လူထုအောင်သံ ပြဇာတ် စာအုပ်

လူထုအောင်သံ ပြဇာတ်စာအုပ်အဖုံး

ယခုလ အတွက် လူထုအသံ စာအုပ်စင် ကဏ္ဍမှာ လူထုအောင်သံ ပြဇာတ်စာအုပ်ကို ညွှန်းဆိုတင်ပြ ပေးပါ့မယ်။ ထို လူထုအောင်သံ ပြဇာတ်မှာ ကွယ်လွန်သူ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသား ပြုစုခဲ့ပြီး၊ ထိုစာအုပ်မှာ သတ္တမအကြိမ် အဖြစ်ပြန်လည် ထွက်ရှိခဲ့ပြီး အင်ကြင်း စာအုပ်တိုက်မှ ၂၀၁၀ ဖေဖော်ဝါရီလ တွင် တန်ဖိုး ၁၈၀၀ ကျပ်ဖြင့် ဖြန့်ချီ ထုတ်ဝေခဲ့သည်။

ပြန်လည်ပြီး ထုတ်ဝေခွင့် ပြုတော့မည် မဟုတ်ဟု ယူဆထားသော စာအုပ်တအုပ်အား မျက်မြင် တွေ့လိုက်မိသည့် အတွက် စာရေးသူမှာ လွန်စွာ ဝမ်းသာမိသည်။ သို့အတွက်ကြောင့် လူထုအသံ စာဖတ်သူ မိတ်ဆွေ အပေါင်းတို့အား ထိုစာအုပ်လေး အကြောင်းကို အားရ ဝမ်းသာစွာ ညွှန်းဆိုတင်ပြ သတင်းကောင်းပါး လိုက်ရသည်။

ကွယ်လွန်သူ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား နိုင်ငံ့ ခေါင်းဆောင် အဖြစ် သာမက စာရေးဆရာ ပြဇာတ်ရေးဆရာ အဖြစ်လည်း လူသိများ ထင်ရှား ကျော်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဦးနုလို နိုင်ငံရေးဘက် စာပေဘက်တွင် စွယ်စုံတော်ပြီး အောင်မြင် ကျော်ကြားသော သူမျိုး အလွန်ရှားပါး လှသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီး နောက် လွပ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

လူထုအောင်သံ ပြဇာတ်ကို ၁၉၄၈ ခုနှစ် မတ်လမှ ၁၉၅၀ ခုနှစ် မတ်လ အထိ ၂ နှစ်မျှသော ကါလအတွင်း သမိုင်း ဖြစ်ရပ်များ အပေါ်တွင် အခြေပြု ဇာတ်ကွက်ဆင် ရေးသားထားခြင်း ဖြစ်သည်။ နိုင်ငံရေး နောက်ခံ ကွန်မြူနစ် ဆန့်ကျင်ရေး ပြဇာတ်တပုဒ် အနေဖြင့် စာပေနယ်တွင် ထင်ရှားသည်။ ထိုပြဇာတ်ကို ထိုခေတ်က မြန်မာနိုင်ငံရှိ စာသင်ကျောင်း များတွင် သင်ကြားရန် ပညာရေးဌာနမှ ပြဌာန်းခဲ့ဖူးသည်။ အမေရိကန် ရုပ်ရှင် ကုမ္မဏီတခုနှင့် ညှိုနှိုင်း၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန့်ပွားရေး အသင်းမှကြီးမှူးပြီး ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု တွင်လည်း ပြဇာတ်အဖြစ်လည်း စင်တင် ကပြခဲ့ဖူးသည်။

ဦးနုက ထိုပြဇာတ်နှင့် ပတ်သက်ပြီး ဒီမိုကရေစီကို သက်ဝင် ယုံကြည်သော ပြည်ထောင်စုသား များအား ရည်မှန်း လျက် ထိုပြဇာတ်ကို ရေးပါသည်ဟု စာအုပ်၏ ရှေ့ဆုံးတွင် ပြဇာတ် ရေးရသော ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြ ထားသည်။

ဦးနုသည် လူထုအောင်သံ ပြဇာတ်ကို ရေးသားပြီး ဒီမိုကရေစီ ပြန့်ပွားရေး အသင်းတိုက်မှ ပထမဦးဆုံး ထုတ်ဝေ စေခဲ့ရာ ထိုပြဇာတ်စာအုပ် ရောင်းချရာမှ ရရှိလာသော အမြတ်ငွေများကို လုံးဝမယူပဲ ဒီမိုကရေစီ ပြန့်ပွားရေး အသင်းတိုက်အား လှူဒါန်းခဲ့သည်။ ဒီမိုကရေစီ အား လွန်စွာမှ ချစ်မြတ်နိုးသော ဦးနု၏ ကြိုးစားမှု တရပ်ပင် ဖြစ် သည်။ လွန်စွာမှ လေးစားဖွယ်ရာ ကောင်းလှ၏။

လူထုအောင်သံ ပြဇာတ်ကိုအခန်း ၈ ခန်းဖြင့် ရေးဖွဲ့ထားသည်။ အခန်း ၁ နှင့် ၂ မှာ ဦးနု နိုင်ငံတော် ဝန်ကြီးချုပ် ဘဝတွင် မြစဝဝကျွန်းပေါ် ဒေသများသို့ ခရီးလှည့်လည်ရာတွင် အားလပ်ခွင့် ရတိုင်း သင်္ဘောပေါ်တွင် ရေးသား ခဲ့ခြင်း ဖြစ်သည်။ ကျန် အခန်း၃ မှ ၈ အထိ အခန်း ၆ ခန်းကို ရန်ကုန်တွင် အချောသတ် ပြုစုရေးသားခဲ့သည်ဟု သိရှိရသည်။

ထိုခေတ် အခါက မြန်မာနိုင်ငံ လွပ်လပ်ရေး ရပြီးခါစ ကွန်မြူနစ်များ တောခိုပြီး၊ ရောင်စုံသူပုန် ထနေသော အချိန် ကါလကို ကျောရိုးနောက်ခံပြုပြီး ထိုပြဇာတ်ကို ရေးသား ခြယ်မှုန်းထားခြင်း ဖြစ်သည်။ အဓိက ရည်ရွယ်ချက ်မှာ ကွန်မြူနစ် စံနစ်၏ လက်နက်ကိုင် လမ်းစဉ်ကို ထိုးနှက် တိုက်ခိုက်ရန် ရည်ရွယ် ရေးသားထားသော ပြဇာတ်တပုဒ် ဖြစ်သည်။

ထို.ကြောင်………နိုင်ငံရေး အာဏာကို လူထုထုထံမှ ဒီမိုကရေစီနည်းဖြင့် တောင်းယူခြင်း မပြုပဲ လက်နက် ကိုင်စွဲ ၍ လုယူသည်မှာ မည်မျှ မှားယွင်းကြောင်းကို ပီပြင်စွာ သရုပ်ဖော်ထားသော ပြဇာတ်ကောင်း တပုဒ်အား ဖတ်ဖြစ် အောင် ဖတ်ကြည့် စေလိုကြောင်း မိတ်ဆွေ အပေါင်းအား တိုက်တွန်း ညွှန်းဆိုရင်း ဒီလ စာအုပ်စင်ကဏ္ဍ မှတဆင့် စာအုပ်အညွှန်း အဖြစ် တင်ပြ လိုက်ရပေသည်။

ကိုကို….

LEAVE A REPLY

Please enter your comment!
Please enter your name here