ဒလိုင်းလားမားနှင့် အမေရိကန် သမ္မတ တွေ့ဆုံမှု တရုတ် ကန့်ကွက်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်း လားမား တို့ တွေ့ဆုံမှုအတွက် တရုတ်နိုင်ငံ က ကန့်ကွက် လိုက်ကြောင်း သိရှိရ သည်။

တရုတ် အစိုးရက နယ်နှင်ဒဏ် ချမှတ်ထား သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သည် အိုဘားမားနှင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ဝါရှင်တန် မြို့တော်ရှိ အိမ်ဖြူတော်တွင် တွေ့ ဆုံခဲ့သည်။ သက်တော် (၇၄)နှစ် ရှိနေပြီ ဖြစ် သော ဒလိုင်းလားမား ဘုန်းတော်ကြီးသည် ၎င်းကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်သည့် အိုဘားမား နှင့် တိဘက် ဒေသဆိုင်ရာ လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေး နွေးခဲ့သည်။

ထို့အပြင် ဒလိုင်းလားမားက ၎င်းသည် အမေရိကန်၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်ချက် များ အပေါ် အလွန် လေးစားမိကြောင်းလည်း အိုဘားမားအား ပြောကြားခဲ့သေးသည်။ ဘုန်းတော်ကြီးသည် ပထမ ဂျော့ရှ်ဘု လက်ထက် ကတည်းက အမေရိကန် သမ္မတ အဆက်ဆက်နှင့် တွေ့ဆုံခဲ့သူ ဖြစ်သည်။

ဒလိုင်းလားမားအား အိုဘားမားက လက်ခံ တွေ့ဆုံ မှုအပေါ် တရုတ်နိုင်ငံက တရားဝင် ကန့်ကွက်လိုက်ရာ တိုင်ဝမ် အား လက်နက်များ ရောင်းချရန် သဘောတူညီမှုကြောင့် အေးခဲနေသည့် အမေရိကန်-တရုတ် ဆက်ဆံရေး ကို ပိုမို တင်းမာ လာစေဖွယ် ရှိနေခဲ့သည်။

တရုတ် အစိုးရက အိုဘားမားနှင့် ဒလိုင်းလားမား တွေ့ဆုံမှုအပေါ် ကန့်ကွက်ခဲ့သည့်တိုင် ကုန်သွယ်ရေး ပူးပေါင်းမှု များကို ရပ်ဆိုင်းမည် ဆိုသော ခြိမ်းခြောက်မှုမျိုးကိုမူ မပြု လုပ်ခဲ့ချေ။ မကြာသေးမီက တိုင်ဝမ်အား လက်နက် ရောင်းချမှု ပြဿနာကြောင့် ဘေဂျင်း မြို့တော်ရှိ စစ်ဖက် အကြီးအကဲများက အမေရိကန်သို့ စစ်လက်နက် ကုန်ကြမ်းများ တင်သွင်းနေမှုကို ပိတ်ပင်ပေးရန် အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့သေးသည်။ တရုတ်သည် အမေရိကန်သို့ ဒုတိယ အကြီးဆုံး ပို့ကုန် တင်သွင်းသည့် နိုင်ငံအဖြစ် ရပ်တည် နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here