေးကောက် ခံခဲ့သူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here