ကိုညီညီအောင်အား ထောင်ဒဏ် ၃နှစ်ချမှတ်

alt

အမေရိကန် နိုင်ငံသား ကိုညီညီ အောင် (ခ) ကိုကျော်ဇောလွင် အား ရန်ကုန်၌ နေထိုင် ခဲ့စဉ်က နေရပ် လိပ်စာ ပြောင်းခြင်း၊ အမေရိ ကန် နိုင်ငံသား အဖြစ် ခံယူခြင်း

တို့အား သတင်းမပို့ သဖြင့်ဟု ဆိုကာ မြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ ၆ (၃)၊ ဆိုက်ကားသမား တဦး၏ မှတ်ပုံတင်၌ ဓာတ်ပုံ ပြောင်းလဲကပ်၍ မှတ်ပုံတင် အတု ကိုင်ဆောင်သည်ဟု စွပ်စွဲ၍ ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) တို့ဖြင့် အင်းစိန် ထောင်တွင်း တောင်ပိုင်း ခရိုင် တရားရုံး တရားသူကြီး ဦးညိုထွန်းက ယနေ့တွင် ထောင်ဒဏ် ၃နှစ် ကျခံစေရန် အမိန့်ချမှတ် လိုက်သည်။

မှတ်ပုံတင်အတု ကိုင်ဆောင်သည့် ပုဒ်မ ၄၆၈ အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) အရ ထောင်ဒဏ် ၁ နှစ်၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခြင်းတို့အား သတင်းမပို့သဖြင့် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ ၆ (၃) အရ ထောင်ဒဏ် ၁ နှစ်တို့အား တပေါင်းတည်း ကျခံ ရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုညီညီအောင်သည် စက်တင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင် ရောက်လာစဉ် ထောက်လှမ်းရေးများက လေယဉ်ပေါ်မှ အဆင်းတွင် ဖမ်းဆီးခဲ့ပြီး၊ ပြည်တွင်း၌ ဆူပူမှုများ အချိန် ကိုက် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက စွပ်စွဲခဲ့သော်လည်း တရားစွဲဆို သည့် အခါတွင် ရာဇဝတ်မှုအဖြစ် စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်း၍ အာဏာသိမ်းပြီး နောက်ပိုင်း တောခို ခဲ့ကာ၊ ထိုမှတဆင့် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက် ခဲ့သည်သေးဟုလည်း သိရသည်။

ကိုညီညီအောင်၏ မိခင်နှင့် ညီမဝမ်းကွဲ အပါအဝင် မိသားစုဝင် ၅ ဦးကိုလည်း နိုင်ငံရေး လှုပ်ရှားမှုများဖြင့် ဖမ်းဆီး ထားသည်။ မိခင် ဒေါ်စန်းစန်းတင် ထောင်ဒဏ် ၅ နှစ် (မိတ္ထီလာထောင်) နှင့် ဝမ်းကွဲ ညီမ မသက်သက်အောင် ၆၅ နှစ် (မြင်းခြံထောင်) အသီးသီး အကျဉ်း ကျခံနေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here