မလှည့်နိင်တဲ့ ကြွေ, မခုန်နိင်တဲ့ ကြက်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နှစ်ပေါင်းများစွာက တည်ရှိခဲ့တဲ့ ရွှေသာယာ ရွာဆိုတာ စည်ကား သိုက်မြိုက်တဲ့ ရွာကြီးတရွာ ဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါး ဆယ်လောက်က စပြီး

အယူဝါဒ မတူညီလို့ ရွှေသာယာရွာကြီး နှစ်ခြမ်း ကွဲကွာ သွားခဲ့ရတယ်။ ရွှေသာယာရွာ သူကြီးဖြစ်သူ ကိုဆန်း ခွေးရူးကိုက် ခံလိုက်ရပြီး ဆုံးပါးသွားတဲ့ နောက်ပိုင်း မှာတော့ ရွာသူကြီးနေရာ အပြိုင်အဆိုင် ချိန်ကြရင်း မဲဆွယ် ကြရင်း တဖက်နှင့်တဖက် စကားလုံးတိုက်ပွဲတွေဆင်နွဲကြ နောက်ဆုံး တုတ်တပြက် ဓါးတပြက် အထိ ဖြစ်ပြီး ရွာလည်း နှစ်ခြမ်းကွဲ သွားရတော့တာပါပဲ ဟု လက်ဆင့်ကမ်း ပြောစကား များအရ ပါးစပ်ရာဇဝင် ကျန်နေခဲ့တယ်။

ဒီလိုနဲ့ရွာလယ်ကနေ ဖြတ်စီးဆင်းနေတဲ့ သာယာအေးချောင်းက ရွာနှစ်ရွာရဲ့ နယ်နမိတ်စည်း ဖြစ်လာ တော့တယ်။ စစ်စေးပင်တွေ ရှိနေတဲ့ မြောက်ဘက်အခြမ်းက ရွာကို စစ်စီးတော(စစ်စေးတော) ရွာလို့ ခေါ်ပြီး သပြေပင်တွေ ပေါက်ရောက်တဲ့ တောင်ဘက်ခြမ်းကိုတော့ သပြေတန်းရွာ လို့ အလွယ်ခေါ်ရာကနေ အခုတော့ စစ်စီးတောရွာ နဲ့ သပြေတန်း ရွာရယ် ဆိုပြီး ရွာနှစ်ရွာ ဖြစ်လာတော့တာ ပါပဲ။ သာယာအေးချောင်းကို တံတား တစင်း ထိုးထား ပေမယ့် တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှု အင်မတန် နည်းပါတယ်။

ဝတ္ထုတွေထဲကလို နှစ်ခြမ်းကွဲ ရွာတို့ရဲ့ထုံစံအတိုင်း တရွာမှာ ဘုန်းကြီးကျောင်းရှိပြီး နောက်တရွာမှာ သင်္ချိုင်း ရှိတာ မျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်ရွာနဲ့ကိုယ် ဘုန်းကြီးကျောင်းကိုယ်စီ သင်္ချိုင်း ကိုယ်စီ ရှိကြတာပါပဲ။ အဲ.. သပြေတန်း ဘက်က သင်္ချိုင်းမှာ မြေပုံတွေ ပိုများတာတော့ စစ်စီးတောထက် ပိုသာတာ တခုလို့ ပြောရင်ရမယ်။ ဒါကလည်း သပြေတန်း ဘက်မှာ နေတဲ့သူ ပိုများတာကြောင့် ဖြစ်နိင်သလို အသေအပျောက် ပိုများတာလည်း ဖြစ်နိင်ပါတယ်။

ပြောရရင် သပြေတန်းရွာက ခေတ်အဆက်ဆက် လယ်ယာလုပ်ငန်း လုပ်ကိုင် စားသောက်ခဲ့ကြ တာကြောင့် စစ်စီး တောထက်ပိုပြီး ဆင်းရဲနှုံချာတယ်လို့ ဆိုရမယ် ။ စစ်စီးတောကတော့ သပြေတန်း နဲ့ ဆန့်ကျင်ဘက်ပါပဲ။ သားသတ် လိုင်စင်ယူပြီး ရွာနီးချုပ်စပ်ကို အသားငါး ဖြန့်ဖြူးရောင်းချသလို အရက်ချက်တဲ့သူ အမြောက်အမြား ရှိတာကြောင့် သပြေတန်း ထက်စာရင် ပိုပြီး ကြွယ်ဝ ချမ်းသာသလို သပြေတန်းနဲ့ ယှဉ်ရင် ပိုပြီးစရိုက် ကြမ်းတယ် လို့ ဆိုရမယ်။ ဒါကြောင့်လည်း သပြေတန်းဘက်က ငါတိုရှုတဲ့လေက ပိုလတ်ဆတ်တယ်ဆိုပြီး ရွာထဲက နောက်တက် လူငယ်တွေကို အားပေးလေ့ ရှိတယ်။

ရွာနှစ်ရွာက အကူးအလူး အဆက်အဆံ နည်းတယ်ဆိုပေမယ့် စပါးပေါ်ချိန် တချိန်တော့ ရွာနှစ်ရွာ အဆက်အဆံ ရှိကြတယ်။ ဒီဘက်နယ်တကြောရဲ့ အစွဲလမ်းဆုံး ဝါသနာ တခုကတော့ ကြက်တိုက်ကြတယ် ။ ဒါကြောင့် သပြေတန်း ရွာဘက်မှာ စပါးပေါ်ပြီး ငွေစကြေးစ ရွှင်တဲ့အချိန်ဆို စစ်စီးတောရွာ နဲ့ ချိန်းပွဲ လေးတွေ ရှိတော့တာပါပဲ။ နဂိုရ် အခံ အငြိုးလေးတွေ ရှိတာကြောင့်လည်း ချိန်းပွဲတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိတတ်ကြတယ်။ ကြက်ပွဲမှာ စစ်စီးတော ဘက်ရော သပြေတန်း ဘက်ပါ ရွာလုံးကျွတ် ရှိသမျှပုံလောင်းကြတယ် အောလောင်းကြတယ်။ လယ် လယ် ချင်းထပ်ပြီး လောင်းကြတယ်။ ရွာနှစ်ရွာလုံးမှာ ကြက်သမား တွေ ကိုယ်စီရှိကြပေမယ့် စပါးပေါ်ချိန် ရောက် ပြီး ငွေစကြေးစ ရွှင်ပြီဆို တရွာထဲသားချင်း ကြက်တိုက်လေ့ မရှိဘဲ တဖက်ရွာနဲ့သာ ချိန်းပြီး ကြက်တိုက်လေ့ ရှိကြတယ်။ ကြက်ပွဲရဲ့ အနိင်အရှုံးက ရွာတရွာ ချင်းစီရဲ့ ဂုဏ်သိက္ခာဖြစ်သလို တချို့တွေ အတွက် အလဲအထပ် လုပ်ထားရတဲ့ ဘဝတခု လုံးစာလည်း ဖြစ်နေတော့တယ်။

ဒါကြောင့် စပါးပေါ်ဖို့ ၃ ၊ ၄ လ အလိုလောက်ထဲက ရွာရဲ့ ကြက်သမားတွေက ကိုယ့်ရဲ့တိုက်ကြက်ကို တသသ လုပ်နေ ကြသလို ချိန်းပွဲရက်နီးရင်လည်း ဗေဒင်မေးကြ ယတြာချေကြ ကြက်တိုက်မယ့်နေ့မှာ ကြက်ကု(ကြက်ကိုင်)က ဘာအရောင် ဝတ်ရမယ် ၊ တိုက်မယ့်ကြက်ကို ဘာနေ့နံနဲ့နာမည်ပေးရမယ် စသည်ဖြင့် စေ့စေ့စပ်စပ် ပြင်ဆင်လေ့ ရှိကြ တာပါပဲ။ သပြေတန်းဘက်က ကိုရင်ဖုန်း နဲ့ စစ်စီးတော ဘက်မှာတော့ ကြက်သမား သန်းအေးက ကြက် ကာလသား ခေါင်းတွေလို့ ပြောရင်ရမယ်။ ကြေးအကြီးဆုံး ချိန်းဝိုင်းကြီးတွေကို သူတို့တွေရဲ့ ကြက်နဲ့ပဲ တိုက်လေ့ ရှိသလို စစ်စီးတော နဲ့ သပြေတန်း တရွာလုံးကလည်း ယုံယုံကြည်ကြည်နဲ့ ပုံလောင်းလေ့ ရှိကြတယ်။ တရွာလုံးက ယုံကြည်အားကိုး ရလောက်အောင်လည်း သူတို့တွေက ကြက်နဲ့ ပါတ်သက်ရင် စံနစ်တကျရှိတယ် ဂရုတစိုက်ရှိတယ်။ ဝါရင့် ကြက်သမားတွေပီပီ ကြက်ကို ဂရုတစိုက်နဲ့ ပြုစုတယ်။ တိုက်ကြက်ကောင်း တကောင်ဖြစ်လာဖို့ အချိန်ပြည့် ဂရုတစိုက်နဲ့ ပြုစုတယ်။

ကြက် အစာကောက်တဲ့အခါ နှုတ်သီးနာမှာ စိုးလို့ အိုးအဝကို ပိတ်စည်းပြီး အဲဒီ ပိတ်ပေါ်မှာ အစာကို တင်ကျွေး တယ်။ တိုက်ကြက်တွေနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ လုံးတီး ဆန် ကျွေးတယ် အခွံမချွတ်ရသေးတဲ့ စပါးကျွေးတယ်။ ဆန် အကောင်းစား ကျွေးလို့ တိုက်ကြက်အတွက် ပိုပြီးအားရှိစေမှာ မဟုတ်ဘူး။ ဆန်အကောင်းစားကျွေးရင် ကြက်တွေမှာ အဆီတွေ တက်လာတတ်လာတယ် ။ ကြက်တောင်ပံကို မပြီးကြည့်လို့ တောင်ပံအရင်း အရေပြား အောက်မှာ ဝါနေတာ မြင်ရင် အဆီရှိနေပြီ ။ ဒါဆိုရင် အဆီကျတဲ့အထိ နေ့စဉ်ရက်ဆက် နေပူထဲမှာ ကြိုးချည်ထား ပေးပြီး ကြက်ကို ကိုယ်ရေ စစ်ပေးရတော့တာပဲ။

တိရိစ္ဆာန် ဆိုပြီး အဆင်ပြေသလို အိပ်ဆိုပြီးလည်း လုပ်လို့မရပြန်ဘူး ။ ညသိပ်ရင် ခြင်ထောင် ချပေးရတယ်။ ကြက်ကို ခြင်ကိုက်လို့ အိပ်ရေးပျက်ရင် ကြက်မှာ အားကုန် တတ်တာကြောင့် ကြက် ပိုင်ရှင်သာ ပုဆိုးခြံုပြီး ကွေးရ ကွေးရ ကြက်ကိုတော့ ခြင်ထောင်နဲ့ ကျကျနန သိပ်ရတာပါပဲ။ ကြိုးပုခက် ကို ခြင်ထောင်ချပြီး ကြက်ကို ကြိုးပုခက် ပေါ်မှာ အိပ်စေတယ်။ ကြိုးတန်းပေါ်မှာ ကြက်က ခြေနှစ်ချောင်းနဲ့ ကုပ်ပြီးအိပ်တော့ ကြက်ရဲ့ခြေကုပ်အား ကောင်းလာသလို အောက်ပိုင်းလည်း ခိုင်စေတယ်။ နေဝင်မိုးချုပ်မှာ အိပ်တန်းတက်သွားတဲ့ ကြက်ကို ညသန်းခေါင် ရောက်ရင် တခါနိူးပြီး အစာကျွေးရပြန်တယ်။ အစာထပ်စားပြီး ပြန်အိပ်သွားတော့ ကြက်မှာ ပိုပြီးအားရှိ စေတယ် လို့ ယုံကြည်တာ ကြောင့်ပါပဲ။

မနက် နိုးလာရင်လည်း ကြက်ကို ရေကိုင် ရတယ်။ ရေကိုင်တယ်ဆိုတာ ကြက်ရဲ့ တောင်ပံတွေထဲကို ရေဆွတ်ပြီး လက်နဲ့ သပ်ချရင်း ကြက်ရဲ့ပေါင်တွေကို လက်နဲ့ ဆုပ်နယ်တာမျိုးပါ။ ဒါကလည်း နေ့စဉ်ရက်ဆက် မနက်တိုင်း လုပ်ရတာပါပဲ။ တိုက်ကြက်တိုင်းကို ဂရုတစိုက်မွေးထားရပေမယ့် စိတ်ချရတဲ့ တိုက်ကြက်ကောင်းရဖို့တော့ ကံ ကလည်း လိုတယ်ဆိုတာ သန်းအေး သဘောပေါက်ထားတယ် ။ တွန်သံစူးမှ အတက်စူးတယ် ဆိုတော့ ကြက် တွန်သံလည်း ဂရုစိုက်ပြီး နားထောင်နေရတယ်။

ထွန်းကြက်တွေနဲ့ ဆုံမှာတော့ သန်းအေး စိတ်ပူတာပါပဲ။ တိုက်ကြက် မျိုးကောင်းကနေ ၄၊ ၅ ကောင် ပေါက်လာ ပေမယ့် အမွှေးကရစ်နဲ့ တူတဲ့ကြက်မျိုး၊ ခေါင်းမှာ အမောက်အကြီးကြီး ရှိတဲ့ နယားကြက်မျိုး တချို့ကလည်း စစ်တကောင်းလို့ ခေါ်တယ်၊ နောက်တမျိုးကတော့ မဂို လို့ခေါ်တဲ့ ကြက်မျိုးတွေကို ထွန်းကြက်လို့ ခေါ်တယ်။ ထွန်း ကြက်တိုင်းလည်း မကောင်းပေမယ့် တမိပေါက် တယောက်ထွန်း ဆိုသလို ကြက် ကောင်းကောင်းရရင်တော့ ဒီနယ် တကြောမှာ လုပ်စားပေတော့ပဲ ။ ထွန်းကြက်ဖြစ်တဲ့ မဂို နဲ့ပါတ်သတ်ပြီး ကြက်လောကမှာ စာချိုးလေးတောင် ရှိသေးတယ်။ “မဂိုကောင်း ကျောင်းဆောက် ၊ မဂိုမခဲ မယားဆဲ” တဲ့လေ။ မဂိုကြက်များ ကောင်းပြီဆို ကျောင်းဆောက် ရလောက်အောင် အကျိုးပေးနိင်ပွဲ ရတတ်ပေမယ့် မဂိုမခဲရင်တော့ ရှုံးလို့ မယားဆဲတာတောင် ခံရမယ်ဆိုတဲ့ စာချိုးပါပဲ။ မဂိုဆိုတာ မြင်လွယ်အောင် ပြောရရင် ကြက်မနဲ့တူတဲ့ ကြက်ဖမျိုးပေ့ါ။ ခန္ဓာကိုယ် အရောင် မဲပုပ်ပုပ် ပေါ်မှာ အဝါပြောက်နဲ့ အဖြူပြောက်တွေ ရှိပြီး ခေါင်းပုံစံက ကြက်မနဲ့ ခပ်ဆင်ဆင် တူတယ်ဆိုတော့ အကြောမနပ်တဲ့ သူကတော့ အထင်သေး နိင်တာပါပဲ။

ကြက်သမား သန်းအေးက ကြက်မွေးကောင်းသလို ကြက်ကု ကောင်းတဲ့သူအဖြစ်လည်း ဒီနယ်တကြောက ကြက် လောကမှာ နာမည်တလုံး ရထားသူ ဆိုရင်မမှားပါဘူး။ သူ့အတွက်တော့ ကြက်တိုက်နေရရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။ ဘယ်ရွာမှာ ကြက်ပွဲရှိလည်း သန်းအေး ရောက်အောင် သွားတယ်။ လိုအပ်လို့ အကူအညီတောင်းလို့ သူ့ကို ကြက်ကု လုပ်ခိုင်းရင်လည်း ငြင်းလေ့မရှိဘူး ၊ ကြက်အကြောင်း ကောင်းကောင်း နားလည်သူ ဖြစ်သလို ကြက်ကိုင်ရာမှာလည်း သူကညင်သာ ပါးနပ်တယ်။ ကြက်ပွဲမှာ သူကိုင်ပေးတဲ့ကြက် နှုတ်သီးမြေထောက် ရာကနေ တချက်ကောင်း ပြန်ခွပ်ပြီး နိင်ပွဲရခဲ့တဲ့ပွဲတွေလည်း မနည်းဘူး မဟုတ်လား။

အခုလာမယ့် စပါးပေါ်ချိန် ချိန်းပွဲအတွက်တော့ စစ်စီးတောဘက်က ဖောင်းစိမ်း လေးနဲ့ တိုက်မယ်ဆိုပြီး သန်းအေး က သတင်း လွှင့်ထားတယ်။ ဖောင်းစိမ်းဆိုတာ ကြက်တကိုယ်လုံး အဖြူရောင်ဖြစ်ပြီး အနားလေးတွေမှာ အစိမ်း ရောင်လေးတွေ ရောစပ်ထားတဲ့ ကြက်မျိုးပေါ့ ။ စစ်စီးတောနဲ့ သပြေတန်းအတွက် စည်းကမ်းတခု အနေနဲ့ ချိန်းပွဲရဲ့ လောင်းကြေး အကြီးဆုံးပွဲကို ပွဲမတိုးဖူးတဲ့ ကြက်နဲ့ တိုက်လေ့ရှိတယ်။ အရင်နှစ်က ပွဲဝင်ခဲ့ဖူးတဲ့ တမွှေးတိုး (တနှစ်သား) နှစ်မွှေးတိုး (နှစ် နှစ်သား) ကြက်တွေကို ပွဲကြီးအတွက် သုံးလေ့မရှိကြဘူး။ ဒါကြောင့် ပွဲမဝင်ဖူးတဲ့ ကြက်ကို ဘယ်လောက်အထိ လေ့ကျင့်ပေးနိင်လည်း ခွပ်လက်ကောင်းကောင်းချနိင်လည်း ဆိုတာအပေါ်မှာ အနိင် အရှုံးက မူတည်နေတယ်။

ခွပ်လက် ချတယ်ဆိုတာ တခြားတိုက်ကြက် တကောင်နဲ့ အရင်ခွပ် စေတာပါပဲ ပြိုင်ပွဲမဝင်ခင် အကြိုခြေစမ်းတဲ့ သဘောလို့လည်း ပြောရင်ရမယ် ။ အဓိကကတော့ ပွဲဝင်မယ့်သူ့ကြက်ရဲ့ အနေအထားကို သိချင်သလို ပွဲမစိမ်းအောင် ခွပ်လက်ချ ပေးတာမျိုးပေါ့။ ခွပ်လက်တခါ ချပြီးရင် ကြက်ကိုချွဲတွေ ထုတ်ပေးရတယ်။ လူက မတ်တပ်ရပ်လျက်နဲ့ ကြက်ရဲ့ခြေ နှစ်ချောင်းကို ပေါင်ကြားညှပ် ကြက်ကို ဇောက်ထိုးထားပြီးမှ ကြက်နှုတ်သီးထဲ ရေလောင်းထည့်ပြီး ကြက်ရဲ့ လည်ပင်းကို ခပ်ဆတ်ဆတ်လေး ပုတ်ပေးရတယ် ဒါမှ လည်ပင်းထဲက ချွဲတွေ ထွက်လာမှ ကြက်မှာ နေသာ ထိုင်သာ ရှိတော့တယ်။ ကြက် နှစ်ကောင် ခွပ်ပြီးလို့ ချွဲမထုတ်ပေးရင် နောက်တနေ့ အဲဒီကြက် ချွဲကျပ်ပြီး သေတာ ပါပဲ။

ခွပ်လက်တခါချ ပြီးရင်တော့၂၁ ရက်တိတိ သူ့ကြက်ကို အနားပေးပြီး အစာကောင်းကောင်း ကျွေးပြီး အားမွေး စေတယ်။ ပြီးရင် နောက်တကြိမ် ခွပ်လက်ပြန်ချပြန်တယ်။ ပထမတခေါက် ခွပ်လက်ချတာ ၁ နာရီ ကြာရင် နောက်တကြိမ် ခွပ်လက်ချတာကို ၁ နာရီ ထက်ပို ပေးရတယ်။ တကြိမ်ထက် တကြိမ် အချိန်တိုးပြီး ခွပ်လက်ချလို့ ၃ ၊ ၄ ကြိမ် ဆိုရင် ပွဲဝင်ဖို့ လုံလောက်ပြီလို့ သူကတော့ သတ်မှတ်ထားတယ် ။ ခွပ်လက်ချတဲ့ အချိန်မှာ အနာတရ မရှိအောင်လို့ တဖက်ကြက်ကိုရော သူ့ကြက်ကိုပါ အတက်တွေကို ဖုံးအုပ်ချည်နှောင် ပေးထားရတယ်။ ခွပ်လက် ချတဲ့ပွဲမှာလည်း သူ့ကြက်ရဲ့ တောင်ပံအားယူပုံ ခြေအနှုတ်အသိမ်း တွေကို သူအားရ ကျေနပ်နေမိတယ်။

ဒီတော့ ဒီနှစ်လည်း အရင်အကြိမ်တွေလိုပဲ သူ့ရဲ့ကြက် အနိင်ရမယ်လို့ သန်းအေးကယုံကြည်နေတယ်။ ဒီနယ်ဘက် မှာတော့ သေနတ် လို့နာမည်ပေးထားတဲ့ သူ့ရဲ့ကြက်တွေကို ပြိုင်ဘက်တိုင်း အလေးအနက်ထားကြရတယ်။ သန်းအေးက သူ့ရဲ့ကြက်တိုင်းကို သေနတ်လို့ နာမည်ပေးထားတယ်၊၊ ဗေဒင် ယတြာတွေကို ယုံကြည်တဲ့ သန်းအေးကို ရွာဦးကျောင်းက ကပ္ပိယကြီး အဘဝင်း က သေနတ်ဆိုတဲ့ နာမည်ကို အခါတော်ပေးထားတာပေါ့။ ကြက်ကပဲ ကောင်းတာလား ပေးထားတဲ့နာမည် သေနတ်ကပဲ စွမ်းတာလား မသေချာပေမယ့် သန်းအေးကတော့ ကြက်ပွဲတိုင်း အောင်လံ ထူနိင်တာပါပဲ။ သေနတ်ကို ယုံကြည်တဲ့ စစ်စီးတော ရွာသူရွာသား တွေလည်း စိုစိုပြေပြေပေါ့။

ဒီနှစ်ကို သပြေတန်း ဘက်အခြမ်းက ကိုရင်ဖုန်း တို့ကလည်း အထူးအားထားကြတယ်။ ဒီတကြိမ်ကို ဝမ်းဆက်ကြက် နဲ့ တိုက်ဖို့ရွေးချယ် ထားလိုက်တယ်။ ဝမ်းဆက်ဆိုတာ အမွှေးက အနီရောင်ဆိုရင် ခြေထောက်လည်းအနီ မျက်လုံးလည်း အနီနဲ့ တကိုယ်လုံးအနီရောင် ဒါမှမဟုတ် အနက်ရောင်ဆိုလည်း တကိုယ်လုံး အနက်ရောင် ရှိတဲ့ကြက်မျိုးပါပဲ။ တိုက်ကြက်ကောင်းကို ရှာထားပြီး သေသေချာချာ လေ့ကျင့် ပေးထားသလို သန်းအေးရဲ့ သေနတ်ကို နိင်ဖို့လည်း တတ်သိနားလည်တဲ့ လူကြီးတွေကို မေးပြီး ပွဲဝင်မယ် ့ကြက်ကို နာမည်ပေးထားပြီးပြီ။

အခုတကြိမ် ပွဲဝင်မယ့် ကြက်နာမည်က မေတ္တာ တဲ့ ။ ဒီတော့ တွေ့ကြပြီပေါ့ သေနတ်နဲ့မေတ္တာ ။ ဗေဒင် သဘောတရား ကတ်ကင်း သဘောတရား ပါမပါ မသေချာပေမယ့် သေနတ်ကို မေတ္တာနဲ့ အနိုင်ယူမယ်ဆိုပြီး တချို့တွေ ကတော့ လက်ခမောင်းခတ်နေသလို စိတ်ကူးနဲ့ ကြည်နူးနေတဲ့ သပြေတန်း ရွာသားတွေလည်း မနဲ မနောပါပဲ။ အရင်တခေါက်က သေနတ်ကို ရှုံးခဲ့ရတဲ့ ရှုံးကြွေးလည်း ဒီတကြိမ်တော့ ပြန်ဆပ်နိင်ကောင်းပါရဲ့လို့ တွေးထား ကြတယ်။ ကြက်ပွဲအနိင်အရှုံးက သူတို့ သပြေတန်းတရွာလုံးရဲ့ အောင်ပွဲဖြစ်သလို ကြေးကြီးကြီး လောင်းထား ရလို့ ဘဝ တခုလုံးစာလို့လည်း ပြောရင် မမှားနိင်ဘူးပေါ့။

ဒီလိုနဲ့ ချိန်းပွဲနေ့ရောက်တော့ သာယာအေးချောင်း နဘေး ကညင်ပင်ကြီးအောက်မှာ ရွာလုံးကျွတ်နီးနီး ရောက်နေ ကြတော့တယ်။ ကြက်နှစ်ကောင် ကပ်ပြီး စိန်ခေါ်တဲ့ ပွဲအသေးလေးတွေလည်း မနက်ပိုင်းထဲက သူ့အစုနဲ့သူ ရှိနေကြတယ်။ ကြက်သမားတွေက ကိုယ့်ကြက်ကိုယ် ပိုက်ထားပြီး ကိုယ်ပြိုင်ချင်တဲ့ ကြက်တွေ့ရင် ကြက်ကြက်ချင်း ကိုယ်လုံးချင်း တချက် ကပ်လိုက်ရင်ဒါဟာ ကြက်ပွဲရဲ့ စိန်ခေါ်နည်း တမျိုးပါပဲ။ ပြီးရင်တော့ ကိုယ့်ကြက်ကို လာကပ်တဲ့ ကြက်ရဲ့ အလုံးအရပ် ၊ ကြက်အတက် အရှည်တွေတိုင်းပြီး အလုံးအရပ်တူရင် ဒဲ့ လောင်းကြတယ်။ တဖက်က အလုံး အရပ် ကြီးနေရင် တော့ ကြေးကြောပေးခိုင်းပြီး လောင်းလေ့ရှိကြတယ်။ ကပ်လောင်း တဲ့ပွဲလေးတွေ ရှိနေပေမယ့် ချိန်းပွဲဖြစ်တဲ့ စစ်စီးတောက သန်းအေးရဲ့ သေနတ်နဲ့ သပြေတန်းက ကိုရင်ဖုန်းတို့ရဲ့ မေတ္တာရဲ့ ချိန်းပွဲကိုပဲ လူတွေက မျှော်လင့် အားထားကြတယ်။ ကိုယ့်ရွာဘက်ကနေ ကြေးကြီးကြီးလည်း လောင်းကြေး ထပ်ထားကြတယ်။

စစ်စီးတောဘက်ကလည်း သေနတ်ကို ယုံသလို သပြေတန်းဘက်ကလည်း မေတ္တာကို ယုံကြည်ထားကြတယ်။ စစ်စီး တော ဘက်က သေနတ်ပါရင် ပွဲပြီးတယ်လို့ ကြွေးကြော်ကြသလို သပြေတန်းဘက်ကလည်း မေတ္တာဆိုတာ အရာရာကို အနိင်ယူပါတယ် ဆိုပြီး အားတက်စဖွယ်တွေးကြတယ်။ တကယ့်တကယ်ပွဲစပြီး သိပ်မကြာခင်မှာပဲ မေတ္တာက အသာစီး ရနေလို့ ဒီတခါတော့ တို့အလှည့်ကွ ဆိုပြီး သပြေတန်းကလူတွေ ပျော်မဆုံး တပြံုးပြံုး ဖြစ်နေကြတယ် ။ စစ်စီးတော ဘက်က ကြေးကြီးကြီး လောင်းထားတဲ့သူတွေလည်း ရင်တမမ ပါပဲ။

ဒီပွဲကိုတော့ စစ်စီးတော့ဘက်က သန်းအေးနဲ့ သပြေတန်းဘက်က ကိုရင်ဖုန်းတို့က ကြက်ကု လုပ်ကြတယ်။ ကြက်ပွဲ တပွဲမှာ ကြက်ကုရဲ့ အခန်းကဏ္ဍက အဓိကပါပဲ ။ ကြက်ကုကောင်းရင် ခေါင်းငိုက်နေတဲ့ကြက်တောင် တချက်ကောင်း ခွပ်ပြီး ပွဲသိမ်းပေးနိင်တယ် မဟုတ်လား။ ခွပ်လက်ချ ပေးချိန်မှာလည်း ကိုယ့်ကြက်အကြောင်း ကိုယ်သိထားကြတယ်။ ကိုယ့်ကြက်ကတော့ ဘယ်လိုဘယ်ပုံ ခွပ်လေ့ရှိတယ်ဆိုတာ သိနေလို့ အခုချိန်မှာ ကိုရင်ဖုန်းတို့ရဲ့ ကြက် အသာစီးရနေ ပေမယ့် သန်းအေးကတော့ သူ့ရဲ့ ကြက် အတွက် စိတ်မပူပန်ပါဘူး။

ပွဲစပြီး တနာရီ နီးနီးအထိ အပြန်အလှန် ခွပ်နေပေမယ့် မေတ္တာက ပိုပြီးတက်တက်ကြွကြွ ရဲစိတ်ရဲမာန်တွေ အပြည့်နဲ့ ခွပ်နေတယ် ။ သေနတ်ကတော့ အပူးမခံဘဲ လေထဲမှာ ဆုံတိုင်းပြန်ပြန်ပြီး ရိုက်ချနေတယ်။ ဘေးက ကြည့်နေတဲ့ သူတွေ အတွက်တော့ သေနတ်ရဲ့ ခွပ်ဟန်က မထိတထိ လို့ ထင်စရာပါပဲ။ သေနတ်ရဲ့ အတက်က ထိထိမိမိ မရှိဘူး မေတ္တာကို စူးမနက်စေဘူးလို့ ထင်ကြတယ်။ ဒီတော့ သပြေတန်းဘက်က ပိုပြီးအားတက်လာတယ် လောင်းကြေးလည်း အပေါ်ကြေး ဖြစ်လာတယ်။ သိပ်မကြာခင် မေတ္တာက ပွဲသိမ်းပေးနိင်တော့မယ်လို့လည်း ထင်လာကြတယ်။ သေနတ်ဘက်က လောင်းထားတဲ့ စစ်စီးတော ရွာခံတွေ ကတော့ စိုးထိတ်လာပြီပေါ့။

တတိယ အကြိမ်မြောက် ကြက်နှစ်ကောင် ပြန်ခွဲပြီး ကြက်ကု ကြပြန်တယ်။ ကြက်ကု တို့ရဲ့ထုံးစံ ခွပ်ချက် ထိထားတဲ့ နေရာတွေကို လက်ပူတိုက်ပေးကြ ဖူးရောင်စ ပြုနေတဲ့ ကြက်ခေါင်းကို ပါးစပ်နဲ့ ငုံပြီး အာငွေ့့ ပေးကြတယ်။ ကြက်တောင်မွှေး တချောင်းကို လည်ပင်းထဲ ထိုးထည့်ပြီး ချွဲထုတ်ပေးကြတယ်။ နည်းကုန် လမ်းကုန် ကုပြီး ကြက်ဝိုင်း အလယ်ကို ပြန်လွှတ်ပေးတော့ အရင်ထက် ပိုပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။

မေတ္တာက ဇွဲမလျော့ဘဲ အတင်းဝင်အတင်းထွက် ခွပ်နေတော့ သပြေတန်းဘက်က ကြည့်ရတာ အားတက်ကြတယ်။ သေနတ်ကတော့ မေတ္တာလောက် မောပုံမပေါ်ဘဲ အခုထိ မထိတထိ ခွပ်နေသေးတယ်။ ဒါပေမယ့် ပွဲချိန် ကြာလာတော့ သပြေတန်းဘက်ကမေတ္တာ ယိမ်းယိုင်လာတယ် ခြေလှမ်းတွေ မမှန်တော့သလို ခွပ်ချက်တွေ အားမပါ တော့ဘူး။ ခွပ်နေရင်းနဲ့ တချက်တချက် ခေါင်းငိုက်စပြုလာတယ်။ ခုန်ပြီးပြန်အကျမှာ အခြေတွေ ယိုင်လာတယ် ။

ဒီတော့မှ စစ်စီးတောဘက်က သန်းအေးရဲ့ သေနတ်က အကြောခွပ်တဲ့ ကြက်အမျိုးအစား ဖြစ်နေမှန်း သိကြ ရတော့တယ်။ အကြောခွပ် တဲ့ကြက်ဆိုတာမျိုးက ကြည့်လိုက်ရင် ခွပ်ပုံက မထိတထိလို့ ထင်ရပေမယ့် တဘက်ကြက်ရဲ့ ခေါင်းက အရေးကြီးတဲ့ အကြောတွေကို အတက်နဲ့ လိုက်ထောက်တဲ့ ကြက်မျိုးပါပဲ။ အကြောတွေ အထိခံရတာ ကြာလာတော့ မေတ္တာက အားအင်တွေ ကုန်ခမ်းလာပြီး ဒယိမ်းဒယိုင် ဖြစ်လာတော့တယ်။ ဒီတော့မှ သေနတ်က စိမ်ပြေနပြေ နဲ့ ထိထိမိမိ ချွေတော့တာပါပဲ။ ကိုရင်ဖုန်းလည်း ကုချိန်တောင် မရတော့ဘူး သူ့ရဲ့မေတ္တာ ဘုံးဘုံးလဲ တော့တယ်။ ဒီတခါမှာလည်း သပြေတန်းဘက်က မျှော်လင့်ချက်တွေ အရင်အကြိမ်တွေ လိုပဲ နစ်မြုပ်သွားရ ပြန်တော့တာပါပဲ။

ပွဲပြီးမီးသေ ဆိုတဲ့စကားရှိပေမယ့် နောက်နေ့တွေရောက်တဲ့အထိ စစ်စီးတော ဘက်ကလည်း စမြံု့ပြန်လို့ ကောင်းနေ သေးသလို ၊ သပြေတန်း ဘက်ကလည်း ဝမ်းနည်းပက်လက် ဖြစ်တဲ့သူ ကြိတ်မနိင်ခဲမရ ဖြစ်တဲ့သူ တွေနဲ့ ဒေါသတွေ လောင်မြိုက် နေကြတယ်။ ရွာထဲက ကာလသား တချို့ကတော့ လူကြီးတွေကို အပြစ်တင်တယ်။

အဘတို့နှယ် အစထဲက လွဲချက်ဗျာ! ဟိုက …သေနတ်ပါဆိုမှ အဘတို့က မေတ္တာ လုပ်နေသေးတယ် မသကာ သူသေနတ် ကိုယ်သေနတ်ပေါ့

တဲ့ အားမလိုအားမရ ပြောကြတဲ့သူတွေလည်း ရှိတာပါပဲ။

ကြွေတလှည့် ကြက်တခုန်” ဆိုတဲ့ စကားပုံရှိပေမယ့် သပြေတန်းအတွက်တော့ အခုထိ မလှည့်နိင်တဲ့ကြွေ ဖြစ်သလို မခုန်နိင်တဲ့ကြက် ဖြစ်နေရပြီး။ အရှုံးတွေလည်း များလှပြီ…။ သပြေတန်းရွာ အတွက် အရှုံးတွေ များနေပေမယ့် နောက်တကြိမ် စပါးပေါ်ချိန်ကို ကိုယ်စီ ကြိတ်ပြီးအားခဲ နေကြတုန်းပါပဲ။ အဲဒီအခါ စစ်စီးတောက သန်းအေး နဲ့ သပြေတန်းက ကိုရင်ဖုန်းတို့လည်း ပြန်တွေ့ကြအုံးမှာပေါ့။

ဒီတခါစပါးပေါ်ရင် သင်ရော ဘယ်ဘက်က လောင်းချင်ပါသလဲ မိတ်ဆွေ…..။

မြစ်ကျိုးအင်း

LEAVE A REPLY

Please enter your comment!
Please enter your name here