လီဗာပူး အသင်းအား အိန္ဒိယ လုပ်ငန်းရှင် ဘီလျံနာ များက ဝယ်ယူရန် စဉ်းစားနေ

alt

အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး အသင်း လီဗာပူး အား အိန္ဒိယ လုပ်ငန်းရှင် သူဌေး နှစ်ဦးက ဝယ်ယူရန် စဉ်းစားနေကြောင်း သိရှိ ရသည်။ The Times သတင်းစာက ကမ္ဘာ ပေါ်တွင် သတ္တမမြောက် အချမ်းသာ ဆုံး

ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံထားရသည့် မူကက်အမ်ဘာနီ သည် ၎င်း၏ မိတ်ဆွေဖြစ်သူ Sahara Group နာယက ဆူဘာရာတာရွိုင် နှင့် ပူးပေါင်းကာ လီဗာပူး၏ ရှယ်ယာ ထက်ဝက်ကျော်ကို ဝယ်ယူရန် လေ့လာ မှုများ ပြုလုပ်နေပြီဟု ဖော်ပြခဲ့သည်။

အသက် (၅၂)နှစ်ရှိ အမ်ဘာနီသည် Reliance စက်မှု လုပ်ငန်းစုကြီးကို ပိုင်ဆိုင်ပြီး တဦးတည်း ပုဂ္ဂလိ က ပိုင်ဆိုင်မှု ဒေါ်လာ (၃၂)ဘီလျံ အထက် ရှိနိုင်ကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။ လီဗာပူးသည် အမေရိကန် လုပ်ငန်းရှင် နှစ်ဦး၏ ပိုင်ဆိုင်မှုအတွင်း ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ သလို ကြွေးမြီ ပေါင်စတာလင် (၂၃၁)သန်းခန့် တင်ရှိနေသည့် အသင်း ဖြစ်သည်။ အမ်ဘာနီက ထိုအကြွေး အားလုံးကို ဆပ်ပေးပြီး အပြန်အလှန် အားဖြင့် ရှယ်ယာ (၅၁) ရာခိုင်နှုန်းအား အမေရိကန် သူဌေးများလက်မှ တောင်းဆိုသွားရန် စဉ်းစားနေဖွယ် ရှိသည်။

အကယ်၍ အိန္ဒိယ ဘီလျံနာများသာ လီဗာပူးကို ဝယ်ယူဖြစ်ခဲ့ပါက ရုရှားဘီလျံနာ ပိုင်ဆိုင်သည့် ချဲလ်ဆီးအသင်းနှင့် အဘူဒါဘီ ဘီလျံနာများ ပိုင်ဆိုင်သော မန်ချက်စတာ စီးတီး တို့နှင့် ပိုမို အပြိုင်အဆိုင် ဖြစ်လာဖွယ် ရှိနေသည်။ အိန္ဒိယ ဘီလျံနာ ဆူဘာရာတာရွိုင်သည် ယမန်နှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းဝတ်စုံတွင် Sponsor အဖြစ် ကြော် ငြာခွင့် ရရန် ကြိုးပမ်း ခဲ့ဖူးသေးသော်လည်း မအောင်မြင်ခဲ့ချေ။

အမ်ဘာနီ အနေနှင့် လီဗာပူးအား စိတ်ဝင်စားနေသည် ဆိုသော သတင်းများအား Reliance က တစုံတရာ အတည်ပြုခြင်း၊ ငြင်းဆိုခြင်းမျိုး မပြုလုပ် သေးကြောင်းလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here