အဘူဆာယက် အဖွဲ့မှ ခေါင်းဆောင် တဦးအား ဖိလစ်ပိုင်တွင် အသေ ဖမ်းဆီးရမိ

alt

ဖိလစ်ပိုင် တပ်မတော်က ၎င်းတို့၏ စီးနင်း တိုက်ခိုက်မှု အတွင်း အစိုးရ ဆန့်ကျင်ရေး မွတ်ဆလင် စစ်သွေးကြွ အဘူဆာယက် အဖွဲ့မှ ခေါင်းဆောင် တဦးအား အသေ ဖမ်းမိ ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အယ်ဘာဒါပါရက် သည် ဖိလစ်ပိုင် အစိုးရက အလို အရှိဆုံး နိုင်ငံတောင်ပိုင်း အင်အားကြီး မွတ်ဆလင် စစ်သွေးကြွ အဖွဲ့၏ ခေါင်းဆောင် တဦးဖြစ်သည်။

ပါရက်သည် ဖေဖော်ဝါရီလ (၂၁)ရက် နေ့က ဖိလစ်ပိုင် မရိန်း တပ်ဖွဲ့ဝင်များ စီးနင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်သွေးကြွ (၆)ဦးတွင် ပါဝင်ကြောင်း ဒေသခံ သတင်း များကလည်း ဖော်ပြခဲ့ကြသည်။

ပါရက်သည် ဆုငွေဒေါ်လာ (၁၅၀၀၀) ထုတ်ပြန်ခြင်း ခံထားရပြီး မနီလာမြို့တော် တောင်ပိုင်း၊ ဂျိုလိုကျွန်း ပေါ်ရှိ မီယမ်ဘန်း မြို့ တိုက်ပွဲတွင် သေဆုံးသွားခြင်း ဖြစ်သည်။ ပါရက် သေဆုံးမှုသည် အဘူဆာယက် အဖွဲ့အား အပြင်း အထန် ထိုးစစ်ဆင်နေသည့် ဖိလစ်ပိုင် အစိုးရအတွက် အကြီးမားဆုံး အောင်ပွဲတခုလည်း ဖြစ် လာခဲ့ရသည်။

အဘူဆာယက် အဖွဲ့သည် ဖိလစ်ပိုင် အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို အစဉ်တစိုက် ပြုလုပ်ခဲ့သူ ဖြစ်ပြီး ပါရက်သည် ပြီးခဲ့သည့် နှစ်က နိုင်ငံတကာ ကြက်ခြေနီ ကော်မတီမှ အဖွဲ့ဝင် (၃)ဦးကို ပြန်ပေးဆွဲရာတွင် အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဖိလစ်ပိုင် စစ်ဖက် အကြီးအကဲ တဦးက ပါရက်အား သုတ်သင်နိုင်ရန် မရိန်း တပ်ဖွဲ့ဝင် (၃၀)ခန့်သည် အကြမ်းဖက် တပ်ဖွဲ့များ၏ အခြေစိုက် စခန်းအား အလစ်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here