လူ့ ဘဝထဲ ဝင်လာသူ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဒီနေ့ (၁၂.၂.၂၀၁၀)နေ့ စာရေးသူတို့ အတန်းရဲ့ စာသင်ခန်းမှာ ၁၉၉၈ ခုနှစ်က ဒိန်းမတ်နိုင်ငံ အောဟူးစ် (Århus) မြို့ငယ်လေးက ကလေးငယ် တဦးရဲ့ မိသားစု ဘဝ အဖြစ်အပျက် မှတ်တမ်းတင် ဗွီဒီယိုကို ပြသ ပါတယ်။

ကလေး အမည်က ဒိန်းမတ် ဘာသာ စကားနဲ့ ယောန်လ် (Jørn) ဖြစ်ပြီး မိဘနှစ်ပါး ကတော့ ဖခင် ဖြစ်သူ ဗျာနား (Bjarne) နဲ့ မိခင်ဖြစ်သူ အန်နီ (Anni) တို့ ဖြစ်ပါတယ်။ ယောန်လ် ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ သာမန်လူတွေလို ကျန်းမာရေး အခြေအနေ မရှိပါဘူး။ သူတို့ နှစ်ဦးစလုံးဟာ အသိဉာဏ် ချို့ယွင်းတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ ဖြစ်ပါတယ်။ ကိုယ်ဝန် အရင့်အမာ ဖြစ်လာချိန် ရောက်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနဲ့ ကျန်းမာရေး ဆိုင်ရာ တာဝန်ခံ ဆရာဝန်တို့ကို အသိပေးခဲ့ပါတယ်။ ကလေးမွေးမယ့် မိဘ နှစ်ပါးစလုံးဟာ တရားဝင် လက်ထပ် ပေါင်းသင်းထား သူတွေ မဟုတ်ပါဘူး။ Living together အဆင့်ကနေ ကိုယ်ဝန် ယူခဲ့ကြပါ တယ်။

ဒီလိုနဲ့ဘဲ နိုင်ငံတော်ရဲ့ ကာကွယ် စောင့်ရှောက်မှုနဲ့ ကလေးကို မွေးဖွားခဲ့ပါတယ်။ စိတ်ရောဂါ ဝေဒနာသည် မိဘနှစ်ပါးနဲ့ ကလေးငယ်ကို ကျန်းမာရေး စောင့်ရှောက်မှု အတွက် နိုင်ငံတော်က ငွေအမြောက်အများ အကုန်ကျခံ ဆောင်ရွက်ပေးပါတယ်။ ကလေး မွေးဖွား ပြီးခါစမှာ စိတ်ရောဂါသည် မိဘနှစ်ပါးက ကလေးကို အလယ်မှာ ထားပြီး အဖေဖြစ်သူက ဂိမ်းဆော့ ပါတယ်။ အမေ ဖြစ်သူကလည်း ကလေး ပါးစပ်ထဲကို နို့မတိုက်ဘဲ သူ့ လက်ညှိုး ဇွတ်အတင်း ထိုးထည့်ပါတယ်။ ကလေး မီးဖွားပြီးခါစမှာ သူတို့ မိသားစုအတွက် ကျန်းမာရေး ဝန်ထမ်းကို နေ့ရော ညပါ အနည်းဆုံး နှစ်ဦးကနေ သုံးဦး အထိ အခါမလတ် အစောင့်အရှောက် ထားပေး ရပါတယ်။ မွေးဖွားပြီးလို့ (၆)ပါတ် အကြာမှာ ဖခင် ဗျာနား နဲ့ မိခင် အန်နီတို့ မင်္ဂလာဆောင် ပါတယ်။ နောက် ခြောက်လ အကြာမှာ သူတို့ နှစ်ဦး ကွာရှင်း ကြပါတော့တယ်။

ခြောက်လသား အရွယ် ယောန်လ် (Jørn)ကို နိုင်ငံတော်က မိဘမဲ့ ဂေဟာမှာ ဆက်လက် စောင့်ရှောက်ဖို့ ဆုံးဖြတ်ပါတယ်။ တပါတ်ကို မိခင်ဖြစ်သူ အန်နီ (Anni)နဲ့ သုံးကြိမ် အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူက စေတနာ ဝန်ထမ်း လူမှု အဖွဲ့အစည်း အကျိုးဆောင်တွေထံ ငိုယို တောင်းပန်းပါတယ်။ စေတနာ့ ဝန်ထမ်း အကျိုးဆောင်တွေက ကလေးငယ်ကို စိတ်ရောဂါသည် မိခင်နဲ့ အတူ ပေးနေဖို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့ကြပါတယ်။ ဒီတင် ကလေးသူငယ် ဆိုင်ရာ တရားရုံးက မိခင်နဲ့ ကလေးငယ် နေ့စဉ် သုံးနာရီခန့် အတူတကွ ရှိနေဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အန်နီဟာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ် …။

စာရေးသူတို့ စာသင်ခန်းထဲရှိ ဒိန်းမတ်လူမျိုး ကျောင်းသား ကျောင်းသူတွေက မှတ်တမ်းတင် ဗွီဒီယိုခွေ ပြသမှုကို ပိတ်ပြစ်ဖို့ ဆရာကိုဝိုင်းပြော ကြပါတယ်။ သူတို့ တော်တော်လေး စိတ်ထိခိုက်နေပုံ ရပါတယ်။ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အန်နီ (Anni) ရဲ့ ငိုကြွေးမှုဟာ သူတို့ ရင်ဘတ်ကို ကျော်ဖြတ်ပြီ နှလုံးသားတွေ အထိရိုက်ခတ်တာကို ခံနိုင်ပုံ မပေါ်ပါဘူး၊ တချို့ ကျောင်းသူတွေဟာ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ကို လက်ဝါးတွေနဲ့ ကွယ်ဝှက် ထားလိုက်ကြပြီး တဆစ်ဆစ် နာကျင်စွာ သိမ့်ရှိုက်ငိုနေတာ မျက်လုံးနီကြီးတွေက သက်သေခံ နေကြပါတယ် …။ ဆရာက ပြသမှုကို ခဏရပ်ပြီး ဆယ်မိနစ်ခန့် အနားယူဖို့ ပြောပါတယ်။ အနားယူချိန်မှာ ဆရာက တစ်ဦးချင်းစီရဲ့ သဘောထား သိလိုပုံနဲ့ လမ်းလျှောက်လာပြီး စာရေးသူအနား အရောက်မှာ “ဒီပြဿနာကို ဘယ်လိုထင်လဲ” လို့ အလွတ်သဘော လိုက်မေးပါတယ်။ စာရေးသူလည်း စာသင်ခန်းရဲ့ မျက်နှာကျက်ကို မော့ကြည့်ပြီး တိုးတိတ်တဲ့ စိုးစိတ်နဲ့ သက်ပြင်း ခိုးမှုတ်ထုတ်လိုက်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်လောက် က အဖြစ်အပျက် တခုကို ပြန်သတိရ မိနေပါတော့တယ်။

ယခုလက်ရှိ နိုင်ငံရေး အကျဉ်းသားအဖြစ် မတရား ထောင်ဒဏ် ကျခံနေရတဲ့ ကျောင်းသား ခေါင်းဆောင် တဦးဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက နယ်မြို့တမြို့ရဲ့ အပိုင် ကျေးရွာတရွာမှာ တာဝန် တချို့နဲ့ ခေတ္တ နေထိုင်တဲ့အချိန်ပေါ့။ သူ ခေတ္တ နေထိုင်ရာ အဲဒီရွာကို သွားရောက်ဖို့ စာရေးသူနဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ က ကျောင်းသားတဦးဟာ ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသွားခါနီး စာရေးသူ လက်ပတ် နာရီဟာ ဓါတ်ခဲ ကုန်လို့သွားတော့ ဆယ်တန်းအောင်ခါစ ရန်ကုန်မြို့သိမ်ကြီးဈေး ကုန်တိုက်အောက် ပလက်ဖောင်းမှ ဈေး ခပ်ပေါပေါမို့ ငွေ (၅၀)ကျပ်နဲ့ ဝယ်ခဲ့ဖူးတဲ့ ခါးပိုက်နှိုက် ပြန်ရောင်းတွေလို့ ထင်ရတဲ့ နာရီကိုပဲ အချိန်သိနိုင်အောင် သယ်ဆောင်ခဲ့ပါတယ်။

အရင်ဆုံး နယ်မြို့ဆီကို သွားရပါတယ်။ အဲဒီကနေ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဒေါ့ချ်ဂျစ် ကားဟောင်းကြီး စီးပြီး ရွာတွေဖက်ကို ဆက်သွားရပါတယ်။ ဒါလည်းရွာကို မရောက်သေးပါဘူး။ ရွာနဲ့ အနီးဆုံး ကတ္တရာလမ်း တခုပေါ်မှာ ရပ်ပါတယ်။ အဲဒီနေရာကနေ ရွာထဲကို မြင်းလှည်း သို့မဟုတ် စက်ဘီးအဌားနဲ့ ဆက်သွားမှ ရောက်ပါတယ်။ ရွာရောက်တော့ စာရေးသူတို့ ခေါင်းဆောင်ဖြစ်သူနဲ့ တွေ့ရပါတယ်။ ဒီရွာမှာ သူ တည်းခိုနေတဲ့ အိမ်က ရွာအဝင် အဝမှာ ရှိပါတယ်။ ရွာမရောက်ခင် သင်္ချိုင်းကုန်း တခုကို ဖြတ်ရပါတယ်။

ညနေပိုင်း ရောက်တော့ စာရေးသူတို့ ခေါင်းဆောင်က စာရေးသူကို ရွာအလယ်က အကြော်ဆိုင်မှာ အကြော်လေး … ငါးခု သွားဝယ်ပေးဖို့ ပြောပါတယ်။ ညနေ ငါးနာရီ … ခြောက်နာရီလောက် ရောက်တော့ စာရေးသူတို့ တည်းခိုရာ အိမ်ကို ကိုရင်လေး တပါး ကြွလာပါတယ်။ စာရေးသူတို့ ခေါင်းဆောင်က စာရေးသူ ဝယ်လာတဲ့ အကြော်တွေနဲ့ အိမ်က ထမင်းတွေကို ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး ကိုရင်လေး ကို ပေးလိုက်ပါတယ်။ ကိုရင်လေးက အဲဒီ အထုပ်လေးကို ပိုက်ပြီး ရွာထိပ် သင်္ချိုင်းဖက်ကို ထွက်သွားပါတယ်။ ဒါနဲ့ စာရေးသူတို့ ခေါင်းဆောင်ကို ဒီ … ကိုရင်လေး က ညနေစား စားသလားလို့ ? မေးကြည့်မိပါတယ်။ သူက ကိုရင်လေး ဘာလုပ်သလဲ ဆိုတာကို သိချင်ရင် လိုက်ကြည့်ဖို့ ပြောပါတယ်။ ဒါနဲ့ စာရေးသူတို့ နှစ်ဦးသား ကိုရင်လေး နောက်ကနေ လိုက်ကြည့်ကြပါတယ်။ ရွာ အထွက် သင်္ချိုင်းထဲက ဇရပ်မှာ ကိုရင်လေးက အရူးမကြီး တယောက်ကို ထမင်းခွံ့ကြွေးနေတာကို တွေ့ရပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့ ကိုရင်လေး အကြောင်း စိတ်ဝင်တစားနဲ့ ရှေ့မှီနောက်မှီတွေကို မေးကြည့် ဖြစ်ပါတယ်။

ဒီရွာကို စိတ်ရောဂါ ဝေဒနာသည် အရူးမ တဦးဟာ အဲဒီရွာကို ဘယ်ကနေ ဘယ်လို ရောက်ခဲ့သလဲဆိုတာ တရွာလုံး ဘယ်သူမျှ သေသေချာချာ မသိကြပါဘူး။ ဗိုက်ဆာရင် ရွာထဲမှာ လှည့်ပတ် တောင်းရမ်း စားသောက် ပါတယ်။ ညဖက်ဆိုရင် ရွာထိပ်က သင်္ချိုင်းဇရပ်မှာ နားနေအိပ်စက် ပါတယ်။ တကြိမ်မှာ အရူးမကြီး ဆီမှာ ကိုယ်ဝန် ရှိလာပါတယ်။ ဒီရွာက ရှေးရိုးစွဲ အုပ်ချုပ်သူ လူကြီးတချို့ဟာ လင်ယောက်ျား မပေါ်ဘဲ ဗိုက်ကြီးတဲ့ အရူးမကို ရွာထဲကို ဝင်ခွင့် မပြုခဲ့ကြပါဖူး။ အရူးမကြီးဟာ ရွာအထွက် တာရိုး လှည်း လမ်းပေါ်မှာ အဝင်အထွက် လုပ်တဲ့ ခရီးသည်တွေ ပြစ်ချပေးတဲ့ စားကြွင်း စားကျန်တချို့ကို စားသောက်ပြီး အသက်ဆက် နေနေသူပါ။ နောက်တော့ သူ့ ကိုယ်ဝန်ကနေ သား ယောက်ျားလေး မွေးဖွားလာပါတယ်။ ရွာနောက်ဖက်က ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်နဲ့ ဦးပဥ္ဇင်းတွေက ဒီကလေးကို ကျောင်းကို သယ်ဆောင်ပြီး လူလားမြောက်အောင် ပြုစုစောင့်ရှောက် ခဲ့ပါတယ်။ အသက် ခုနှစ် နှစ်၊ ရှစ်နှစ် အရွယ်မှာ ရွာကလုပ်တဲ့ စုပေါင်း ဘုံကထိန်တခုမှာပဲ သင်္ဃန်းစီး ကိုရင်ဝတ် ပေးခဲ့ကြပါတယ်။ အခု စာရေးသူတို့ မြင်နေရတဲ့ အသက် ဆယ်နှစ်အရွယ် ကိုရင်လေးဟာ သူ ထမင်းခွံ့ ကျွေးနေတဲ့ အရူးမကြီးက မွေးဖွားထားတဲ့ ကလေးငယ် လေးပါ။

စာရေးသူတော့ နေ့စဉ်လိုလို အဲဒီ ကိုရင်လေးကို သတိထားပြီး ကြည့်မိပါတယ်။ ဘုန်းတော်ကြီး ကျောင်းက ဆွမ်းတန်းဟာ မနက် ၁၀ နာရီခွဲလောက်မှ ဆွမ်းခံ ထွက်လေ့ ရှိပေမယ့် ဒီကိုရင်ငယ်လေး ခမျာ မနက် ကိုးနာရီ လောက် ကတည်းက ရွာပတ်ပြီး ဆွမ်းခံ နေရပါတယ်။ ဆွမ်းခံပြီးရင် ကျောင်းကို တန်းမပြန်သေးပဲ သူ့အမေ အရူးမကြီး ဆီကို ရွာအပြင် နေပူထဲမှာ လိုက်ရှာပြီး သူ ဆွမ်းခံလို့ ရတဲ့ အထဲကနေ ကျွေးမွေး သုတ်သင်နေတာကို တွေ့နေရပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရတာထက် အပြင်က မြင်ကွင်းဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး မြင်ရသူ ရင်ကို ဆို့စေပါတယ်။

စာရေးသူတို့ နှစ်ယောက် အဲဒီရွာကို ရောက်ပြီး ငါးရက်လောက် အကြာမှာ နံဘေးအိမ်က ဆွမ်းကျွေးရှိလို့ စာရေးသူ တို့လည်း အလှူအိမ်ကို သွားခဲ့ကြပါတယ်။ အလှူ အိမ်ရောက်တော့ စကားစမြည်း ပြောရင်ကနေ အလှူအိမ်မှာ ဆွမ်းစား ကြွလာတဲ့ ဦးပဥ္ဇင်း တပါးဆီမှာ ဒီကိုရင်လေး အပေါ် ဂရုဏာ သက်မိတဲ့အကြောင်း လျှောက်မိကြပါတယ်။ ဦးပဥ္ဇင်း ဘုရား မိန့်ကြားတာကို နားထောင်ရတာ တော်တော် စိတ်မကောင်း ဖြစ်စရာပါ …။

ရွာထဲမှာ အလှူအတန်းတွေရှိလို့ လော်စပီကာ အသံကြားရင် အဲဒီ အရူးမကြီးဟာ ရွာထဲကို ဝင်ရောက်လာလေ့ ရှိပါတယ်။ အဲဒီအခါ လူတွေက သူ့ကို ရွာအပြင်ကို မောင်းထုတ် ကြပါတယ်၊ ဟောက်ငမ်း မောင်းထုတ်လို့ မရရင် ကျောက်ခဲအသေးတွေနဲ့ ပစ်ပေါက် ကြပါတယ်။ အဲဒီအခါ ကိုရင်လေးက သူ့ အမေအပေါ် မနှိပ်စက်ဖို့ ငိုယိုပြီး တရွာလုံးကို တောင်းပန်ပါတယ်။ မကြာခဏ ဆိုသလို ရွာထဲက ကလေးတွေနဲ့ ကာလသား လူငယ်တချို့ဟာ အရူးမကြီးကို စ’နောက်လေ့ ရှိပါတယ်။ အရူးမကြီးက အော်ဆဲရင် ကျောက်ခဲ အသေးတွေနဲ့ ပစ် ပေါက်လေ့ ရှိပါ တယ်။ နေ့စဉ်ဆိုသလို ကိုရင်လေးက သူ့အမေကို ဆွမ်းခံပြီး ရှာကျွေး နေရပါသေးတယ်။ စိတ်မမှန်တဲ့ အရူးမကြီး ဟာ သူ့ကိုယ် ရှာကျွေးနေတဲ့ သူ့သား ကိုရင်လေးရဲ့ ဒုက္ခကိုလည်း လုံးဝမသိ၊ ဒီကြားထဲ အစားအသောက် ဟင်းတွေက သိပ်မကောင်းရင် သူ့ကို ထမင်းခွံ့ ကျွေးနေတဲ့ သူ့သား ကိုရင်လေးကို ထုထောင်း ရိုက်ပုတ်လေ့ ရှိပါတယ်။ အဆိုးဝါးဆုံး က အဲဒီ အရူးမကြီးရဲ့ နေထိုင်မှုပါ၊ ရွာအပြင် သင်္ချိုင်း ဇရပ်မှာ အမျိုးသမီး တဦးတည်း နေထိုင်ရတဲ့ သူ့ဘဝဟာ အန္တရာယ် အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်လို့ လှမ်းအော်ရင်တောင် ခေါ်မကြား အော်မကြား ဘယ်သူမျှ မကြားနိုင်တဲ့ နေရာပါ၊ နံဘေးက လှည်းလမ်းပေါ်မှာ နေ့ရာ ညပါ ဖြတ်သန်း သွားသူတွေထဲ လူကောင်းတွေ ရှိသလို မူးရူး ရမ်းကား သူတွေလည်း ရှိနိုင်ပါတယ်။ တစုံတရာများ ထပ်မံ အဓမ္မပြုမယ် ဆိုရင် စိတ်ရောဂါ ဝေဒနာသည်ရဲ့ ဘဝဟာ ခုခံကာကွယ်နိုင်စရာ အနေအထား အကြွင်းမဲ့ မရှိခဲ့ပါ။

ဆရာတော်က ရန်ကုန်ကနေ ခရီးကိစ္စနဲ့ လာတဲ့ စာရေးသူတို့ထံ အကူအညီ တောင်းပါတယ်။ ကိုရင်လေးရဲ့ လက်ရှိ ဒုက္ခတွေလည်း ငြိမ်းအေး သက်သာသွားအောင်၊ သူ့ မယ်တော် အရူးမကြီးရဲ့ အခုခံမဲ့ ဘဝလည်း တစုံတရာ ပြေလည် သွားအောင် ရန်ကုန်မှာ ရှိတဲ့ စိတ်ရောဂါကု ဆေးရုံနဲ့ ဆက်သွယ်ပြီး အရူးထောင် တို့ ဘာတို့မှာ ထားလို့ရမယ် ဆိုရင် ထားချင်ကြောင်း မိန့်ကြားပါတယ်။ စာရေးသူတို့ နှစ်ဦးလည်း တပည့်တော်တို့ အချင်းချင်း တိုင်ပင် ပါ့မယ်လို့ လျှောက်ထားပြီး တည်းခိုရာ အိမ်ဆီ ပြန်လာခဲ့ပါတယ်။ စာရေးသူတို့ ရဲ့ ခေါင်းဆောင်ကလည်း နေ့စဉ် မြင်တွေ့နေရတဲ့ ဒီပြဿနာကို ဖြေရှင်းချင်ကြောင်း သူ့ရင်ထဲက အမြင်ကို ပြောပြပါတယ်။

ဒီလိုနဲ့ အဲဒီနေ့ ညနေရောက်တော့ ထုံးစံအတိုင်း ကိုရင်လေး ကြွလာပါတယ်။ စာရေးသူတို့ ခေါင်းဆောင်လည်း အိမ်မှာ ချက်ထားတဲ့ မရှိ ရှိတာလေးတွေကို စုပေါင်းပြီး သူ့အမေ အရူးမကြီး စားဖို့ ထည့်ပေး လိုက်ပါတယ်။ နောက် နာရီဝက်လောက် နေတော့ ကိုရင်လေး ကျနော်တို့အိမ်ကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။ ဘာဖြစ်လို့လဲ မေးလျှောက်တော့၊ သူ့အမေ အရူးမကြီး တော်တော်လေး နေမကောင်းဖြစ်ပြီး ဇရပ်ပေါ်မှာ အိပ်နေသလိုလို မေ့နေ သလိုလို နိူးမရကြောင်း ပြောပြပါတယ်။ ဒါနဲ့ စာရေးသူတို့ သုံးယောက်သား ကိုရင်ငယ်လေး နောက် လိုက်ပြီး ကြည့်ခဲ့ပါတယ်။ တနေကုန် သွားချင်ရာကို စိတ်ကူး ပေါက်သလို လျှောက်သွားတော့ အပူရှပ်ပြီး ဖျားနေပုံ ရပါတယ်။ နိူးလို့လဲ မရပါဘူး။ ဒါကြောင့် ရွာထဲက မြင်းလှည်း တစီးကို အမြန်ဋ္ဌားပြီး နံဘေးရွာက ကျန်းမာရေး ဆေးမှူးထံ သွားပြ ပေးရပါတယ်။ တရွာနဲ့ တရွာက နည်းနည်း အလှမ်းဝေးတော့ မြင်းလှည်း ဋ္ဌားခက ဈေးမနည်းလှပါ။ ကျန်းမာရေး ဆေးမှူး ပေးလိုက်တဲ့ ဆေးတချို့ ယူလာပြီး ရွာကို ပြန်ခဲ့ကြပါတယ်။

စာရေးသူတို့ ခေါင်းဆောင်နဲ့ ဘုန်းတော်ကြီး ကျောင်းက ဆရာတော်တို့ရဲ့ တိုက်တွန်းပြောဆို မေတ္တာ ရပ်ခံမှု ကြောင့် ဒီအရူးမကြီးကို စာရေးသူတို့ အပြန် ရန်ကုန်ကို ခေါ်ဆောင်ဖို့ စာရေးသူတို့ နှစ်ယောက် ဆုံးဖြတ်ခဲ့ ပါတယ်။ ရန်ကုန်ကို ပြန်မယ့် စာရေးသူတို့ နှစ်ယောက် လက်ထဲမှာ ပိုက်ဆံ အခြေအနေက သိပ်ကောင်းလှတယ် ရယ်တော့ မဟုတ်ပါဘူး။ ကိုရင့်အမေ အရူးမကြီး နေမကောင်း ဖြစ်တုန်းက မြင်းလှည်း ဋ္ဌားပေးတာရယ်၊ စာရေးသူတို့ ခေါင်းဆောင်ကို အရေးအကြောင်း ရှိရင် သုံးစွဲဖို့ ငွေ အနည်းငယ်လောက် ပေးခဲ့ရတာ ကြောင့်ပါ။ ဒီ အရူးမကြီးနဲ့ စာရေးသူတို့ နှစ်ယောက် ကားတစင်းကို လုံးချင်းဋ္ဌားပြီး ရန်ကုန် ပြန်ဖို့ မပြောနဲ့ သာမန် ခရီးသည်တင် ကားနဲ့ ခေါ်ဖို့တောင် ပိုက်ဆံ မလောက်တော့ပါ။ ဒါနဲ့ ရွာထဲမှာ ပိုက်ဆံရှိပြီး အကြွားသန်တဲ့ လူတယောက်ကို သွားတွေ့ပါတယ်။ သူ့ကို ကျနော့် လက်ပတ်နာရီ ပြန်ရောင်းချင်ကြောင်း၊ ဒီလက်ပတ် နာရီဟာ နိုင်ငံခြားကနေ လှမ်းပို့ထားတဲ့ အကောင်းစား နာရီဖြစ်ကြောင်း၊ သူ ယုံကြည်အောင် အမျိုးမျိုး လှီးလွှဲပြောပြီး (၇၀၀)ကျပ်နဲ့ ရောင်းချခဲ့ ရပါတယ်။

ကိုရင်လေးက ပထမတော့ သူ့မိခင်အတွက် အရွယ်နဲ့ မလိုက်အောင် တော်တော်လေး စိတ်ပူနေပါတယ်။ ဆရာတော် နဲ့ တကွ ကျန်သူအားလုံးက အမျိုးမျိုး ပြောဆိုမှုကြောင့် နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။ ဒါနဲ့ ကိုယ့်နာမည် ကိုယ်မသိတဲ့ စိတ်ရောဂါ ဝေဒနာသည် အရူးမကြီးနဲ့ စာရေးသူတို့ နှစ်ယောက် ရွာကနေ ရန်ကုန်သို့ ဘုရားတ ယင်း ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်အထိ စီးမယ့် ကားဆီရောက်တော့ ကားသမားက တော်တော်နဲ့ လက်မခံပါဘူး။ တခြား ခရီးသည် အတွက် အနှောက်အယှက် ဖြစ်မှာကို သူတို့ စိုးရိမ် နေကြပါတယ်။ ဒါနဲ့ အမျိုးမျိုး ပြောဆိုမှ သူတို့ လက်ခံလိုက်ပါတယ်။ လမ်းခရီး တလျှောက် မော်တော်ကား ခဏရပ်တဲ့ ကားမှတ်တိုင်မှာ လာသမျှ ဈေးသည်တွေရဲ့ မုန့်မျိုးစုံ၊ ဖျော်ရည် မျိုးစုံကို မကြာခဏ ဝယ်ကျွေး ချော့မော့ပြီး ခေါ်ဆောင်ခဲ့ ရပါတယ်။ ခရီးသည်တွေလည်း ပထမတော့ ခပ်လန့်လန့်ပါ။ နောက်တော့ စာရေးသူတို့ နှစ်ယောက်ကို သနားပြီး ကိုယ်ချင်းစာပုံ ရပါတယ်။

စိတ်ရောဂါ ဝေဒနာသည် အရူးမကြီးကို ရွာက ခေါ်လာစဉ်မှာ စာရေးသူတို့ က “အမတော် ဒေဝီသခင်မ၊ ကျွန်တော်မျိုးတို့နဲ့ ပျော်စရာအပြည့် ရှိတဲ့ မဟာရန်ကုန် ရွှေနန်းတော်ကြီးကို သွားကြမယ်” ဆိုပြီး အငြိမ့်ထဲက လေသံနဲ့ ချော့မောပြီး ခေါ်ခဲ့တာပါ။ ဒါကြောင့် ကားစီးနေတဲ့ လမ်းတလျှောက်လုံး မကြာခဏ ဆိုသလို “ဘိုးဘိုးတို့၊ အမတော်တို့ စံပျော်မယ့် ရွှေနန်းတော်ကို မဆိုက် ရောက်သေးဘူးလား” လို့ မေး မေးနေပါတယ်။ ကားပေါ်က တခြား လူတွေလည်း တဝါးဝါးနဲ့ ပွဲကျ ပါတော့တယ်။ ရန်ကုန် အဝင် မင်္ဂလာဒုံမြို့နယ်ရှိ အဝေးပြေး လမ်းပေါ်မှာ ကားခဏ ရပ်နားပါတယ်။ ကားရပ်တဲ့ လမ်းနံဘေးမှာ အုတ်နံရံ ခပ်မြင့်မြင့်နဲ့ ဘုန်းကြီးကျောင်း တကျောင်း ရှိပါတယ်။ အဲဒီနံရံကြီးကို ကြည့်ပြီး ကောက်ခါငင်ခါ ရုတ်တရက် ကားပေါ်ကနေ ဆင်းပြီး ပြေးပါတော့တယ်။

စာရေးသူတို့ နှစ်ယောက် အပါအဝင် ကားပေါ်က ကျန်ခရီးသည် တွေလည်း အူယားဖါးယား လိုက်ပြီး ခေါ်ဆောင် ပေး ရပါတယ်။ သူ့စိတ်ထဲ သူနေရမဲ့ ရွှေနန်းတော်လို့ ထင်နေပုံ ရပါတယ်၊ ပါးစပ်ကလည်း ဒါကြီးက ငါ့နန်းတော် … ငါ့နန်းတော် ဆိုပြီး အော်နေပါတယ်။ ဒီလိုနဲ့ စာရေးသူတို့ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။ သီလရှင် ကျောင်းတခုမှာ အဲဒီ အရူးမကြီးကို လေး … ငါးရက် လောက် ထားရပါတယ်။ နောက် မရမ်းကုန်းမြို့နယ် တံတားလေး စိတ်ရောဂါကု ဆေးရုံကို စုံစမ်း ကြည့်ပါတယ်။ အရူးထောင်မှာ နေခွင့်ရဖို့ ကိစ္စက ထင်သလောက် တော့ မလွယ်ကူခဲ့ပါ။ အစိုးရ ဆေးရုံဟာ ကျန်းမာရေး အသုံးစရိတ် ဘက်ဂျက် နည်းပါးမှုကြောင့် ဟောင်းလောင်း ပါ။ လူနာရဲ့ ဆေးမှတ်တမ်းရဖို့ အရင်ကြိုးစား ရပါတယ်၊ ဆက်သွယ်ရန် လူနာရှင် မိသားစု လိပ်စာ နေရာမှာ ရွာက ကိုရင်လေး သီတင်းသုံးရာ ဘုန်းကြီး ကျောင်းလိပ်စာကိုပါ ထည့်ပေးရပါတယ်။ ဆေးရုံးရောက်ပြီး နှစ်ရက်လောက် အကြာမှာ ဆေးစစ်ခွင့် ရပါတယ်၊ ဒီတင် သိခွင့် ရလိုက်တာက လူနာရဲ့ အခြေအနေ မကောင်းတော့ပါ၊ သူ့မှာ အစာအိမ်ကင်ဆာ လက္ခဏာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပြပါတယ်။ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတဲ့ အပြင် ကျွေးမဲ့သူ မရှိတဲ့ နေ့ပေါင်း များစွာကို ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝဟာ နေဝင်ချုပ်ငြိမ်းဖို့ တော် တော် နီးကပ်နေခဲ့ပါပြီ။

ရန်ကုန် တံတားလေး စိတ်ရောဂါကု ဆေးရုံး(အရူးထောင်)ကို ရောက်ပြီး (၂)နှစ် အကြာမှာ အစာအိမ် ကင်ဆာ ရောဂါနဲ့ ကွယ်လွန် သွားရှာပါတယ်။ သူ့ ဈာပနအတွက် တောက ကိုရင်လေးနဲ့ ဆရာတော်များထံ လှမ်းပြီး အကြောင်းကြား ပါတယ်။ မယ်တော်ရဲ့ အလောင်းကို မီးသဂြင်္ိုဟ်စက်ထဲ ထည့်တော့မဲ့ အချိန်မှာ သားဖြစ်သူ ကိုရင်ငယ် လေးက …“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်း များစွာကြားက ကိုရင် ကို မွေးဖွားပေးခဲ့တဲ့ ဒီ .. ဝဋ်ဆင်းရဲ ဟာ သံသရာခရီးမှာ နောက်ဆုံး ဖြစ်ပါစေ …” လို့ ပြောတဲ့စကားကို ယနေ့အထိ အကြောင်း တိုက်ဆိုင်တိုင်း စာရေးသူ ကြိမ်ဖန်များစွာ ကြားယောင် နေဆဲပါ။

စစ်ငြိမ်းဒီရေ

LEAVE A REPLY

Please enter your comment!
Please enter your name here