ဟေတီတွင် လူကုန်ကူးမှု စွဲချက်ဖြင့် အဖမ်းခံရသည့် အမေရိကန်များ ပြန်လည် လွတ်မြောက်

alt

ဟေတီ နိုင်ငံတွင် ကလေးငယ် များအား လူ ကုန်ကူးရန် ကြိုးစား ခဲ့သည်ဟူသော စွဲချက်ဖြင့် အဖမ်းခံ ထားရသော အမေရိကန် နိုင်ငံသား (၁၀)ဦး အနက် (၈)ဦးကို ဟေတီ တရားရုံးက ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်သည်။

Missionary အဖွဲ့ဝင်များ ဖြစ်သည့် ၎င်းတို့ သည် ဟေတီရှိ ကလေးငယ် (၃၃)ဦးကို ထိန်းသိမ်း ထားကြောင်း ဖော်ထုတ် တွေ့ရှိပြီး နောက် ကလေးပြန်ပေး ဂိုဏ်းအဖြစ် စွပ်စွဲ ခံရပြီး ယခုလို ထိန်းသိမ်းထားမှုနှင့် ရင်ဆိုင် ရခြင်း ဖြစ်သည်။

ပို့ဩပရင့်စ် မြို့တော်အတွင်း ဇန်နဝါရီလ အနှောင်းပိုင်းက အဖမ်းခံထားရသော အမေရိကန် (၈)ဦး ကို တရား သူကြီး တဦးက ဖေဖော်ဝါရီလ (၁၇)ရက် နေ့တွင် ပြန်လွှတ် ပေးလိုက်ကြောင်း သတင်း များက ဆိုသည်။ မစ်ရှင် အဖွဲ့၏ ကိုယ်စားလှယ်ဟု ကြေညာထားသည့် အယ်ဗီအိုဖလူးရန့်က အဖမ်း ခံထားရသူ (၁၀)ဦးလုံးတွင် အပြစ်မရှိ ကြောင်း တကမ္ဘာလုံးကို သိစေလိုသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ပြန်လွတ်လာသူ (၈)ဦးတို့မှာ ကျန်းမာရေး ကောင်းမွန်ပြီး အမေရိကန် သံရုံးမှ ကား(၃) စင်းက လာရောက် ခေါ်ဆောင်သွားကြောင်း မျက်မြင်များက ဆိုသည်။ ထို့နောက် တွင် ဆေးစစ်မှုများ ခံယူရန် အတွက် မိုင်ယာမီ တက္ကသိုလ် က လာရောက် ဖွင့်လှစ်ထားသည့် ကွင်းဆင်း ဆေးရုံသို့ ယင်း ဗင်ကားများ ဝင်ရောက်သွားကြောင်း သိရှိရ သည်။ ဟေတီ တရားသူကြီးက ပြန်လွှတ် ပေးလိုက်သူ (၈)ဦး တို့အား ရာဇဝတ်မှုဖြင့် တရားစွဲဆိုရန် သက်သေ မလုံ လောက်ကြောင်း ဆုံးဖြတ်ကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပါတ်ကျော်ကမူ ယင်း တရားသူကြီးပင် အမေရိကန် (၁၀)ဦးတို့မှာ ထောင်ဒဏ်နှစ်ရှည် ချမှတ် ခံရနိုင်လောက်သည့် ကလေးပြန်ပေးမှု ကျူးလွန်ကြောင်း စွဲချက်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ အမေရိကန် များမှာ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ ဖြစ်ပြီး ဇန်နဝါရီလ (၂၉)ရက် နေ့က အဖမ်းခံရခြင်း ဖြစ်သည်။ ယင်း တို့ နှင့်အတူ အသက် (၂)နှစ်မှ (၁၂)နှစ် အရွယ် ဟေတီ ကလေးငယ်များအား နယ်ခြားတွင် တွေ့ရှိ ပြီးနောက် ဟေတီ ရဲများက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကလေးငယ် များသည် ယခုအခါ ဟေတီရှိ ကလေး သူငယ် စောင့်ရှောက်ရေး စင်တာ တခုတွင် ရှိနေကြောင်း သတင်းများက ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here