Superman ပုံနှိပ် ဇာတ်လမ်း စာအုပ်အား ဒေါ်လာတသန်းဖြင့် လေလံဆွဲ ဝယ်ယူသွား

alt

ပထမဆုံး ထုတ်ဝေခဲ့သည့် Superman ပုံနှိပ် ဇာတ်လမ်း ရုပ်ပြစာအုပ် တအုပ်အား လေလံ ဆွဲခဲ့ရာ ဒေါ်လာ(၁)သန်း ပေးပြီး ဝယ်ယူ သွားကြောင်း သိရှိ ရသည်။

(၁၉၃၈) ခုနှစ်ထုတ် သိပ္ပံ လူစွမ်းကောင်း ဇာတ်လမ်း နံပါတ် (၁)သည် ထိုစဉ် ကာလက (၁၀)ဆင့် မျှဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အမေရိကန် လေလံဝဘ်ဆိုဒ် Comic Connect မှ တာဝန်ရှိသူ စတီဖင် ဖစ်ရှလာက စာအုပ်အား ရောင်း ချသူရော၊ ဝယ်ယူသူပါ အမည်ဖော်ပြခြင်း မရှိခဲ့ကြောင်း ပြောကြား သွားခဲ့သည်။ ယခင်က ကောမစ် စာအုပ် တအုပ်၏ အမြင့်ဆုံး ရရှိသည့် လေလံဈေးနှုန်း မှာ (၂၀၀၉) ခုနှစ်တွင် မှတ်တမ်းဝင် ထားသည့် ဒေါ်လာ (၃၁၇၂၀၀) သာဖြစ်ပြီး ယခု ဈေးနှုန်းကမူ အပြတ်အသတ် စံချိန်ချိုး သွားနိုင်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ပထမဆုံး Superman ဇာတ် လမ်းစာအုပ် ကော်ပီပေါင်း (၁၀၀)မျှသာ ရှိ တော့ပြီး ယခု စာအုပ်မှာ အခြေအနေ အလွန်ကောင်းမွန် နေသေးကြောင်း ဖစ်ရှလာက ဆိုသည်။ ဖစ်ရှလာက ရောင်းချ သူသည် နယူးယောက်မှ လူသိထင်ရှားသူ တဦးဖြစ်ကြောင်းနှင့် ဝယ်ယူသူသည် ပြီးခဲ့သည့် စံချိန်ဟောင်း စာအုပ်ကို ဝယ်ယူခဲ့သူပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာအုပ်ကို လေလံတင်ပြီး မိနစ်ပိုင်းအတွင်း ဈေးကြီးပေးကာ ဝယ်ယူသွားခြင်း ဟုလည်း ဖစ်ရှလာက ဆို သည်။ Action Comics No 1 အမည်ရှိ အဆိုပါ စာအုပ်သည် Grade 8 အဆင့်အထိ ကောင်းမွန်နေရာ အလွန် အခြေ အနေ ကောင်းသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ယခင်က စံချိန်ဟောင်း စာအုပ် မှာမူ အဆင့် သတ်မှတ် ချက် Grade 6 မျှသာရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here