နာဂစ်မုန်တိုင်း ဒုက္ခသည်များ ဘဝ အခြေအနေ ဆိုးရွားနေဆဲ

alt

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ် သွားသည်မှာ (၂)နှစ်နီးပါး ကြာမြင့် နေပြီ ဖြစ်သော်လည်း ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ဒေသများရှိ ပြည်သူများ၏ အခြေအနေမှာ ဆိုးရွားနေဆဲ ဖြစ်သည်။

လူပေါင်း (၁၄၀၀၀၀) မျှ သေကြေပျက်စီးခဲ့ပြီး လူပေါင်း (၂.၄) သန်းမျှ အိုးမဲ့ အိမ်မဲ့ ဖြစ်သွား ရသည့် ဧရာဝတီတိုင်း အတွင်းဒေသ အတော် များများတွင် မုန်တိုင်းပြီး ကတည်းက အလုပ် အကိုင် မရှိခြင်းနှင့် နေအိမ်များ ပြန်မဆောက် နိုင်သေးသည့် ဒုက္ခသည် အမြောက်အမြား ရှိနေ ဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ (၉) ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်း တစောင်တွင် ဖော်ပြထားသည်။

Tripartite Core Group (TCG) သည် နာဂစ်အလွန် ကာလများအပေါ် သုံးသပ်ချက် အစီရင်ခံစာ အမှတ် (၃) ကို ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်း အတွင်း မုန်တိုင်း ဒဏ်သင့် ပြည်သူအမြောက်အမြား၏ ဘဝကို ပိုမို တိုးတက် အောင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း အတိအလင်း ဖော်ပြ သတိပေးထားသည်။ TCG သည် အာဆီယံ၊ မြန်မာ စစ်အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ နာဂစ်ဒဏ်သင့် ဒေသများတွင် လူများစွာသည် အလုပ်အကိုင် ရှာမရသောကြောင့် ၀င်ငွေမရှိသည့် ပြဿနာကို ကြံုနေရကြောင်း၊ ထို့အပြင် အိုးမဲ့အိမ်မဲ့ ကိစ္စကလည်း ထိုဒေသတွင် နောက်ထပ် အကြပ်အတည်း တခုကို ဦးတည် လာစေနိုင်ကြောင်း TCG က ဖော်ပြထားသည်။

ထို့အပြင် ထိုဒေသတွင် အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေရန် အချိန်ကြာမြင့်စွာ လိုအပ်မည်ဟုလည်း TCG က ခန့်မှန်းထားသည်။ အာဆီယံအဖွဲ့၏ နာဂစ်အလွန် ပြန်လည် တည်ဆောက်ရေး ကဏ္ဍအတွက် မြန်မာနိုင်ငံသို့ အထူး ကိုယ်စားလှယ် အဖြစ် ရောက်ရှိနေသည့် ဒေါက်တာ ၀ီလျံဆာဘန်ဒါက နာဂစ်ဒဏ်ခံ ပြည်သူများ အတွက် ထောက်ပံ့မှုမှာလည်း လုံးဝ မရှိခြင်း၊ အလွန် နည်းပါးသွားခြင်း စသည့် အနေအထားများ ဖြစ်လာနေကြောင်း ထောက်ပြ ခဲ့သည်။ ဥပမာ အားဖြင့် ဘိုကလေး၊ လပွတ္တာမြို့နယ်များအတွင်း မုန်တိုင်း တိုက်ခတ်စဉ် ဆုံးရှုံးသွားသည့် ငါးဖမ်းလှေများ အပြည့်အဝ ပြန်လည် အစားမထိုးပေးနိုင်ခြင်းသည် ရေလုပ်သားများအတွက် အကြီးအကျယ် ထိခိုက် နေစေကြောင်း ဒေါက်တာဝီလျံက ပြောကြားခဲ့သည်။

TCG ၏ အဆိုအရ (၂၀၁၀)၊ ဇန်နဝါရီလ အထိ အနည်းဆုံး အိမ်ခြေ တသိန်းခန့် နာဂစ် ဒုက္ခသည် များအတွက် လိုအပ်နေဆဲ ဖြစ်သလို လူငါးသိန်းခန့်မှာ နေအိမ်မရှိဘဲ အိုးမဲအိမ်မဲ့ ဘဝတွင် ရောက်ရှိနေကြောင်း သိရသည်။ မြန်မာ စစ်အစိုးရသည် တလုံးလျင် ဒေါ်လာ(၁၄၀၀)မျှ ကျသင့်သည့် အိမ်ခြေ (၃၀၀၀၀)ကို ဆောက်လုပ်ပေးရန် ငွေကြေး စိုက်ထုတ်ခဲ့ပြီး အများစုကို ပုဂ္ဂလိက ကုမ္ပဏီများက တာဝန်ယူခဲ့သည်။ ထို့အပြင် ထောက်ပံ့ရေး အေဂျင်စီ များကလည်း ဒေါ်လာ(၆၀၀)မှ (၈၀၀)ကြား ကျသင့်မည့် အိမ်ပေါင်း(၃၇၀၀၀)ကျော်ကို ဆောက်လုပ် ပေးထားသည့် တိုင် နေအိမ် လိုအပ်မှုမှာ ကြီးထွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here