ပို့စ်မောက် အသင်း၏ ငွေကြေး အကြပ်အတည်း ပိုမိုဆိုးရွား လာဖွယ်ရှိ

alt

ပရီးမီးယားလိဂ် ကလပ်အသင်း ပို့စ်မောက်က အသင်း၏ ငွေကြေး အကြပ်အတည်း များကို ဖြေရှင်းနိုင် ရန်အတွက် အပြောင်းအရွှေ့ ကာလ အပြင်ဖက်တွင် ကစားသမားများ

အား ရောင်းချခွင့် ပြုပါရန် ပန်ကြားခဲ့သော် လည်း အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ ချုပ်က ပယ်ချလိုက်သည်။

ပွန်ပေမြို့ အခြေစိုက် အသင်းသည် ကြွေးမြီ ပေါင်သန်း(၆၀) တင်ရှိနေပြီး အကြွေးများကို မဆပ်နိုင်သဖြင့် အသင်းဖျက်သိမ်း ရမည့် အခြေအနေမျိုး ရင်ဆိုင်နေရသည်။ ထို့အပြင် ကလပ်အသင်း တာဝန်ရှိသူများ အနေနှင့် ငွေကြေး နှင့် အခွန်ဆိုင်ရာ ကိစ္စများအတွက် မတ်လ (၁)ရက်နေ့၌ တရားရုံးချုပ်တွင် အမှု ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ပို့စ်မောက် တာဝန်ရှိသူ များက အကြွေးများကို အထိုက်အလျောက် ဆပ်နိုင်ရန် အတွက် ကစားသမားများ အား သတ်မှတ်ချိန် ပြင်ပတွင် ရောင်းချခွင့် ပေးပါရန် ပန်ကြားခဲ့ခြင်း ဖြစ်သော်လည်း အာဏာပိုင်အဖွဲ့ များက ယတိ ပြတ် ငြင်းဆန် လိုက်ခြင်းကြောင့် ပိုမိုကြပ်တည်းသည့် အနေအထားသို့ ရောက်ရှိ လာခဲ့သည်။

ပရီးမီးယားလိဂ်က ထုတ်ပြန်သော ကြေညာချက်တွင် FIFA မှ နွေရာသီနှင့် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလ များကို သတ်မှတ်ပြီး ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် FIFA ၏ စည်းမျဉ်းများကို လေးစားရမည် ဖြစ်သလို ပို့စ်မောက် တသင်းတည်းအား သီးသန့် အခွင့်အရေး ပေးကာ ဘောလုံးသမား ရောင်းဝယ်ခြင်း အတွက် ခွင့်ပြုမည် မဟုတ်ကြောင်း ပါရှိသည်။

ပို့စ်မောက်သည် ငွေကြေး အကြပ်အတည်း များကြောင့် အကြီးအကျယ် ယိမ်းယိုင်လျက် ရှိသလို ပရီးမီးယားလိဂ် အမှတ် ပေးဇယားတွင် အောက်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here