တဒင်္ဂလေးများ (ဆောင်းယွန်းလ)

လူထုအောင်သံ ပြဇာတ်စာအုပ်အဖုံး

ငှက်ကလေး ဖြတ်ပျံသွားတာ

တိမ်တွေမပြာတော့တဲ့ ကိစ္စ

အနာဂတ်စာမေးပွဲ ကျရှုံးခြင်း

သတင်းစုံလင်မှာ…က စလို့….

 

ပွဲဦးထွက် ဗွေဆော်ဦး …. ဂိုး

မိုးပြန်မလင်းတော့တဲ့ နောက်ဆုံး ညတည

သွေးနဲ့ကိုယ် သားနဲ့ ကိုယ်မို့ စမိခဲ့တာပါတဲ့…

ဖိနပ်မပါပဲ လမ်းလျှောက်လို့ ခြေဖဝါး ပေါက်ခြင်း

အလင်းဓာတ် မပေးနိုင်တော့တဲ့ မြို့တော်ပျက်

သတ်သတ်လွတ်စားနေတဲ့ ကြောင်ပါး

ငါးမကြိုက်တဲ့ ငါးမျှားချိတ်

အိပ်မပျော်လို့ အိပ်ဆေးတွေနဲ့ မှောက်မှားနေရမှု

အခု… ခင်ဗျား ! လက်ထဲမှာကိုင်ထားတဲ့ လူသတ်ကိရိယာ

ပြာတာလေး တယောက်ရဲ့ အာမေဋိတ်!

ဟိုကောင်မလေး အိတ်ထဲက ရေမွှေးပုလင်းက ဈေးကြီးတယ်…..

 

မြင်းဆေး ဈေးအတက်အကျ အခြေပြဇယား

မယား ကုလားနောက် ပါသွားတဲ့ နောက်ကွယ်က မုန်တိုင်း

ရိုင်းလိုက်တာဆိုပြီး အပြင်းအထန် ထိုးနေတဲ့ လက်ညှိုး

သူခိုးကို ဓားရိုး ကမ်းပေးနေသူရဲ့ ပျော်ရွှင်မှု

ဂရုဏာသက်စရာ ကောင်းမှုဟာ

သူတောင်းစားလေး တယောက်ရဲ့ ခွက်စုတ် တလုံးထဲမှာ…..

 

မင်္ဂလာဆောင် ဖိတ်စာဟာ အိတ်ပြာပြာလေးထဲ မျက်ရည်ဝဲ

လူကြမ်းတွေလဲရင် ကြိုက်မလား ? … ဆိုတဲ့ သီချင်း

 

ပြင်းလွန်းလို့ ရေနဲနဲ ရောသောက်ရတဲ့ လမ်းဘေးဆိုင်

တိုင်ပတ်နေတဲ့ နားမလည်တတ်မှုများ

ခေါင်းပါးခြင်း ခေါင်းစဉ်အောက်ထဲမှာ ဝဲစွဲနေတဲ့ အိမ်

စိမ်ပြေးတမ်း ကစားနေတဲ့ ဂေါ်လီမလေး

တော်ကီ အပေးကောင်းရင် နောက်တယောက် မပြောင်းချင်ဘူးတဲ့…..

 

ပေါက်ပေါက်ရောက်ရောက် ရှိရင် နေရာတကာ ဆရာကြီး

လက်ဖျားမှာ ငွေသီးနေရင် မသေချင်သေးဘူးလို့ ပြောတတ်သူ

ဘယ်သူ့ ဘယ်သူမှ အပြစ်မပြောကြေး တဲ့လား…..

 

အော်..အော်… “ခဏလေးများ”ဆိုတာ

လေးဖြူဆိုတဲ့ သီချင်းကို ညွှန်းဆိုတာ ဆိုရင်လည်းဖြစ်တယ်

ဘယ်နေရာကို ဘယ်လိုပဲ ရောက်ရောက်

မျက်စိတွေ မှိတ်တော့တာနဲ့ လျှပ်တွေပြက်တော့တာပဲ။ ။

 

ဆောင်းယွန်းလ

LEAVE A REPLY

Please enter your comment!
Please enter your name here