ကြံစီတိုင်းလဲ ဖြစ်မလာဘူး

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နော်ဝေနိုင်ငံဟာ ကမ္ဘာ့ မြောက် ဝင်ရိုးစွန်း နားက နိုင်ငံ ငယ်လေး ဖြစ်ပြီး လူဦးရေ အနေနဲ့ ၅သန်း ဝန်းကျင် သာ ရှိပါတယ်။

အဲဒီ အထဲမှာ ပြည်ပ နိုင်ငံခြားသားက ၅သိန်း ခန့် ပါဝင် နေပါသေးတယ်။ မြန်မာ နိုင်ငံသား ကတော့ (၂၅၀၀) နှစ်ထောင့်ငါးရာ ဝန်းကျင် ခန့်လောက် အခုဆို ရှိရောပေါ့ ။ အဲဒီ လူတွေဟာ အများအားဖြင့် ၁၉၉၀ နောက်ပိုင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ အိန္ဒိယ၊ ထိုင်း ၊ မလေးရှား နိုင်ငံတွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လူသားချင်း စာနာတဲ့ ခေါင်းစဉ် အောက် ကနေ ရောက်ရှိလာလို့ လက်ခံထားတာပါ။ နောက်ပိုင်း မှာတော့ လူ့အခွင့်အရေးမှာ ကမ္ဘာ့နံပတ်(၁) အဆင့်အဖြစ် သတ်မှတ် ခံထားရတာရယ်၊ နိုဘယ်ဆု ချီးမြှင့်ပေးအပ်တဲ့ နိုင်ငံ ဖြစ်တာရယ်၊ ပြီးတော့ မြန်မာနိုင်ငံက ပြည်ပ ရောက် စင်ပြိုင် အစိုးရကို အသိအမှတ်ပြုပြီး DVB လို့ လူသိများတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို နော်ဝေနိုင်ငံမှာ တည်ထောင်လုပ်ကိုင် အသံလွှင့်ခွင့် ပေးထားတယ် ဆိုတဲ့ အချက်တွေနဲ့ မြန်မာလူမျိုးတွေ အသိများလာတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

နော်ဝေကို ရောက်လာကြတဲ့ မြန်မာတွေ ကလည်း ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ မြန်မာတွေနဲ့၊ ထိုင်း၊ အိန္ဒိယနဲ့ မလေးရှား ဒုက္ခသည် စခန်းတွေဆီမှာ ကျန်ခဲ့တဲ့ မြန်မာတွေ ဆီကို ၊ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေ ဆီကို မိမိ တို့ လက်ရှိ အခြေအနေကို ပြောကြဆိုကြ အသိပေးကြလို့ ခုဆိုရင် နိုင်ငံရေး အကြောင်းပြပြီး ခိုးဝင် ခုန်ချကာ နိုင်ငံရေး ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးဖို့ ဝင်လာတဲ့ လူတွေကလည်း နည်းလမ်း အသွယ်သွယ် အကြံစည် အမျိုးမျိုးနဲ့ ရောက်လာ နေကြပါပြီ။ နော်ဝေနိုင်ငံက ဒုက္ခသည် စီစစ်လက်ခံရေး စခန်းတွေမှာ မြန်မာ လူမျိုးတွေ စတင် တွေ့မြင်လာနေ ရပါပြီ။

သူတို့တွေ နော်ဝေနိုင်ငံကို မြန်မာငွေ သိန်းပေါင်းများစွာ (စုံစမ်းလို့ သိရတာက -အကြမ်းဖျင်း သိန်းရ၀ ခန့် နော်ဝေ အရောက် ပို့ပေးတဲ့ ပွဲစားကို ပေးရတယ်လို့ သိရပါတယ်) အကုန်အကျခံပြီး လာခုန်ချမယ် ဆိုရင်လဲ လာ ချင်စရာပါ။ နော်ဝေကို ရောက်လာပြီး ဒုက္ခသည် အဖြစ်ခိုလှုံခွင့် လျှောက်လိုက်တာနဲ့ အဲဒီလူကို နော်ဝေလို (အာစီမိုတက်) လို့ ခေါ်တဲ့ ဒုက္ခသည် စီစစ်ရေးစခန်းမှာ ထားမယ်။ ထောက်ပံ့့ကြေးက စားစရိတ် အပါအဝင် အထွေထွေ သုံးဖို့ လူမှုရေး ထောက်ပံ့ကြေး၊ နော်ဝေငွေ (၃၀၀၀) ပေးပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ၅ သိန်းခွဲ ဝန်းကျင်ခန့်ပေါ့။ ကလေးမွေးရင် မွေးဖွား စရိတ်ထောက်ပံ့တယ်။ မကျန်းမာရင် အခမဲ့ ဆေးကုသခွင့် ရှိတယ်။ တကယ်လို့ နော်ဝေနိုင်ငံထဲ ခိုလှုံခွင့် ရသွားမယ် ဆိုရင်လဲ အလုပ်မရသေးခင်မှာ လူမှုရေး ထောက်ပံ့ကြေး ၄၀၀၀ ရမယ်။ အလုပ်လုပ်ရင်း အလုပ်ရှင်ဘက်က စီးပွါးရေး အခြေအနေမကောင်းလို့ လုပ်ငန်းရပ်ခဲ့ရင် နောက်အလုပ် မရခင် စပ်ကြားမှာ အလုပ်လက်မဲ့ ထောက်ပံ့ကြေးငွေ (တလကို-၈၆၀၀) ရမယ်။ ဒီ သတင်းတွေကြောင့် နော်ဝေကို လာချင်တဲ့ မြန်မာတွေ များလာတယ်လို့ ယူဆရပါတယ်။ မြန်မာတွေမှ မဟုတ်ပါဘူး၊ နှစ်စဉ် ပဋိပက္ခတွေနဲ့ သေနတ်ပေါက်များတဲ့ အာဖရိက နိုင်ငံတွေနဲ့ အာရှက နိုင်ငံရေး ပြဿနာ တက်နေတဲ့ သိရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ အီရတ် စတဲ့ နိုင်ငံတွေကပါ လာရောက်ခုန်ချ ခိုလှုံခွင့်တောင်းတဲ့ လူတွေ သောင်းနဲ့ချီ ရှိပါတယ်။

အဲလို ရပိုင်ခွင့်တွေနဲ့ အတူ မိမိတို့ ဘက်က လိုက်နာရမယ့် ၊ ရင်ဆိုင်ရမယ့် အပိုင်းကို ပြောပြပါဦးမယ်။ ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ ရောက်လာသူပဲ ဖြစ်ဖြစ်၊ ခိုးဝင် ခုန်ချပြီး ဒုက္ခသည် အဖြစ် လျှောက်လာတဲ့ သူပဲဖြစ်ဖြစ်၊ နော်ဝေ နိုင်ငံသားနဲ့ လက်ထပ်ပြီး လာတဲ့ သူပဲဖြစ်ဖြစ်၊ နော်ဝေ နိုင်ငံထဲ ရောက်လာပြီ ဆိုတာနဲ့ ပထမဆုံး ရင်ဆိုင်ရတာက နော်ဝေစာ နော်ဝေဘာသာ စကားကို နာရီ(၃၀၀) မသင်မနေရ သင်ကြ ရတာပါ။ နာရီ ၃၀၀ သင်ထားတဲ့ အထောက်အထား မပြနိုင်ရင် နော်ဝေ နိုင်ငံသား လျှောက်ခွင့် မပေးပါဘူး။ ပြီးတော့ နော်ဝေစာမှ မတတ်ရင် အလုပ်အကိုင် ရဖို့လဲ အတော်ခက်ပါတယ်။

နော်ဝေကို ဒုက္ခသည်အဖြစ် ရောက်လာကြတဲ့ သူတွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊၊ ရှေ ့နေ၊ ကျောင်းဆရာ တွေအပြင် မြန်မာပြည်မှာ မဟာသိပ္ပံ တက်နေတဲ့ သူတွေလည်း ပါလာကြပါတယ်။ တိုင်းရင်သားထဲက တချို့ဆိုရင် မြန်မာစာ ရေးတတ် ဖတ်တတ်ရုံ အဆင့် လူတွေလဲ ဗြုတ်စဗျင်းတောင်း ပါလာတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျောင်းတက်စမှာတော့ အားလုံးဟာ နော်ဝေစာကို အခြေခံကစပြီး သင်ကြရပါတယ်။ လူကြီးတွေက သက်ကြီး ပညာရေးကျောင်းကို သွားရပါတယ်။ ၁၆နှစ်အောက် ကလေးတွေက အသက် အရွယ်လိုက်ပြီး သင့်တော်မယ့် အတန်းတွေမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း အဆင့်ခွဲပြီး ပို့ပါတယ်။ ထားပေးပါတယ်။

ကလေးတွေက နော်ဝေစာ သင်ရတာ အတတ်မြန်ပါတယ်။ နော်ဝေ ပညာရေး စံနစ်ကလည်း၊ လူ့အခွင့်အရေးကို အခြေခံ ထားတဲ့အတွက်“မအောင်မရှိ-ငါ့တပည့်” ဆိုသလို တနှစ်တတန်း လျောကနဲ လျောကနဲ မှန်မှန် အတန်းတင်တဲ့ စံနစ် ဖြစ်ပါတယ်။ အဲသလိုနဲ့ ၁၀တန်း အောင်သွားတော့ မြန်မာလိုတော့ တက္ကသိုလ်ဝင်တန်းလို့ ခေါ်လို့ရမယ့် (videregående skolen) ၃နှစ်သင် ကျောင်းကို သွားရပါတယ်။ အဲဒီမှာ တက္ကသိုလ် ဆက်တက်မယ့် သူက ပြဌာန်းချက် ဘာသာရပ်တွေမှာ သီအိုရီတွေ ခပ်များများ သင်ကြ ရပါတယ်။ ပြီးရင် အမှတ် အနည်းအများလိုပြီး ဝင်ခွင့်ရတဲ့ တက္ကသိုလ်ကို ဆက်သွားပေါ့။

အလုပ်ခွင် သွားချင်တဲ့ လူက မိမိဝါသနာပါရာ ဘာသာရပ်မှာ စာတွေ့ လက်တွေ့ သင်ကြရပါတယ်။ ဒီနိုင်ငံမှာ ထူးခြားတာက တပါတ်တရက် ကျောင်းဖွင့်ရက်မှာ အလုပ်ခွင်သွားပြီး“အလုပ်ခွင်၊လက်တွေ ့” သွားဆင်းရပါတယ်။ ၃နှစ်ပြီးရင် သက်ဆိုင်ရာ ရုံးဌာနတွေမှာ ၂နှစ် သွားဝန်ထမ်း ရပါတယ်။ တကယ်လို့ အလုပ် လုပ်နေရင်းက ကျောင်းပြန်တက်ချင်ရင် သီအိုရီ ဘာသာရပ် ပြန်ယူပြီး တက္ကသိုလ် ဝင်ခွင့်ပြန်ဖြေ။ ပြီးရင် တက္ကသိုလ် ဆက်သွားကြတာလဲ ရှိပါတယ်။ တက္ကသိုလ် နေ့ကျောင်းတက်ရင် ၃နှစ် အချိန်ပြည့် တက်ရတယ်။ ညနေပိုင်း တက်မယ်ဆိုရင် ၄နှစ် တက်ရပါတယ်။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ညနေပိုင်း ဖွင့်တဲ့ လုပ်သားကောလိပ် တက်သလိုမျိုးပေါ့။ အောင်ရင်တော့ ရိုးရိုးဘွဲ့ ရပါပြီ။

ရှေ့နေတို့၊ စက်မှု အင်ဂျင်နီယာတို့ ၊ ဆရာဝန်-ဆေးလိုင်း တို့ကတော့ အမျိုးအစား လိုက်ပြီး ၅-နှစ်၊ ၆-နှစ်၊ ရ-နှစ် အထိ သတ်မှတ် ထားပါတယ်။ဒါက ကလေးတွေ ပညာရေး အပိုင်းပါ။ လူကြီးတွေ ပညာရေးပိုင်း ဆက်ပြောပြရရင် (Voksen Opplæring Senter)တဲ့ သက်ကြီး ပညာသင်ကျောင်းမှာ ၃ ပိုင်း ရှိပါတယ်။ (nivå-1,nivå-2, nivå-3)လို့ သတ်မှတ်ထားတဲ့ နော်ဝေ စာတတ်မြောက်မှု အဆင့်၁၊၂၊၃ ဆိုပြီး အဆင့်ခွဲခြား ထားပါတယ်။ အဆင့်၁ ကတော့ နော်ဝေစာ ပြောတတ်ပြီး စာရေးတာ မရတဲ့ သူတွေပါ။ အဆင့် ၂ ကတော့ နော်ဝေ စာကို အတော်အသင့် ရေးနိုင် ဖတ်နိုင် ပြောနိုင်တဲ့ သူတွေပါ။ အဆင့် ၃ ကတော့ နော်ဝေ စာကို အပြော၊ အဖတ်၊ အကြား၊ အရေး တော်တော် ကျွမ်းကျင်တဲ့ အဆင့်ပါ။

ကလေးတွေက နော်ဝေ စာသင်ရ မြန်သလောက် လူကြီးတွေက သင်ရ နှေးပါတယ်။ နော်ဝေ စကားမှာ “ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ ဆွီဒင်၊ ဒိန်းမတ်” ဝေါဟာရတွေ ရောပြွမ်းနေပြီး အသံ ထွက်ကြပြန်တော့ မြန်မာ့ အိမ်နားချင်း နိုုင်ငံတွေဖြစ်တဲ့ သိရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန် စကားသံနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံ ကလာတဲ့ သူတွေက စကားအတတ် မြန်ကြပြီး တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် လူမျိုးတွေက လေယူ-လေသိမ်း ဝေးတာမို့ သင်ရင် နှေးပါတယ်။

အဲဒီ အဆင့် ၃-ခုကို တနှစ်အတွင်း ဖြတ်ကျော် အောင်မြင်သွားတဲ့ လူတေ ွရှိကြသလို တချို့က ၃နှစ် ၄ နှစ် ကြာမှ ဖြတ်ကျော် အောင်မြင်ကြတာလဲ ရှိပါတယ်။ နော်ဝေ စာ အဆင့် ၁ ကို ကျောင်းတွင်းစစ် စာမေးပွဲနဲ့ပဲ ဆုံးဖြတ်ပြီး အဆင့် ၂ နဲ့ ၃ ကို`“ဘာရီဂန်”ဆိုတဲ့ မြို့မှ တက္ကသိုလ် က မေးခွန်းထုတ်ပြီး အဆုံးအဖြတ် ပေးပါတယ်။ အဆင့်၂ အောင်ရင် လုပ်ခန်းခွင် သင်တန်းတွေဖြစ်တဲ့ သူနာပြု အကူတို့၊ အရောင်းဆိုင် ဝန်ထမ်းတို့၊ ကလေးထိန်းကျောင်း တို့စတဲ့ ၄ လ၊ ၆ လ သင်တန်းတွေ တက်နိုင်ပါတယ်။ တချို့က နော်ဝေ ၉တန်း၊ ၁၀ တန်းကို ဆက်တက်ပြီး သက်ကြီး တက္ကသိုလ် ဝင်ခွင့် ကျောင်းတက် နိုင်ပါတယ်။

အဆင့် ၃ အောင်ရင် တချို ကတော့ “ဘာရီဂန်” တက္ကသိုလ်က တိုက်ရိုက်ကျင်းပ ပေးတဲ့ တက္ကသိုလ် ဝင် စာမေးပွဲကို နော်ဝေစာ အဆင့်မြင့်တန်း ဖြေပြီး တက္ကသိုလ်ကို သွားကြတဲ့ လူတွေလဲ ရှိပါတယ်။ အများ အားဖြင့်တော့ သက်ကြီး တက္ကသိုလ်ဝင်တန်းလို့ ခေါ်နိုင်တဲ့ (opus) ကျောင်းကို သွားရပါတယ်။ နော်ဝေဘာသာ၊ အင်္ဂလိပ်၊ သချင်္ာ၊ သမိုင်း၊လူမှုရေး ဘာသာရပ်နဲ့ (ဓာတုဗေ၊ ရူပဗေဒ)တို့ ရောထားတဲ့ မြန်မာနိုင်ငံလိုဆို အထွေထွေ သိပ္ပံ ဘာသာရပ်လို မျိုး`“သဘာဝ သိပ္ပံ ”ဆိုပြီး ၆ ဘာသာ သင်ရပါတယ်။ ဉာဏ်ကောင်းတဲ့ လူက ၆ ဘာသာလုံး တနှစ်ထဲ သင်ပြီး ဖြတ်ကျော် ကြတာလဲရှိပါတယ်။ တချို့က အလုပ် တဖက်လုပ်ရင်း တနှစ် ၃ဘာသာနှုန်းနဲ့ ၂ နှစ် ဖြတ်ကြတာလဲ ရှိတယ်။ တချို့ကတော့ ၂ ဘာသာယူပြီး ၃ နှစ် ဖြတ်ကြတာလဲ ရှိပါတယ်။ အဲဒီအတန်း အောင် သွားရင် တော့ တက္ကသိုလ်ကို လူငယ်တွေ သွားသလို ဆက်သွားနိုင်ပါပြီ။

ဒီလိုနေရာမှာ ပညာရေး အခက်အခဲ ရင်ဆိုင်ရပုံ ဆက်ပြောရရင်၊ ဒီလို ဒုက္ခတွေထဲမှာ ဆရာဝန် တယောက်လဲပါလာ ပါတယ်။ သူက ဆရာဝန် ပြန်ဖြစ်ဖို့ နော်ဝေမှာ အနည်းဆုံး ၈-နှစ်လောက် နော်ဝေ ဘာသာနဲ့ ဆေးကျောင်း ပြန်တက်ရမယ်။ သူ့ လက်ရှိ အသက်က ၅၂- လောက် ရှိနေပါပြီ။ ဒီတော့ သူက နော်ဝေ စကား အဆင့် ၃ အောင်တာ နဲ့ စကားပြန်ဘာသာ ပြန်သင်တန်း တက်ပြီး နော်ဝေ-မြန်မာ စကားပြန်လုပ်တယ်။ အားလပ်ချိန်မှာ သက်ကြီး ပြုစုရေးနဲ့ မသန်မစွမ်း စောင့်ရှောက်ရေး ဌာနမှာ သူနာပြု ဝင်လုပ်ပါတယ်။ နောက်တယောက်က မြန်မာပြည်က ဝန်ထမ်း။ ပြင်သစ်ကို တာဝန်နဲ့ ပညာလာသင်တယ်။ အချိန်စေ့ နှစ်ပြည့်တော့ မြန်မာပြည် မပြန်ဘဲ နော်ဝေကို လာခုန်ချတယ်။ ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက်တယ်။ အောင်တယ်။ အောင်တော့ သူက ပြင်သစ်မှာ သူအောင်ထားတဲ့ ရခဲ့တဲ့ စာရွက် စာတမ်းတွေပြပြီး နော်ဝေစာကို အခြေခံက စမယ့် သက်ကြီး ပညာရေးကျောင်းကို မသွားချင်ဘူး။ ဂုဏ်ရှိရှိပေါ့လေ၊ နော်ဝေ တက္ကသိုလ်ကို တိုက်ရိုက် ဆက်တက်ဖို့ လုပ်တယ်။ နော်ဝေ တက္ကသိုလ်မှာ အင်္ဂလိပ်လို သင်မယ့် မဟာဝိဇ္ဇာတန်း တက်ခွင့်ဖြေတယ်။ ဝင်ခွင့် ရတယ်ပေါ့။

ဒါပေမယ့် နော်ဝေ အုပ်ချုပ်ရေး ရုံးကပြောတယ်။ နော်ဝေစာကို အခြေခံကစပြီး သက်ကြီး ပညာရေး စံနစ်နဲ့ အဆင့် ၃ အောင်မြင်အောင် အရင်တက်ရမယ်။ ပြီးတော့ တက္ကသိုလ် ဝင်ခွင့် ထပ်ဖြေ။ အောင်မှ တဆင့်ချင်း တက္ကသိုလ်ကို သွားပေါ့။ အဲလိုမှ မဟုတ်ရင် ရလာမယ့် မဟာဘွဲ့ကို အားကိုပြီး အလုပ်လျှောက်ရင် အခွင့်အရေး မရဘူးလို့ ပြောပြရှင်းပြတယ်။ နော်ဝေစာ တတ်ကျွမ်းမှု အားနည်းတယ်လို့ သတ်မှတ်ခံရတယ်။ ထူးခြားတာ ကတော့ နော်ဝေကို ပညာတော်သင် အဖြစ် လျှောက်ထားပြီး၊ ပညာသင်ခွင့် ရရင်တော့ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ၂နှစ် သို့မဟုတ် ၃နှစ် အင်္ဂလိပ်လို သင်ခွင့်ရကြတယ်။ အဲဒီလူတွေက အချိန်ပိုင်း နော်ဝေ စာကို သင်ကြရတယ်။ ပညာတော်သင် ကာလ ပြီးသွားရင် စာချုပ်အရ မြန်မာပြည် ပြန်ရမယ်။ မပြန်ပဲ ဆက်နေပြီး အလုပ်ရှာကြ ၊အလုပ်ရကြတဲ့ သူတွေလဲ ရှိပါတယ်။ သူတို့က လစာထဲကနေ ပညာသင်ကြေး အချိုးကြ ပြန်လျှော်ရမယ်။ ဒါပေမယ့် ဒုက္ခသည် အဖြစ် လျှောက်ထားခွင့် မရှိပြန်ဘူး။ နော်ဝေမှာ ပညာရေး လက်မှတ် အထောက်အထားက အတော် စကားပြောပါတယ်။

နော်ဝေ စာ တတ်ကျွမ်းမှု အဆင့်-၁ ဆိုရင် ထွေထွေ အောက်ခြေသိမ်း အလုပ် ရနိုင်ပါတယ်။ လစာကတော့ အခွန်ဖြတ်ပြီး နော်ဝေ ငွေ တသောင်းလေးထောင်(၁၄၀၀၀) ဝန်းကျင်ခန် ့ အခွန်ဖြတ်ပြီး ရနိုင်ပါတယ်။ နော်ဝေ စာ အဆင့် ၂ နဲ့ ၃ အောင်ရင် ရုံးဌာနတွေမှာ လက်ထောက်အကူ၊ အရောင်းဆိုင် လက်ထောက်ဝန်ထမ်း၊ သူနာပြု အကူ၊ ကလေးထိန်းကျောင်းမှာ အလုပ်ရ နိုင်ပါတယ်။ လစာက တသောင်း ခြောက်ထောင် (၁၆၀၀၀) ဝန်းကျင်ခန့် ရနိုင်ပါတယ်။ တက္ကသိုလ် ဝင်တန်းကနေ အလုပ်ခွင် ဆင်းလာတဲ့ သူတွေက တသောင်း ရှစ်ထောင် (၁၈၀၀၀) ဝန်းကျင်ခန့် ရပါမယ်။

ဘွဲ့ရ ပြီးရင်တော့ နှစ်သောင်းလေးထောင်(၂၄၀၀၀) ဝန်းကျင်ခန့် ရပါမယ်။ အမေရိကန် ဒေါ်လာနဲ့ ဆိုရင် (၄၀၀၀) လေးထောင် လောက်ပေ့ါ။ ဆရာဝန်တို့ ၊ အင်ဂျင်နီယာ တို့ကတော့ နော်ဝေငွေ အခွန်ဖြတ်ပြီး သုံးသောင်းခွဲ အထက် ရနိုင်ပါတယ်။ ဗမာလူမျိုးထဲက နော်ဝေစာ နော်ဝေစကားနဲ့ ဖြတ်ပြီး နော်ဝေမှာ ဘွဲ့ရပြီးတဲ့သူ ဆိုလို့ သွားဆရာဝန် တယောက်ပဲ ရှိသေးတယ်လို့ စုံစမ်း သိရှိရပါတယ်။

လောလောဆယ်မှာတော့ မျိုးဆက်သစ် မြန်မာလူငယ်တွေ တက္ကသိုလ် ဝင်တန်းတွေမှာ တက်နေဆဲ ရှိကြောင်း တင်ပြရင်း “ကြံစီတိုင်း ဖြစ်မလာ” တဲ့ နော်ဝေ နိုင်ငံရောက် ယနေ့ မြန်မာတွေဘဝ ကို မိတ်ဆက် ပေးလိုက်ပါတယ်။

နော်လီမိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here