အင်တာနက် အချစ်နဲ ့ ဆုံစည်းရေး ပြဿနာ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မြန်မာ နိုင်ငံကနေ ပြည်ပကို ရောက်လာကြပြီ ပြည်ပ မြေကို ရှူလိုက်မိတယ် ဆိုရင် အရင်ဆုံး ခံစားလိုက် ရတာက မြန်မာပြည်နဲ့ မတူတဲ့ လွတ်လပ်တဲ့ အရသာ ပါ။

ဒီလို လွတ်လပ်မှု အရသာမှာ အင်တာနက် သုံးစွဲမှုက ရှေ့တန်းမှာ ရှိ မယ် ထင်ပါတယ်။ အဲဒီ ခံစားကြရတဲ့ အထဲမှာ မြန်မာပြည်မှာ ဆိုရင် ပြည်ပက အင်တာနက် စာမျက်နှာတွေ ပိတ် တာ ဆို့တာတွေရှိလို့ ဟိုစာမျက်နှာ ဖတ်မရနဲ့ ဒီစာမျက်နှာ ဖတ်မရနဲ့ အလိုမကျတာတွေ ခံစား ကြရသလို အင်တာနက် ကဖေးမှာ အသုံးပြုတဲ့ ဈေးကလဲ တနာရီကို ၅၀၀ကျပ် ဝန်းကျင်နဲ့ သုံးနေ ကြရတယ်လို့ သိရ ပါတယ်။

တချိန်တုံးက လဘက်ရည်ဆိုင် ထိုင်တဲ့ ယဉ်ကျေးမှုကနေ အခုဆိုရင် အင်တာနက်ကဖေး ယဉ်ကျေးမှု ဘက်ကို ပြောင်းလဲ လာပါတယ်။ နည်းပညာအရ တိုးတက်လာတာကို လေ့လာကြသူများ ရှိသလို အချို့က အင်တာနက်ပေါ်မှာ မိတ်ဆွေဖွဲ့ကြ၊ အပေါင်းအသင်း ရှာကြနဲ့ နိုင်ငံတာကို နယ်ချဲ့ စူးစမ်းလာကြတာ ရှိပါတယ်။ အဲလို မိတ်ဖွဲ့ရင်း ကနေ လူငယ်တို့ သဘာဝ ရင်ခုန်သံချင်း နားလည်မျှဝေ သွားကြတဲ့ လူတွေလည်း ရှိပါတယ်။

တလောက မိတ်ဆွေတွေနေတဲ့ မြို့ကို သွားလည်တော့ မိတ်ဆွေရဲ့သားလေးက စင်္ကာပူက ကောင်မလေးနဲ့ လိုင်းပေါ်မှာ ကွန်တက်မိ-ဂျွိုင်းဆက်မိကာ၊ အိုကေမှာ စိုပြေပြီး လန်းဆန်းနေတာ တွေ့ရပါတယ်။ အခု စာရေးသူ လက်ရှိ ရောက်နေတဲ့ ဥရောပနိုင်ငံက၊ တောသူဌေး နိုင်ငံလေးလို့ အများက အမည်အပေးခံရတဲ့ နော်ဝေမှာဆိုရင် ကုလသမဂ္ဂ ဒုက္ခသည် ပြန်လည်နေရာ ချထားရေး အစီအစဉ်နဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ လောက် ရှိနေ ပါပြီ။ လူတဦးစီအတွက် နော်ဝေ အစိုးရက ထောက်ပံ့ကြေးငွေ ပေးပါတယ်။ မြန်မာပြည်မှာလို ၊ ထိုင်းမှာလို၊ နေမယ် စားမယ်ဆိုရင် နော်ဝေငွေ ခရိုနာ-၁၀၀၀ လောက်ကျန်ပါတယ်။ ၃ လလောက်စုမယ် ဆိုရင် မက်မိုရီက ၂ -ဂစ်။ ဟတ်ဒစ်က ၂၅၀ ဂစ်လောက်ရှိတဲ့ လက်တော့ပ် ကွန်ပြူတာဖြစ်စေ၊ ဒက်စတော့လို့ ခေါ်တဲ့ စားပွဲတင် ကွန်ပြူတာ ပုံး ဖြစ်စေ ဝယ်လို့ရပါတယ်။

တချို့မြို့တွေမှာဆိုရင် မက်မိုရီ ၂၅၀ မီကာဘိုက် လောက်ရှိတဲ့ စက်တွေကို ဒိတ်အောက်တယ် ဆိုပြီး နော်ဝေ လူမျိုးတွေ လျှပ်စစ်အမှိုက်ပုံမှာ ပစ်တာကို သွားကောက်သုံးလို့ လဲရပါတယ်။ မြန်မာတွေ အများစုကတော့ သွား မကောက်ကြပါဘူး။ လိတ်တက်စ် ကွန်ပြူတာကိုပဲ ဝယ်သုံးကြတာ များပါတယ်။ အင်တာနက် ကတော့ ဝယ်သုံးတဲ့ နေရာမှာ အမျိုးအစား ၂မျိုးရှိပါတယ်။ ပထမ တမျိုးက လိုင်းကြိုး နဲ့ ဆက်သွယ်ပြီး ဝယ်သုံးရတဲ့နည်း ဖြစ်ပြီး နောက်တမျိုးက ဟန်းဖုန်းလို ကြိုးမဲ့ စံနစ်နဲ့ ဝယ်သုံးတဲ့နည်းပါ။ ကြိုးမဲ့ စံနစ်က ဈေးချိုပါတယ်။ ပြီးတော့ ကားပေါ်မှာဖြစ်စေ၊ ပန်းခြံထဲမှာ ဖြစ်စေ အင်တာနက်ကို သုံးလို့ ရပါတယ်။ ညနေ ၅ နာရီကနေ မနက် ၈-နာရီ အထိနဲ့ ရုံးပိတ်ရက်တွေမှာ သုံးမယ်ဆိုရင် နော်ဝေငွေ ခရိုနာ ၁၀၀ (မြန်မာငွေနဲ့ဆို ၂ သောင်းနီးပါး) ပေးရ ပါတယ်။ အချိန်ပြည့်သုံးမယ် ဆိုရင် ၂၅၀ ခရိုနာ ကျပါတယ်။ ကြိုးလိုင်းကတော့ လိုင်းအနိမ့် အမြင့်ပေါ်မူ တည်ပြီး တလခရိုနာ ၃၀၀ ကနေ ရ၀၀ လောက် အထိရှိပါတယ်။

ဒီတော့ နော်ဝေရောက် မြန်မာလူငယ်တွေက လူကြီးတွေ သိစရာမလို၊ လူကြီးတွေ ထိန်းချုပ်စောင့်ကြည့်မှု ကနေ ကျော်ပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ကြတာပေါ့။ အခုလည်း မိတ်ဆွေ သားလေးက စင်္ကာပူမှာ ကျောင်းလာ တက်တဲ့ ကျောင်းသူ မြန်မာမလေးနဲ့ လန်းနေပါရော ဆိုပါလား။ နောက်တယောက် ကတော့ ထိုင်းမှာ ရောက်နေတဲ့ ကောင်မလေးနဲ့ လန်းနေ ပါတယ်။ တခြားအသိ လူငယ်လေးဆိုရင် ရန်ကုန်က ကောင်မလေးနဲ့ ချိတ်မိပြီး ဂွင်မိနေပါတယ်။

မနှစ်ကတော့ တူလေးတယောက်လို ဆက်ဆံနေတဲ့ ကောင်လေးက ထိုင်းဆင်းပြီး ကောင်မလေးကို လက် ထပ်လိုက် တယ်။ ကောင်မလေးကို မြန်မာပြည်ထဲဝင်ပြီး ပတ်စပို့တ်နဲ့ ထိုင်းကိုပြန်လာ ပြီးတော့ ထိုင်းမှာရှိတဲ့ မြန်မာတွေကို ကူညီနေတဲ့ အဖွဲ့တဖွဲ့ဆီမှာ တရားဝင် လက်ထပ်။ နော်ဝေသံရုံးမှာ ဗီဇာလျှောက်တယ်။ ဒီမှာ ကွိုင်-စတက်ပါ တယ်။ နော်ဝေသံရုံး နော်ဝေ ဥပဒေအရ စကားပြောလာ ပါတော့တယ်။ မြန်မာ နိုင်ငံသားတွေဟာ ပြည်ပ နိုင်ငံမှာ တရားဝင် လက်ထပ်ချင်ရင် မြန်မာ သံရုံးမှာသာ လက်ထပ်ခွင့် ရှိတယ်။ ဒါမှ တရားဝင်မယ် ပြောတယ်။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာ သံရုံးကလဲ ဒီအလုပ်ကို လုပ်မပေးဘူး ဖြစ်နေတယ်။ တချို့ကတော့ ခရစ်ယာန် ဘာသာဝင်တွေ ခရစ်ယာန် ဘုရားကျောင်းမှာ လက်ထပ်မှ တရားဝင်ဖြစ်သလို မြန်မာတွေလည်း ဗုဒ္ဓ ဘာသာ ဘုန်းကြီး ကျောင်းမှာ လက်ထပ်ရင် တရားဝင်တယ် ဆိုပြီး မင်္ဂလာဆွမ်း ကပ်နေတဲ့ ပုံတွေ အထောက် အထားပြပြီး ဗီဇာလျှောက် ကြတာလဲ ရှိပါတယ်။

နော်ဝေ အစိုးရကတော့ အဲဒီ အထောက်အထားတွေထက် ထိုင်းအစိုးရ တရားရုံးမှာ တရားဝင် လက်ထပ်ထားတဲ့ စာချုပ်ကိုတော့ တရားဝင် လက်ခံပါတယ်။ နော်ဝေ နိုင်ငံကို လာဖို့ ထိုင်းအစိုးရ တရားရုံး လက်ထပ်စာချုပ်နဲ့ ဆိုရင် ၆လ လောက် ဆိုရင် ဗီဇာရတယ်လို့ ပြောကြပါတယ်။ အဲဒီစာချုပ်နဲ့ လက်ထပ်ခွင့် ရဖို့ကလဲ အတော် ခက်ပါတယ်။ အပျို-လူပျို ဖြစ်ကြောင်း ထိုင်း လူဝင်မှု ကြီးကြပ်ရေးက ထောက်ခံရမယ်။ ပြီးတော့ ထိုင်းလူမျိုး အသိ သက်သေတွေ ပါရမယ်။ ဒီအချက်တွေ ပြည့်စုံဖို့က ရေလောင်းရမယ်။ တချို့ဆိုရင် ထိုင်း ဘတ်ငွေ-လေးသောင်းလောက် အထိ ပေးရတယ်လို့ သိရပါတယ်။ မိတ်ဆွေ နှစ်ယောက် ကတော့ မူဆလင် ဘာသာဝင်တွေ ဆိုတော့ ထိုင်းရောက် မူဆလင်အသိုင်း အဝိုင်းနဲ့ ထိုင်းမူဆလင် အဖွဲ့အစည်းတွက ကူညီလို့ ထိုင်းတရားရုံးမှာ တရားဝင် လက်ထပ်ခွင့်ရပြီး နော်ဝေ ဗီဇာလျှောက်ခွင့်ရပြီး နော်ဝေနိုင်ငံ ရောက်လာ ခဲ့ကြပါတယ်။

စင်္ကာပူက ကျောင်းသူလေးနဲ့ လက်ထပ်လိုက်တဲ့ အင်တာနက် ဖူးစာရှင်လေး ကတော့ နော်ဝေ နိုင်ငံမှာရှိတဲ့ ခရစ်ယာန် အသင်းတခု ကနေ အလည်ဗီဇာပေးလို့၊ နော်ဝေကို ရောက်လာတယ်။ ပြီးတော့ နော်ဝေမှာ ပြန် လက်ထပ်တယ်။ ပြီးတော့ အလည်ဗီဇာ ၆လ အတွင်းမှာ ကောင်မလေးက ကလေးမီးဖွားတော့ နော်ဝေ အစိုးရက လူမှုရေးအရ တရားဝင် နေထိုင်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ ထိုင်းရောက် နိုင်ငံရေး အဖွဲ့ အစည်းတွေဆီမှာ လက်ထပ်ပြီး အဲဒီစာချုပ်နဲ့ နော်ဝေ ဗီဇာလျှောက်တဲ့ သူတွေကတော့ လက်ထပ်ခွင့်ကို အသိအမှတ်ပြုပြီး နော်ဝေ နိုင်ငံထဲ လာဖို့ကိုတော့ နော်ဝေ နိုင်ငံထဲ နေထိုင်ခွင့်ရတဲ့ သူမှာ ဘဏ်မှာ စုထားတဲ့ငွေ ခရိုနာ ၁ သိန်းကျော် ရှိရမယ်။ ပြီးတော့ တရားဝင် အလုပ်လုပ်လို့ ရတဲ့ငွေ တနှစ်ကို ခရိုနာ ၂ သိန်း နှစ်သောင်း ပြနိုင်မှ ခေါ်ခွင့်ဗီဇာ ထုတ်ပေးမယ်လို့ ပြောနေပါတယ်။

နော်ဝေမှာ တရားဝင် အချိန်ပြည့် အလုပ်ရဖို့ မလွယ်လှပါဘူး။ နော်ဝေ စာတတ်မြောက်မှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာအရည်တွေ အမျိုးမျိုးရှိမှ ပြည်ပ နိုင်ငံသားတယောက် အဖို့ အလုပ် ရနိုင်ပါတယ်။ အခြေခံ အလုပ်ဖြစ်တဲ့ စတိုးဆိုင်၊ အရောင်းဆိုင် ဝန်ထမ်းတို့၊ သူနာပြုအကူတို့၊ သန့်ရှင်းရေး ဝန်ထမ်းတို့ ဆိုတဲ့ အလုပ်မျိုးတွေတောင် အချိန်ပြည့် အလုပ်ရဖို့ ခက်ပါတယ်။ အချိန်ပြည့် အလုပ်ရပြန်တော့လဲ နေထိုင်ခွင့်အတွက် ဝင်ငွေပြဖို့ တနှစ်ကို တရားဝင်ငွေ ခရိုနာ ၂သိန်း နှစ်သောင်း ရနိုင်ဖို့က မလွယ်ပြန်ပါဘူး။ အင်တာနက်နဲ့ ဖူးစာဆုံကြတဲ့ အထဲမှာ နော်ဝေလူမျိုး စစ်စစ်နဲ့ လိုင်းပေါ်မှာ ချိတ်မိပြီး နော်ဝေ ရောက်လာကြတဲ့ သူတွေလဲ နိုင်ငံပေါင်းစုံက မနည်းလှပါဘူး။ ပြီးတော့ အင်တာနက်မှာ ဖူးစာရှင်ရှာတဲ့ ဝဘ်ဆိုဒ် တွေလဲရှိပါရဲ့လေ။

ဖူးစာရှင် အဖော်ရှာလိုသူရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ဖော်ပြထားတဲ့ ဝဘ်ဆိုဒ်များစွာမှာ တက်ပြီး အလွယ်တကာ အင်တာနက် ဖူးစာရှင် ရွေးလို့လဲ ရပါတယ်။ နော်ဝေနိုင်ငံမှာ အဲလိုနည်းနဲ့ အမှန်အကန် ဖြစ်ကုန်သူ တွေလဲ မနည်းလှပါ။ နော်ဝေနိုင်ငံကို အထင်တကြီးဖြစ်ပြီး နော်ဝေ နိုင်ငံသားတွေနဲ့ လက်ထပ်ကာ နော်ဝေကို ရောက်လာကြတဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ နီပေါလ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား စတဲ့ နိုင်ငံသူတွေ ဆိုရင် နော်ဝေရောက်မှ ဘာသာစကား အသစ်ပြန်စရ၊ ဘဝအသစ် ပြန်စရ၊ ပညာရေး အသစ် ပြန်စရနဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်လို့ တချို့ တပ်ပြန် ခေါက်ကြရတာတွေ၊ နော်ဝေ ယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်လို့ ကွဲကြ-ပြဲကြတာတွေလဲ မြင်နေရပါတယ်။

တချို့ဆိုရင် လက်ထပ်ပြီးလို့ ၃နှစ် နီးပါး ရှိလာတောင်မှ ကိုယ့်အိမ်ထောင်ဘက်ကို နော်ဝေ နိုင်ငံထဲ ရောက်လာ အောင် ဆက်လက် ရုန်းကန်ကြိုးစားနေရဆဲ ပြည်ပနိုင်ငံသားတွေ မြင်နေရပါတယ်။ အင်တာနက်ကြောင့် ဖူးစာရှင် ပေါ်တဲ့ သူတွေ၊ ကွန်တက်ချိတ်ရ လွယ်သလောက်၊ ချစ်ရဖို့ လွယ်သလောက်၊ လက်ထပ်ရဖို့ လွယ်သလောက် တိုင်းပြည်နယ် နိမိတ်စည်း တခုကိုကျော်ပြီး အခြားတိုင်းပြည် တခုကို လာရောက် အတူနေထိုင်ဖို့ ကျတော့ စိတ်ကူးသလောက် မလွယ်လှပါဘူးလေ။ သိုးဆောင်း စကားပုံတခု အရ

You think twice, before you do

တဲ့ ဘာပဲလုပ် လုပ်ပေါ့ … ဟုတ်လား ! နှလုံးသား ဆန္ဒနဲ့ ဘဝ အောင်မြင်မှုတွေ ထပ်တူ ကျနိုင်ကြပါစေ။

နော်လီမိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here