သတင်းထောက် နှစ်ဦးအား နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့သည့် မြန်မာ စစ်အစိုးရအား ကဲ့ရဲ့ရှုတ်ချ

alt

ကမ္ဘာ့ သတင်းစာနှင့် သတင်း ဖြန့်ချီရေး လုပ်ငန်းရှင်များ အသင်း ကြီး (WAN-IFRA) နှင့် ကမ္ဘာ့ အယ်ဒီတာများ ဖိုရမ်တို့က မြန်မာ စစ်အစိုးရ အနေနှင့် သတင်းထောက် နှစ်ဦး

အပေါ် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း အပေါ် ကဲ့ရဲ့ရှုတ်ချ လိုက်ပြီး စစ်အစိုးရအား ယင်းတို့ နှစ်ဦးကို ချက်ချင်း လွှတ်ပေး ရန်နှင့် သတင်း မီဒီယာအပေါ် ဖိအားပေး တိုက်ခိုက်မှု များ ပြုလုပ်နေခြင်းအား ရပ်တန်းက ရပ်ရန် တောင်းဆို လိုက်ကြောင်း သိရှိရသည်။

မိမိတို့ အနေနှင့် မြန်မာနိုင်ငံတွင် (၂၀၀၇)ခုနှစ်မှ စပြီး ပြည်ပ နိုင်ငံများသို့ မှတ်တမ်း ဓာတ်ပုံ များ၊ ဗီဒီယိုများ နှင့် သတင်း အချက်အလက်များ ပေးပို့သည့် သတင်းသမား များကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာသည့် အတွက် စိုးရိမ် မိကြောင်း စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရည်စူးဖော်ပြသော စာတစောင်တွင် ကမ္ဘာ့ သတင်းဆိုင်ရာ အဖွဲ့ ကြီးများက ထည့် သွင်း ရေးသားထားသည်။

(၂၀၀၇)ခုနှစ် နောက်ပိုင်း အနည်းဆုံး သတင်းထောက်နှင့် Blogger ဦးရေ (၂၀)မျှ အဖမ်းခံ ထားရပြီး (၁၄)ဦး ထက် မနည်းမှာ ထောင်ဒဏ်များ ချမှတ် ခံထားရကြောင်း၊ ယင်းတို့အနက် အများစုမှာ အလွန် ကြမ်းတမ်းသည့် အခြေအနေမျိုး ကြံုနေရကြောင်း ယင်းစာတွင် ပါရှိသည်။ မြန်မာ စစ်အစိုးရက လက်ရှိ ပြဌာန်းထားသော ဥပဒေ များအရ နိုင်ငံရပ်ခြားသို့ သတင်း အချက်အလက်များ ပေးပို့သည့် မည်သူ့ကိုမဆို တရားစွဲဆို နိုင်ကြောင်း ဖော်ပြ ထားသည်။

ဇန်နဝါရီလ (၂၈)ရက် နေ့က မြန်မာနိုင်ငံမှ သတင်းထောက် ငွေစိုးလင်းသည် နော်ဝေး အခြေစိုက် DVB သတင်း ဌာနသို့ သတင်းများ ပေးပို့ခဲ့ခြင်း ကြောင့် ထောင်ဒဏ် (၁၃)နှစ် ချမှတ် ခံခဲ့ရသည်။ ပြီးခဲ့သည့် နှစ်အတွင်း က လည်း DVB ၏ သတင်းထောက် အဖြစ် ဆောင်ရွက်နေကြောင်း စွပ်စွဲမှုဖြင့် မြန်မာ စစ်အစိုးရ လက်အောက်ခံ တရားရုံး တခုသည် မလှလှဝင်း အမည်ရှိ အမျိုးသမီး သတင်းထောက် တဦးကို ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခဲ့ သလို လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ် တွေ့ရှိမှုဖြင့် နောက်ထပ် ထောင်ဒဏ် (၇)နှစ်ပါ အပိုဆောင်း ချမှတ် ခဲ့ကြောင်း သိရှိရသည်။

WAN-IFRA မှ စစ်အစိုးရ အဓိပတိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရည်စူး ရေးသားထားသည့် စာလွှာ အပြည့်အစုံကို http://www.wan-press.org/article18389.html တွင် ဝင်ရောက် ဖတ်ရှုနိုင်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here