ရင်မောရတာ မောလွန်းတယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ရင်မောရတာ မောလွန်းတယ် ဆိုတာ အခြား အကြောင်းအရာ တော့ မဟုတ်ပါဖူး။ ဒီနေ့ အင်တာနက် စာမျက်နှာ များနဲ့ ဂရု(ပ်) မေးလ်များ၊

ကိုယ်ပိုင် အင်တာနက် စာမျက်နှာ ဘလော့ဂ် များ၊ တဖန် ရေဒီယိုများမှာ ကြားနေ၊ ဖတ်နေရတဲ့ အကြောင်း အရာများထဲမှ အကြောင်းအရာ တခုဖြစ်တဲ့ န.အ.ဖ က ဂုတ်ခွစီးပြီး လုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက် ပါတယ်။

အကြောင်းက၊ ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး၊ အငြင်းပွားနေ၊ အကြံပေးနေ၊ ရေးနေ၊ ပြောနေကြသူ များကြားမှာ၊ လက်ဆုပ်လက်ကိုင်ပြလို့ ့ရတဲ့ တူညီချက်တခုကို ရှိနေပါရဲ့နဲ့ ဒီ၂၀၁၀ကို ထပ်ခါထပ်ခါ ပြောနေ၊ ရေးနေတာတွေကို မြင်ရ၊ ကြားရတော့ နဂိုရ် ကတည်းကမှ နအဖရဲ့ အုပ်ချုပ်ရေး ညံဖျင်းမှု၊ ယုတ်မာ ကောက်ကျစ် စဉ်းလဲမှုနဲ့ အတူ မြန်မာပြည်သူများရဲ့ ပြည်တွင်း၊ ပြည်ပ ကြံုတွေ့ခံစား နေကြရတဲ့၊ ဒုက္ခ အဝဝကို မြင်နေ၊ ကြားနေရလို့ မောနေရတဲ့ အထဲ၊ ထပ်ပြီး အမော ဆို့သွားရတာကိုု ရည်ညွှန်းတာပါ။

သဘောထား ကွဲလွဲမှုများ ကြားက လက်ဆုပ် လက်ကိုင်ပြလို့ရတဲ့ ( န.အ.ဖ က လွဲရင်ပေါ့လေ ) အချက်က အခု ပြောနေ ရေးနေ၊ ရေးနေ ပြောနေကြ သူတွေ ပြောရေး၊ ရေးပြောနေတဲ့၊ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ၊ စစ်တပ် က အနာဂတ် မြန်မာနိုင်ငံရေးမှာ အာဏာကို ဆက်လက် ချုပ်ကိုင် ချယ်လှယ်ဖို့ အတွက်၊ ဆယ်စုနှစ် တစုကျော်ကြာ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုဖို့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင် ရထားခဲ့တဲ့၊ အတိုက်အခံ အားလုံးနဲ့၊ လူမျိုးစုများရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့လို့ ဆိုလို့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါရှိပဲ၊ နာဂစ် မုန်တိုင်းဖြစ်လို့ နိုင်ငံတော် ဒုက္ခကြီးဖြစ်နေတဲ့ ကြားက၊ အတင်းအကြပ် ပြုလုပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အစီအစဉ်၊ န.အ.ဖ ရဲ့ Game Plan ဆိုတာပါပဲ။

ဒီအချက်ကို တဖြည်းဖြည်းချင်း ပြောင်းကြစို့လို့ ပြောနေသူတွေ၊ နိုင်မှမနိုင်ပဲလို လက်မှိုင်ချ နေသူတွေ၊ ဘယ်သူတွေ ကြားမှာပဲဖြစ်ဖြစ်၊ မြင်နိုုင်၊ ကြားနိုင်ပါတယ်။ ဒါဆိုရင် ဒီမြင်နေ ကြားနေရတဲ့ အချက်ကို ဘေးဖယ်ထားပြီး ဘာ အတွက်ကြောင့် ၂၀၁၀ ကို ဇောင်းပေး ပြောနေ၊ ရေးနေကြတာလဲ? ရေးသူ ကိုယ်တိုင် ကရော ဘာ အတွက်ကြောင့် အချိန်ကုန်ခံ ရေးနေရတာလဲ။ အကြောင်းရှိပါတယ်။ နိုင်ငံရေးလုပ်သူ၊ စီပွားရေး လုပ်သူ၊ ကိုယ့်တကိုယ်ရည် တိုးတက်မှုအတွက် လုပ်သူ၊ ဘယ်လို လူမျိုးဖြစ်ပါစေ၊ အကြောင်း ကိစ္စတခုကို ပြီးဆုံး အောင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင် လုုပ်ဖို့အတွက် အဲဒီ လူတွေဆီမှာ ပြဿနာ ဘာလဲဆိုတာ၊ ပြဿနာ ကို ရှင်းရှင်း သတ်မှတ်နိုင်ဖို့ ပြဿနာနဲ့ သက်ဆိုင်လိုအပ်မဲ့ သတင်းအချက် အလက်တွေကိုု စုဆောင်းပြီး သုတေသန လုပ်၊ ခန့်မှန်းချက်တွေ ကောက်ချက်တွေဆွဲဖို့ ပြီးရင် တွေ့ရှိချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ဆိုတဲ့ အချက် ၃ချက်

  • (၁)Identify the problem ၊
  • (၂) Observation ၊
  • (၃) Action plan ကို အနိမ့်ဆုံးအဆင့် လုပ်ကြရစမြဲပါ။ ဒီအချက် ၃ချက်မပါပဲ ဘယ်အလုပ်မျိုးမဆို ပြီးဆုံး အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လူမှုဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုတိုင်းဟာ သူ့အလိုအလျောက် ဖြစ်လာကြတာ မဟုတ်သလို၊ ကံကောင်းထောက် မပြီး ဘုရားပေးလို့ ရလာတဲ့ လက်ဆောင်များလဲ မဟုတ်ပါဘူး။ သက်ဆိုင်ရာ လူဖွဲ့စည်းများရဲ့ မှန်ကန်စွာ ရွေးချယ် လိုက််တဲ့ ရွေးချယ်မှုတွေကို စုပေါင်းညီညွာစွာ အားထုတ် ရုုန်းကန်ကြလို့ ပေါ်ထွက်လာတဲ့ နောက်ဆက် တွဲတွေပါ။ ဒါဆိုရင် စာရေးသူတို့ မြန်မာ့နိုင်ငံရေးမှာ၊ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ချင် သူတွေဟာ လိုရာ ရည်းမှန်းချက်ကို ပြီးဆုံးဖို့ အတွက်၊ ပြောခဲ့တဲ့ အချက်၃ချက်ကို လက်ကိုင်ထားပြီး လုပ်သလား? ကင်းကွာပြီး လုပ်နေကြသလား ? ဆိုတာ ငြင်းခုန်စရာ ဖြစ်လာပါတယ်။ အရှိကို မြင်တဲ့အတိုင်း ပြောရရင် ကင်းကွာပြီး လုပ်နေ ကြတယ်လို့ပဲ ပြောရပါမယ်။ ပြောနိုင်တဲ့ အချက်များစွာ ရှိပါတယ်။

တကယ်တော့ ကစားပွဲတခုကို ကစားတယ်ဆိုတာ ရှိနေတဲ့ သတင်း အချက်အလက်များကို လက်ကိုင်ပြုပြီး၊ ဖြစ်နိုင် ချေ အရှိဆုံး ကစားကွက်ကို ရွေးချယ်ပြီး ကစားကြတာ မဟုတ်လား။ ဒါဆို ဘာ့အတွက်ကြောင့် ပြိုင်ဘက်ဖြစ်တဲ့ န.အ.ဖ  ရဲ့ ဦးတည် ရည်မှန်းချက်၊ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကို ချန်လှပ်ပြီး၊ ၂၀၁၀ အတွက်ကို မီဒီယာတွေ၊ ဘလောဂ့် တွေက ပြောနေကြရတာလဲ။ န.အ.ဖ ရဲ့ ဦးတည် ရည်မှန်းချက်က တိုင်းပြည် အာဏာကို အမြဲချုပ်ကိုင် ထားနိုင်ဖို့ ။ အနိုင်ရဖို့ပဲ ဖြစ်တယ်။ ဒီလို ဆုပ်ကိုင်ထားနိုင်မှ တိုင်းပြည်မှာ သူတို့ဖျက်ခဲ့၊ ပျက်ခဲ့၊ လုယူ ခိုးဝှက်ခဲ့တဲ့ ပြည်သူ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်နိုင်မှာ ဖြစ်သလို၊ ရှုံးနိမ့်သူတွေ ကြံုတွေ့နိုင်တဲ့ အိပ်မက်ဆိုးတွေကိုု ရှောင်လွှဲ နိုင်မှာ မဟုတ်ပါလား။

ဒီအတွက် န.အ.ဖ ရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့…. အချိန်ဆွဲခြင်း နည်လမ်းကို မဏ္ဍိုင်ပြုပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်က လောလောဆယ် အင်အား ကောင်း နေတဲ့ လှုပ်ရှားမှုတွေကို သွေးအေးသွားဖို့၊ အင်အားချည့်နဲ ့သွားဖို့။ အဲ့ဒီအတွက် အထင်ကရ လူထုကို ဦးဆောင် နိုင်တဲ့ လူကြီးလူငယ်တွေကို ထောင်သွင်း အကျဉ်းချခြင်းတွေကို လုပ်ဆောင်တယ်။ ဒါကိုပဲ အချိန်ဆွဲခြင်း ဗျူဟာနဲ့ အပြောင်းအပြန် လုပ်ပြီး ထောင်ထဲ ထည့်လိုက် ပြန်လွှတ်လိုက်နဲ့ ကစားလာလိုက်တာ န.ဝ.တ တဖြစ်လဲ န.အ.ဖ စစ်အစိုးရဟာ ဒီလိုနဲ့ အနှစ် ၂၀ ကျော် နေပါရောလား။

အချိန်ဆွဲခြင်း များစွာ။ ။

ရွေးကောက်ပွဲ ပြီးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရတဲ့ အခါ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြီးမှ အာဏာ လွှဲပေးမယ် ပြောတယ်။ ရည်ရွယ်ချက်က နိုင်ငံရေး ပါတီအဖွဲ့ အစည်းများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းမှာ သဘောကွဲလွဲမှုတွေ ဖြစ်ဖို့။ အင်အားချည့်နဲ့ သွားဖို့။ ဖြစ်နိုင်ရင် အပိုင်းပိုင်း အစိတ်စိတ် ပြိုကွဲ သွားဖို့။ ရွေးကောက်ပွဲ အပြီးမှာ အာဏာ မလွှဲတဲ့ အပေါ် ထင်ထင်ပေါ်ပေါ် အတိုက်အခံ ပြုတဲ့သူတွေကို၊ ပြည်ပ ကို ထွက်ခွာအောင်၊ ကြံစည်သလို၊ မထွက်ခွာသူများကိုလည်း ထောင်သွင်း ချုပ်နှောင်ခြင်းနဲ့ အင်အားချိနဲ့ အောင် လုပ်တယ်။

အချိန်ဆွဲခြင်း (၁)

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ န.အ.ဖ က ဦးစီးပြီး ရေးဆွဲ နေတဲ့ အမျိုးသား ညီလာခံက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လက်မခံမှန်း သိသိကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဘာကြောင့် ပြန်လွှတ်ပေးရသလဲ။ ဥပဒေအရ ၅နှစ်ပဲ ချုပ်နှောင်ပိုင်ခွင့် ရှိလို့ပြန်လွှတ် ပေးလိုက်တာ ထက် စာရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို စမ်းချင်တယ်။ ၁၉၈၈ ကနေ ၁၉၈၉ ခုနှစ် အလွန် အင်မတန်မှ တိုတောင်းလှတဲ့ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်မှု၊ ပြည်သူ လူထုနဲ ့ဆက်စပ်မှု အတိုင်းအတာ ဘယ်လောက်ရှိ၊ မရှိ၊ မှန်၊ မမှန်သိချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ဘာတွေလုပ်မလဲ၊ သူနောက်မှာ အင်အား ဘယ်လောက်ရှိသလဲ သိချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ ့အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကြား ကွဲဖို့၊ တကယ်လို ဒေါ်အောင်ဆန်းစုကြည်က စွမ်းဆောင်နိုင်လို့ အင်အားတောင့်တင်း လာပြီ ဆိုရင်လည်း ဖြိုခွဲလိုက်ဖို့၊ ဖြစ်နေတဲ့ အခင်းအကျင်း အပေါ်ကနေ အချိန်ဘယ်လို ထပ်ဆွဲရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့။ ဒီပဲယင်း အရေးအခင်းကို ဖန်တီးလိုက်ခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖောက်ခဲ့တဲ့ လမ်း အားလုံးဟာ အစ ကနေ ပြန်စရမဲ့ လမ်းဖြစ်သလို၊ န.အ.ဖ (န.အ.ဖလို့ ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တဦးတည်းကို ပြောနေတာ မဟုတ်ပဲ အစုအဖွဲ ့တခုကို ပြောနေတာပါ။) အနေနဲ့ သူ့တွက် သူ့ရဲ့ ရှင်းထုတ် ရမဲ့ အတွင်းရန်သူကိုု ရှင်းထုတ်ခြင်းမှု အတွက်လည်း အခွင့်အလမ်း ရသွားတာလည်း ဖြစ်သည်။ ဒီပဲယင်း အရေး အခင်း အပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူများ၊ ထွက်ပြေး တိမ်းရှောင်သွားသူ များနဲ ့အတိုက်အခံ အင်အားစုုများ တခါ အင်အားထပ်မံ ဆုံးရှုံးခဲ့ရသည်။

အချိန်ဆွဲခြင်း(၂)

ဒီပဲယင်း အပြီး မင်းကိုနိုင် အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားများကို ထပ်လွှတ်ပေးလိုက် ပြန်ပါတယ်။ ရည်ရွယ်ချက် က အတူတူပါပဲ။ အဖြူရောင် လှုပ်ရှားမှုနဲ ့ရွှေဝါရောင် လှုပ်ရှားမှု အပြီး၊ ထွက်ပြေး တိမ်းရှောင်သူ၊ ထောင်းသွင်း အကျဉ်းကျ ခံရသူများနဲ ့အဆက်ပြတ်လောက်ပြီလို့ ထင်ရတဲ့ အင်းအားတွေ တခါ ကုန်ဆုံးသွား ပြန်ပါ တယ်။

အချိန်ဆွဲခြင်း(၃)

သိပ်မကြာပါဘူး တခါ၊ ဦးဝင်းတင် အပါအဝင် အခြား အန်အယ်(လ်)ဒီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တချို့ကို လွှတ် ပေး ပြန်ပါတယ်။ ရည်ရွယ်ချက်က အတူတူပါပဲ။ ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ် အထိ န.အ.ဖ လုုပ်ခဲ့တဲ့ လုပ်ဆောင် ချက် များနဲ ့ အပြုအမူများကို အချိန်ရလို့ပဲ ဖြစ်စေ၊ အချိန်ပေးပြီးတော့ပဲ ဖြစ်စေ၊ ပြန်သုံးသပ် ကြည့်တဲ့ အခါ ဒီလိုတူညီတဲ့၊ ထပ်ခါထပ်ခါ အသုံးပြုတဲ့ ကစားကွက်ကိုပဲ တိတိကျကျ တွေ ့ရမှာ ဖြစ်ပါတယ်။ တဖက်မှာ လူမျိုးစု လက်နက်ကိုင် အဖွဲ့များနဲ့ ကစားတဲ့ ကစားပွဲကိုလည်း ကြည့်လိုက်ပါအုံး။ တထပ်တည်းပါပဲ။ အင်အားချည့်နဲ့ သွားအောင် စစ်ရေးနဲ ့တိုက်တာထက်၊ အဖွဲ့များ အချင်းချင်းကြား သွေးကွဲအောင်၊ သပ်လျှိ ဖြိုခွဲခြင်း၊ မက်လုံးပေး အခွင့်အရေး ပေးခြင်းများနဲ့ နှိမ်နင်းခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ကစားပွဲမှာ န.အ.ဖ အခုုလို အချိန်ဆွဲ နိုုင်ဖို့ အတွက် ကံကောင်းခဲ့တယ်လို့ ပြောနိုင်တဲ့ အချက်က ကမ္ဘာပြား သွားခြင်းပါပဲ။ ကမ္ဘာ့စူပါ ပါဝါဖြစ်ဖို့ ရည်မှန်းချက် ရှိတဲ့ တရုုတ်ရဲ့ နိုုင်ငံခြားရေး ပေါ်လစီ အပြောင်းအလဲ ပြုခဲ့ခြင်းနဲ့၊ အရှေ ့တောင် အာရှ တိုင်းပြည် များပေါ် အမေရိကန် စီးပွားရေး လွှမ်မိုုးမှုက၊ ထိုင်း၊ တရုုတ်၊ မြန်မာ နယ်စပ်တကြောမှာ ရှိတဲ့ လူမျိုးစု လက်နက် ကိုင် အဖွဲ ့များကို ချေမှုန်းသုတ်သင်ဖို့ ့အခွင့်ကောင်း ဖြစ်စေခဲ့တာပါပဲ။

မြန်မာပြည် မြောက်ပိုင်း လက်နက်ကိုင် လူမျိုးစုများရဲ့ သွေးကွဲမှုနဲ့ တဖွဲ့ချင်းဆီ န.အ.ဖ အပေါ်အပြု သဘော ဆောင် ဆက်ဆံမှု၊ မြန်မာနိုင်ငံရေး ပင်မ လှုပ်ရှားမှုနဲ့ ကင်းကင်းကွာကွာ နေခဲ့မှုတို့က န.အ.ဖရဲ့ ကစားပွဲ တခုလုံး ကို အနိုင်ရဖို့ အချိန်ဆွဲရေး၊ ရေတို ကစားပွဲများကို ကျားကန် အားကူပေးခဲ့တာ ဘယ်လောက်ထိ ရောက်ခဲ့သလဲဆို မြန်မာပြည် အရှေ့တောင်ပိုုင်းက ကေအန်ယူ နဲ ့ဒီမိုကရေစီ တော်လှန်ရေး လက်နက်ကိုင်များ ဋ္ဌာနချုပ် ရှိရာကိုု၊ န.အ.ဖ က စိတ်ကြိုက်လက်ကြိုက် ထိုးစစ်ကြီးတွေ ဆင်နွှဲ၊ သွေးခွဲဖို့နဲ့့၊ ၂၀၁၀ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာစေတဲ့ အထိပါပဲ။ န.အ.ဖ ရဲ့ ကစားကွက်ကို လိုရင်း အတိုချုပ်ပြီး ဆွန်ဇူးရဲ့ စကားနဲ့ပဲ ယှက်နွယ် ကောက်ချက်ချရမယ် ဆိုယင်။

To secure ourselves against defeat lies in our own hands, but the opportunity of defeating the enemy is provided by the enemy himself.

လို့ ဆိုသလို န.အ.ဖ ဟာ တဖက် ကစားသမားရဲ့ ရှုံးနိမ့်မဲ့ အကွက်၊ လက်ပမ်းကျမဲ့ အချိန်ကိုုဆွဲပြီး၊ ရေရှည် စစ်ကို တိုက်ခဲ့တယ် ဆိုတာပါပဲ။ အဲဒီအချိန်မှာ သူ ့အတွက် မရှုံးနိမ့်ဖို့ အင်အားကို တည်ဆောက် နိုင်ခဲ့တာက အထင် အရှားပါ။

ဒီနေရာမှာ စာရေးသူ ဒီလိုမြင်သလို မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကို လုပ်ဆောင်နေသူတွေ၊ စာဖတ်သူ အနေ နဲ့လည်း၊ ဒီလိုပဲ မြင်မယ်ဆိုတာ အတိအကျ ယုံုကြည်ပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ နိုုင်ငံရေး အပြောင်းအလဲကို လုပ်ဆောင် နေသူတွေ၊ ဒီမိုကရေစီ လိုလားသူ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လိုလားကြားတဲ့ မီဒီယာ ပုံစံ အသီးသီး ကိုင်စွဲထားကြ သူတွေဟာ၊ ဘာအတွက်ကြောင့်၊ ဒီပုံသေ ဖြစ်နေတဲ့ န.အ.ဖရဲ့ ကစားကွက်ကို မချေဖျက်နိုင် ရတာလဲ။ စစ်အစိုးရကို ဘာတွေ ယုံကြည်နေတာလဲ။ ဘယ် အချက်အလက်တွေ အပေါ်မှာ အခြေခံပြီး ၂၀၁၀ အကြောင်းကို တွင်တွင်ပြောရင်း၊ အငြင်းပွားရင်း၊ ပိုက်ဆံတွေ၊ အချိန်တွေ၊ အင်အားတွေ အကုန်ခံနေရပါ သလဲ။ ၂၀၁၀ ပြီးရင် ဘာတွေဖြစ်လာမှာ ထင်တတ်တာမို့လို့ ၂၀၁၀ ဟာ ဒီလောက် အရေးပါနေရတာ ပါလဲ။

မြန်မာ့နိုင်ငံရေး ကစားပွဲကို ကြည့်ရတာ ကြောင်နဲ့ကြွက် ကစားနေတဲ့ပွဲကိုု ကြည့်နေရသလို ပါပဲ။ ရင်မောရတာ မောလွန်းလို့ သုမနကျောမှာ ဒဏ်ရာတွေနဲ့ …. ရယ်။

ကျော်ငြိမ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here