ဆုပ်လဲစူး စားလဲရူး ဘဝများ မယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အိမ်နီးချင်း နိုင်ငံများရောက် မြန်မာ အလုပ်သမားတို့ အဖို့တွင် နိုင်ငံသား စီစစ်ခြင်းနှင့် ပတ်စ်ပို့လုပ်ခြင်း ဟူသည်မှာ နားစိမ်းနေသော၊ ဘာမှန်းမသိသော အကြောင်းအရာ သစ် ဖြစ်သည်။

ဘာမှ ရေရေရာရာ မသိကြ၊ သိစေရန် အတွက်လည်း ထိုင်းအစိုးရ အပါအဝင် မည်သူမှ ရှင်းလင်း ပြောဆိုပေးခြင်း မရှိဟု ဆိုရလောက်အောင် ဖြစ်နေသည်။ မြောက်များလှသော အဆင့် ဆင့်များကို တသန်းခွဲခန့် လူဦးရေက (၇)လတာ အချိန်တို အတွင်း ပြီးအောင် လုပ်ဆောင်ရမည်ဟု အမိန့်ချမှတ် ထားသည့် အပြင် ပြီးအောင် မလုပ်လျှင် ဖမ်းဆီးပြီး မြန်မာပြည် ပြန်ပို့မည် ဟုလည်း ရာဇသံ ပြင်းပြင်းထန်ထန် ပေးထားသည်။ အိမ်နီးချင်း နိုင်ငံများရောက် မြန်မာ အလုပ်သမားတို့မှာ မိမိ အနာဂတ်ကို ဆုံးဖြတ်ရန် အလွန် အရေးကြီးလာပြီ ဖြစ်သည်။ တပြိုင်နက်တည်း တွင်လည်း ကောလဟာလ များက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသည်။ ဖမ်းသည်၊ ဆီးသည်၊ အခွန် ကောက်သည်၊ ရထားလမ်းဖေါက်သည်… စသော သတင်းများသည် မြန်မာ အလုပ်သမားများ သာမက မြန်မာပြည်ရှိ မိဘဆွေမျိုးများ ကိုပါ ကူးစက်လောင်ကျွမ်း ပူလောင် စေတော့သည်။ ထို့အတူ ဝန်ဆောင်ခကို အဆမတန် ဈေးကြီးကြီး ယူ၍ စားမည့်၊ ဝါးမည့်၊ ပွဲတော်နွှဲမည့် ခါတော်မီ မုဆိုးတသိုက်သည် ကုမ္ပဏီများ ဖွင့်ကာ ကျားချောင်း ချောင်း လာကြတော့သည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတို့သည် ကောလဟာလ သတင်းအတွက် ပူပန်ရသည်က တဖက်၊ ပတ်စ်ပို့ မလုပ်လျှင် အဖမ်းခံရပြီး ပြန်ပို့မည် ဆိုသည်ကတဖက်၊ ပတ်စ်ပို့ လုပ်လျှင်လည်း ဈေးကြီးကြီး ပေးရဦးမည် ဆိုသည်က တဖက်နှင့် ဗျာများ နေရပြီဖြစ်သည်။ ပတ်စ်ပို့ လုပ်မည်ဆိုလျှင် မြန်မာဖက်က စာအုပ်ဖိုး ကျပ်၃ထောင်(ဘတ်၁၀၀ခန့်) နှင့် ထိုင်းက ဗီဇာကြေး ဘတ်၅၀၀ (မူလက ဘတ်၂၀၀၀ သတ်မှတ် ထားသော်လည်း ပြန်လျှော့ပေးသည်) စုစုပေါင်း ဘတ်၆၀၀ ခန့်သာ ကုန်ကျမည် ဖြစ်သည်။ သို့သော် ကျေးဇူးရှင် ကုမ္ပဏီများက ဘတ် ၅၀၀၀ မှ ဘတ် ၉၀၀၀ ခန့် ယူကြသည်။ ယခုအခါတွင် ၂၀ကျော်ခန့် ရှိနေသော ကုမ္ပဏီကြီးကြီး ငယ်ငယ်တို့သည် နေရာဒေသ မျိုးစုံတွင် ပျံ့နှံ့ နေရာယူလျက် လုပ်ကိုင်နေကြသည်။ ပျှမ်းမျှအားဖြင့် လူတဦးလျှင် ဘတ် ၂၀၀၀ အမြတ်ရသည်ဟု လျော့လျော့တွက် လျှင်ပင် လူတသန်းခွဲ အတွက် ဘတ်သန်း ၃၀၀၀ (မြန်မာငွေ ကျပ်သန်းပေါင်း တစ်သိန်း) ရရှိ ကြမည်ဖြစ်သည်။ ကျွနု်ပ်တို့ မြန်မာ အလုပ်သမားတို့ သွေးနှင့် ချွေးနှင့် ဘဝနှင့်ရင်း၍ ရှာဖွေ စုဆောင်းထားသည့် ထိုထို မြောက် များ လှစွာသော ငွေများသည် လူတစု ကိုယ်ကျိုးအတွက် အကျိုးမဲ့ ပေးဆပ်ရသလို ဖြစ်နေသည်။

ထိုင်း အစိုးရအနေဖြင့် သတင်း အချက်အလက်မှန်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေရန် ပျက်ကွက်မှုပေါင်း များစွာ ဖြစ်ခဲ့သည်။ ထို့အတူ ခေါင်းပုံဖြတ် အမြတ်ထုတ်သူ ပွဲစား ကုမ္ပဏီ များကိုလည်း အထိန်းချုပ် မရှိသလောက် လွှတ်ပေး ထားခဲ့သည်။ ထိုင်း အစိုးရအဖို့ မြောက်များစွာသော နိုင်ငံရေး ပြဿနာများကို ရင်ဆိုင်ဖြေရှင်း နေရသဖြင့် မြန်မာ အလုပ်သမားတို့၏ အရေးကိစ္စသည် ဦးစားပေး ကိစ္စတွင်မရှိ၊ ဥပမာပြရလျှင် ဇန်နဝါရီလ ၂၀ရက် နေ့တွင် အလုပ် လုပ်ခွင့်လက်မှတ် သက်တမ်းကုန်မည့် အလုပ်သမား ၆သောင်း ကျော် ရှိနေသည်။ ထို သူတို့သည် သက်တမ်း တိုးခွင့်မရလျှင် တာဝန်ရှိသူတို့က စစ်ဆေးတွေ့ရှိလျှင် ဖမ်းဆီးပြီး မြန်မာပြည် ပြန်ပို့ခံရမည့် ကိန်းဆိုက်နေသည်။ ထို့အတူ လာမည့် ဖေဖေါ်ဝါရီ ၂၈ရက် တွင် ကျန်သော အုပ်စုများ ကလည်း တပြိုင်နက်တည်း သက်တမ်း ကုန်ဦးမည်။ မူလက ဖေဖေါ်ဝါရီ ၂၈ရက် အပြီး ပတ်စ်ပို့လုပ်ရမည်၊ မလုပ်ရသေးသူများ ပြန်ပို့မည်ဟု ကြေငြာထားသည်။

သို့ဆိုလျှင် အထက်က ဆိုခဲ့သော ဇန်နဝါရီ ၂၀ရက်နေ့တွင် သက်တမ်းကုန်မည့် သူများသည် အခက် တွေ့နေရသည်။ ပတ်စ်ပို လုပ်ရန်လည်းမမီ သက်တမ်းကလည်း ကုန်တော့မည် ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေသည်။ ဇန်နဝါရီလ ၁၉ရက် နေ့တွင်မှ ဝန်ကြီးများ အစည်းအဝေး သဘောတူညီချက်ဖြင့် ထပ်မံ သက်တမ်း တိုးနိုင်ကြောင်း ပတ်စ်ပို့လုပ်ရန် ကာလကို နောက်ထပ် ၂နှစ်အထိ အချိန်တိုးပေးကြောင်း ကြေငြာသည်။ အလုပ်ရှင် ပြောင်းခွင့်မရှိ ဟူသောအချက်က ထပ်မံ အဆစ် တိုးလာသည်။ ထိုအချက်ကြောင့် အလုပ် သမားပေါင်း များစွာ ဒုက္ခရောက်ကြဦးမည် ဖြစ်သည်။

ပုံမှန်အားဖြင့် အနည်းဆုံး တလ ကြိုတင် ကြေငြာရမည်ကို တရက်အလိုမှ ကပ်၍ကြေငြာခြင်း ဖြစ်သည်။ နဂိုရ် ကတည်းက မြန်မာ အလုပ်သမားတို့သည် သတင်း အချက်လက် အမှန်ကို လက်ခံသိရှိ နားလည်ခြင်း တို့၌ အားနည်းနေသည်။ ယနေ့ ထက်တိုင်အောင်လည်း မိမိကိုင်ထားသော လက်မှတ်သည် မည်သည် ့အကျိုးကိုရရှိ သည်၊ မည်သည်တို့က မရ၊ မည်သည့် အခွင့်အရေးများရှိသည် စသော အရေးကြီးသည့် အချက်များကို ကောင််းစွာ သဘောပေါက် နားလည်ထားခြင်း မရှိပေ။ ထို့အတူ ပတ်စ်ပို့ ရလျှင်လည်း မည်သည့် အကျိုးအမြတ် ခံစားရသည်၊ မည်သည့် အချက်များကို လိုက်နာ ဆောင်ရွက်ရမည် စသည်ဖြင့် ကွဲကွဲပြားပြား နားလည်ထားခြင်း မရှိ။ ယုတ်အစွဆုံး ယခုလက်ရှိ ပတ်စ်ပို့ ရရှိ ထားပြီး သူများပင် သေချာ နားမလည်သေးပေ။ မြန်မာ အလုပ်သမားများ နားမလည် ဖြစ်လေ ထိုအချက်ကို အခွင့်ကောင်းယူ အမြတ်ထုတ်မည့် သူများက သဘောကျဖြစ်လေ မြန်မာ အလုပ်သမားများ နစ်နာပြီးရင်း နစ်နာလေ ဖြစ်နေတော့သည်။

မြန်မာ အလုပ်သမားများသည် ယခင်က အလုပ် လုပ်ခွင့်လက်မှတ် လုပ်ရာတွင် အစိုးရက သတ်မှတ်သည့် ဘတ်၃၈၀၀ ဈေးနှုန်းအတိုင်း ကုန်ကျသည့် သူက နည်းပါးသည်။ အများစုဖြစ်သော ၈၀% ခန့်သော အလုပ်သမား တို့သည် ဘတ်၄၅၀၀ မှ ရ၅၀၀ခန့် အထိ အလုပ်ရှင်နှင့် ပွဲစားတို့က ဖြတ်စားခြင်းကို ခံခဲ့နေရပြီး ဖြစ်သည်။ ယခုအခါ တွင် အလုပ် လုပ်ခွင့် လက်မှတ်ဖိုး ကလည်း ဘတ်၄၅၀၀ မှ ရ၅၀၀ လောက် အထိ ကုန်ကျဦးမည့် အပြင် နောက်ထပ်လည်း ပတ်စ်ပို့ဖိုး အဖြစ် ဘတ်၆၅၀၀ မှ ၈၅၀၀ခန့် အထိ ထပ်မံ ကုန်ကျဦးမည် ဖြစ်သည်။ အထူးသဖြင့် ဘတ်၆၀၀ ခန့်သာကုန်မည့် ပတ်စ်ပို့ကို ဘတ်၆၅၀၀ မှ ၈၅၀၀ အထိ ပေးဆောင် နေရသော မြန်မာ အလုပ်သမားတို့ ထိချက် နာလှသည် ဟု ဆိုရမည်ပင်။ ကျောမွဲ အလုပ်သမား တို့သည် ထိုင်း၊ မြန်မာ ပွဲစားတို့၏ အဆင့်ဆင့်ခေါင်းပုံ ဖြတ်မှုများကို ခံရဦးမည်သာမက အလုပ်ရှင်တို့၏ ဖိနှိပ်မှုမျိုးစုံ တို့ကို လည်း လည်စင်း ခံကြရမည် ဖြစ်သည်။

အမှန်စင်စစ် ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားအရေးကို ဆောင်ရွက်နေသော အန်ဂျီအိုများ များစွာရှိသည်။ နိုင်ငံတကာ အန်ဂျီအို အစ၊ ပြည်တွင်း အန်ဂျီအို အလယ်၊ ဘုစု ခရု ရောင်စုံအခွင့်အရေး အဖွဲ့ အဆုံး ရာနှင့်ချီသော အန်ဂျီအိုများစွာ များစွာရှိနေသည်။ ထိုထိုသော အဖွဲ့များသည် တနှစ် တနှစ်တွင် အလုပ်သမား အရေးကို အကြောင်းပြု၍ သန်းပေါင်း များစွာသော ဘတ်ဂျက်ကို ရရှိသုံးစွဲ နေကြသည်။ ထို့အတူ မြန်မာဘာသာ၊ တိုင်းရင်းသား ဘာသာ၊ ဘာသာမျိုးစုံ ထုတ်လွှင့်နေသော မီဒီယာ မျိုးစုံလည်း ရှိနေ သည်။ သို့သော် အဆိုပါ အန်ဂျီအိုများ၊ မီဒီယာများသည် မြန်မာ အလုပ်သမား တို့အတွက် အလွန်အရေးကြီးသော ကာလတွင် မှန်ကန်စွာ အကူအညီ အထောက်အကူ မပေးနိုင်၊ ထို့ထက်ဆိုးသည်မှာ အချို့သော သူများက အလုပ်သမားများ ကြောက်လန့်စေရန် ဖမ်းနေပြီ၊ ဆီးနေပြီ စသောသတင်း၊ ကောလဟာလများကို အဆင်ခြင်မဲ့ ထုတ်လွှင့်ကြသည်။ အကျိုးဆက်အဖြစ် အရေအတွက် မနည်းလှသော အလုပ်သမားများ အထုပ်ကောက်၍ မြန်မာပြည် ပြန်ကြသည်။

သို့သော် မြန်မာပြည်တွင်လည်း ကြာရှည် မရပ်တည်နိုင်သဖြင့် နောက်ဆုံးတွင် ထိုင်းနိုင်ငံအတွင်း ခိုးလမ်းက တဆင့် ဈေးကြီးပေးပြီး ပြန်လာရ ပြန်သည်။ ထိုအတွက် ငွေးကြေး များစွာ ကုန်ကျသည့် အပြင် တချို့ အသက် အန္တရာယ်ဖြင့်ပင် ရင်ဆိုင်ကြရသည်။ ထိုအတွက် မည်သူကမှ တာဝန်ယူသူ မရှိကြပေ။ မြန်မာ အလုပ်သမား များသည် အခြေအနေ အရပ်ရပ်တို့၌ နိမ့်ပါး နေကြသူများသာ ဖြစ်ကြသည်။ လတ်တလော အဆင်ပြေရေး အတွက် မသိခြင်း၊နားမလည်ခြင်း များထဲတွင် ရုန်းကန်လှုပ်ရှား နေကြရသည်။ အားနည်း ချက်ကို အခွင့်ကောင်းယူ၍ သွေးစုပ်၊ အမြတ်ထုတ်မည့် သူများကလည်း နေရာမျိုးစုံမှ ဖိနှိပ်နေကြသည်။ ငွေကြေးအရ သော်လည်းကောင်း ဥပဒေစည်းမျဉ်း များဖြင့် လည်းကောင်း ကျေးကျွန်အဖြစ် တဖန် သွတ်သွင်းခြင်းကို ကျရောက်ကြရ တော့မည်ဟု ဆိုလျှင် လွန်အံ့မထင်။

အိမ်နီးချင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဆုပ်လည်းစူး စားလည်းရူး ဘဝများစွာအား အိပ်မက်ဆိုးများမှ ရုန်းထွက်လွတ်မြောက် နိုင်ကြပါစေဟူ၍ ရေရွတ် မြည်တမ်းနေယုံမှ တပါး ………အခြား မရှိပေ။

မောင်ကျည်ပွေ့

LEAVE A REPLY

Please enter your comment!
Please enter your name here