နှလုံးသားရှိတဲ့ အရပ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မွေးမြေရပ်ကနေ ထွက်ခွာ ခဲ့သည်မှာ နှစ်များစွာ ကြာနေပေမယ့် ကိုယ့်အတွက် ကတော့ ခဏလေး လိုပါပဲ။ ခေတ်မှီ အသုံးအဆောင် တွေကြားမှာ နေသား တကျ ရှိနေ ခဲ့သည်မှာ

အမိမြေကို ပြန်ဖို့ရန်ပင် မေ့လျော့နေခဲ့ပြီ။ ကိုယ်နေတဲ့ အခန်းလေးကို ပြီးပြည့် စုံအောင် ဖန်တီး ထားခဲ့သည် လိုလေ သေးမရှိ နိင်လောက်အောင် ဖြည့်ဆည်း ထားထားသည်။ ကိုယ့် အခန်းထဲမှာ နေရင်း ကမ္ဘာတဝှမ်းက သူငယ်ချင်း မိတ်ဆွေတွေနှင့်လည်း ဆက်သွယ်လို့ရသည်။ ရာသီဥတု ပူရင် ခလုတ်တချက်နှိပ်ရုံနဲ့ ခဏအတွင်း အေးမြ သွားအောင်လည်း လုပ်နိင်သလို ကြိုက်ရာ ဖျော်ရည် ၊ သစ်သီး အေးအေးလေးတွေကိုလည်း အခန်းပြင် မထွက်ဘဲ လက်လှမ်းယူရုံနဲ့ရနိင်ခဲ့ပြီ။ ရာသီဥတု အေးနေရင်လည်း အပူပေးစက်လေး ဖွင့်လိုက်ရုံပါပဲ။ စိတ်ထဲမှာ မွန်းကျပ်လာရင် အခန်းထဲက ကာရာအိုကေ စက်မှာစိတ်ကြိုက် ဟစ်ကြွေးလိုက်ရုံပါပဲ။ အရာရာသည် လက်တကမ်းတွင်သာ ရှိနေခဲ့သည်။ ကျွန်တော့်ရဲ့ နေထိုင်မှုဘဝသည် ပြီးပြည့်စုံမှုများဖြင့် သာယာလေစွ ။

နိင်ငံရပ်ခြားမှာ တနေ့ ၊ တပါတ်ဆိုသည်မှာ ခဏလေးနှင့် ကုန်လွန်သွားခဲ့သလို ကိုယ့်ရဲ့ နေ့စဉ် လူနေမှု ဘဝမှာလည်း အသားတကျ ရှိနေသဖြင့် မိသားစုဆီကိုတော့ တော်တော်နှင့် ဖုန်းမဆက်ဖြစ်ပေ။ သတိမရဘူး ဆိုတာထက် ကိုယ့်ရဲ့ အချိန်တွေမှာ နေ့စဉ်လုပ်နေကြ အရာတွေနဲ့ အစီအစဉ်တကျ ရှိနေခဲ့လို့ပါပဲ။ ဒီနေ့ည အိမ်ကို ဖုန်းဆက်မယ် တွေးထားပေမယ့် သူငယ်ချင်းတွေနဲ့ အွန်လိုင်းပေါ်မှာ စကြနောက်ကြနဲ့ ဖုန်းဆက်ဖို့ သတိရချိန်မှာ မြန်မာပြည်တွင် မိသားစု အိပ်စက်နေချိန်သာ ဖြစ်နေတတ်သဖြင့် တော်တော်နှင့် မိသားစုဆီ ဖုန်းမခေါ်ဖြစ်ခဲ့ပေ။ မိသားစုဆိုတာ ဘယ်အချိန် ပြောပြောရတာပဲ မဟုတ်လား။။။ ဖုန်းခေါ်ရင်လည်း မိဘ မောင်နှမတွေရဲ့

သားလေးနေကောင်းရဲ့လား

မောင်လေး နင်နေကောင်းတယ်နော်

ဆိုတာတွေကို လူစေ့ သက်စေ့ကြားရသဖြင့် ကိုယ့်အတွက်တော့ ရိုးအီနေသလို ဖြစ်နေပြီလားမသိပေ။ တခါတလေမေမေက သားရယ်မေမေအရမ်းလွမ်းတာပဲ ပြောရင်း ငိုတဲ့အခါ တွေမှာတော့ ကိုယ်လည်း အရမ်းဝမ်းနည်း သွားမိခဲ့ဖူးသည်။

ဘာပဲဖြစ်ဖြစ်ဒီနေ့ညတော့ ဖုန်းဆက်ဖို့ သတိထားပြီး နေနေခဲ့သည်။ အိမ်တွင်လူစုံတက်စုံ ရှိမည့်အချိန်တွင် chat လက်စ သူငယ်ချင်းကို ခဏစောင့်နေပြောပြီး အိမ်ကို ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်သံကို စောင့်နေရင်း သားရယ် နင်ကလည်းနေနိင်လိုက်တာဆိုပြီး မေမေ ပထမဆုံးပြောမယ့် စကားကို ကြိုပြီးကြားယောင် နေမိသည်။ သားသမီးတွေ ပါတ်လည်ဝိုင်းနေပေမယ့် မေမေက ကျွန်တော့်ကို အမြဲ လွမ်းနေတတ်သည်။ သားလေး အုံးခဲ့တဲ့ ခေါင်းအုံးလေးကို မေမေညတိုင်း ဖက်အိပ်တယ် ပြောတော့ ကျွန်တော် ကျေနပ်ခဲ့ရသည်။ မောင်နှမတွေ အားလုံးထက် ကိုယ့်ကိုပိုချစ်တဲ့ သဘောလို့ပဲ မှတ်ယူမိသည်။

ဖုန်းလိုင်းဝင်သွားပြီး ခဏအကြာမှာ ဟယ်လို ဆိုပြီး မမရဲ့ ထူးသံကြားလိုက်ရသည်။

…. သားပါ

ကျွန််တော်တို့ မောင်နှမတွေအားလုံး ကိုယ့်ထက်ကြီးတဲ့ အကို ,အမကို သားကလေ သမီးကလေ ဆိုပြီး ပြောလေ့ ရှိသည်။ ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုကလည်း ၃၈ နှစ်အမကို သားကလို့ပဲ ပြောလေ့ရှိသလို အမဖြစ်သူ တွေကလည်း ကိုကို့ ကို အခုထိ အိတ်ကပ်ထဲ မုန့်ဖိုးထည့်ပေးနေတတ်တုန်းပဲ ဖြစ်သည်။

ငါတို့လည်း အခုလေးတင် မောင်လေးအကြောင်းပြောနေကြတာ

ထိုကဲ့သို့စကားမျိုးကို ၅ ခါဖုန်းဆက်တိုင်း ၃ ခါလောက်ကြားရတတ်သည်။ နှစ်တွေကြာလာပေမယ့် အခုထိ မိသားစု စကားဝိုင်းမှာ ကျွန်တော့်ကို သတိရကြောင်းက ပါနေတုန်းပဲဖြစ်သည်။

အခု မ က မေ့မေ့ အိမ်မှာလား

မဟုတ်ဘူး ငါ့အိမ်မှာပဲ မနက်ဖြန် နင့်ယောက်ဖ မွေးနေ့လေ အဲဒါဘုန်းကြီးဆွမ်းကပ်မလို့ ချက်နေကြတာ

မမ အိမ်နှင့် မေမေ့အိမ်သည် ၂ မိနစ်မျှလောက်သာ လမ်းလျှောက်ရသောအကွာအဝေးတွင်သာရှိသည်။

မေမေက ဒေါ်လေးတို့ အိမ်သွားတယ် မနက်ဖြန်မှ ပြန်ရောက်မှာ

ဒေါ်လေး ဘာဖြစ်လို့လဲ

ဘာမှမဖြစ်ဘူး သက်သက်သွားလည်တာ

အော်… အင်း အင်း

နင့် ကိုကိုလည်း ရောက်နေတယ် သူတို့တွေ ဘီယာတွေသောက်ပြီး သီချင်းဆိုနေကြတာ သီချင်းဆိုရင်း မောင်လေးကိုတောင် သတိရတယ်လို့ ပြောနေကြတာလေ နင့် ကိုကိုနဲ့ ပြောမလား ”

အင်း ပေးလိုက်လေ

ကိုကိုသည် ကျွန်တော်တို့ မိသားစုရဲ့ လူဆိုး စာရင်းဝင်သူဖြစ်သည်။ သူထင်ရာ သူလုပ်ပြီး အိမ်ပြန်လာချင်မှ လာတတ်သူဖြစ်သည်။ အပေါင်းအသင်းတွေနှင့် အပြင်မှာ နေချင်ရာနေ လွင့်ချင်ရာ လွင့်နေသူဖြစ်သည်။ လက်မြန် ခြေမြန် ရှိသလို ထစ်ခနဲရှိ လက်ပါတတ်သော ကိုကို့ အတွက်ကြောင့် ဖေဖေနှင့်မေမေမှာ ကိုကို ကျောင်းသားဘဝထဲက ကျောင်းအုပ်ကြီး ရုံးခန်းကိုလိုက်ခဲ့ရသလို အရွယ်ရောက်တော့ ရပ်ကွက်ရုံးအထိ လိုက်ပြီး ခံဝန်ထိုးပေးရသူ ဖြစ်သည်။ မိဘတွေ ဘယ်လောက်ဆူဆူ ပြန်မပြော နားမထောင်တတ်သူသာ ဖြစ်သည်။ ကိုကိုနှင့်ယှဉ်လျင် မူးယစ်ဆေးဝါးမသုံးသလို စကားလုံးကြီးကြီးတွေ ပြောလေ့ရှိသော ကျွန်တော်က အိမ်တွင် နာမည်ကောင်း ရသူ ဖြစ်သလို ကျွန်တော်ပြောသော အကြံဉာဏ်များကိုလည်း အလေးအနက် ထားခြင်း ခံရသူဖြစ်သည်။ ကိုကိုနှင့်ကျွန်တော် ဖုန်းမပြောဖြစ်သည်မှာ အတော်ကြာပြီ။

ညီလေး နေကောင်းရဲ့လား

ကိုကို့အသံကြားမှ ကျွန်တော် အတွေးတွေ ရပ်သွားသည်။

ကောင်းတယ် ကိုကို ရော ဘယ်လိုလဲ

ငါက အေးဆေးလေ သိတယ်မှတ်လား

ခပ်လေးလေး ပြောလိုက်သော ကိုကို့ အသံတွင် အယ်ကိုဟော တို့ ပျော်ဝင်နေသည်။

အခု ကောင်းနေတာလား

ခပ်နောက်နောက်မေးမိတော့

ဘီယာသောက်ထားတာပါကွ အေးဆေးပါ

အင်း....

ညီလေးရာ မင်းကိုငါတို့ အရမ်းသတိရတာကွ အခုလေးတင်ပြောနေတာ မင်းရှိနေရင် သိပ်ကောင်းမှာပဲလို့”

အင်း….သားလည်း သတိရပါတယ်

မင်းပြန်လာမလို့ဆို ပြန်မလာပါနဲ့ကွာ ဒီမှာ ဘာမှ မရှိဘူး မင်းနေတတ်မှာမဟုတ်ဘူး

အခန်းထဲကို တချက်ဝေ့ကြည့်ရင်း ပြန်ပြောလိုက်သည်။

ဒါပေမယ့် အဲဒီမှာ မိသားစုရှိတယ်လေ

ရာနှုန်းပြည့်မမှန်နိင်သော စကားဖြစ်မှန်း ဘာသာ သတိထားမိသည်။

အေးလေ ဟုတ်ပါတယ် မင်းကတယောက်ထဲ ဆိုတော့ ပိုလွမ်းနေမှာပါ ငါတို့ကမှ မောင်နှမတွေ အတူတူ ရှိနေကြတာ ဒါပေမယ့်ကွာ မင်း ပြန်လာရင် ဒီမှာ အလုပ်လုပ်လို့ မကောင်းနိင်ဘူးကွ လုပ်ရကိုင်ရတာ မလွယ်ဘူး ပြန်မလာပါနဲ့ အုံးကွာ”

အင်းပါ ..မသေချာသေးပါဘူး

ငါတို့ မင်းကို အရမ်းလွမ်းနေတာကွ မင်းနေကောင်းရဲ့လား

အင်း

ညီလေး မင်းပြန်လာချင်လို့လား…ဒါဆိုလည်း ပြန်လာခဲ့ကွာ ငါတို့ ရတဲ့အလုပ် အတူတူ လုပ်ကြတာပေါ့

အင်း

ခုနကလေးတင် မင်းကို သတိရကြောင်း ပြောနေတာကွ

အင်းပါ..ဟုတ်ပါပြီ

အမှန်တကယ် သတိရနေတာ ဖြစ်နိင်သလို ကိုကို့စိတ်ထဲတွင် ကျွန်တော့်ကို သတိရကြောင်းသာ ပြောချင်နေပေမယ့် အနည်းငယ် ရီဝေနေခြင်းကြောင့် ပြောပြီးသား စကားတွေ ထပ်နေတာ နားလည်ပေးဖို့ရန် ဖုန်းကဒ်တကဒ်ရဲ့ တန်ဖိုးက တားဆီးထားသည်။ စိတ်ထဲမှာ စိတ်ပျက်စွာ ကျွတ် ခနဲ စုပ်သပ်မိသည်။ ကိုကိုတော့ ရစ်နေပြီ ၊ ဖုန်းကဒ်တကဒ်ရဲ့ တန်ဖိုးကိုသူမသိဘူး ၊ ဖုန်းကဒ် တကဒ်က ငါ့ တနာရီစာ လုပ်ခရှိတယ် ဆိုတာ သူတို့နားလည်မှာ မဟုတ်ဘူး။ မမကလည်း ဖုန်းလာပြန်မယူသေးဘူးလား မသိဘူး။

အလုပ်အဆင်ပြေတယ် မဟုတ်လား ကျန်းမာရေး ဂရုစိုက်ကွ မင်းကတယောက်ထဲနေရတာ

အင်းပါ ..စိတ်မပူနဲ့

ဒီမှာလည်း အလုပ် လုပ်လို့ မကောင်းဘူးပါကွာ မင်းပြန်လာမယ်ဆိုရင် ငါတော့ သိပ်အားမပေးချင်ဘူး ပြန်ရောက်ပြီးမှ မနေတတ် မထိုင်တတ်ဖြစ်နေမှာစိုးတယ်

အင်းပါ .. မသိသေးပါဘူး ဖေဖေနဲ့ မေမေ့ကိုလည်း ဂရုစိုက်အုံးနော်

ဒီမှာ ငါတို့ အားလုံးရှိတယ် မင်းသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါကွာ အလုပ်ထဲမှာလည်း သတိထားအုံး အလုပ်အဆင်ပြေတယ်မဟုတ်လား

အင်း… ပြေပါတယ် အိုကေတယ်

ညီလေး မင်းနဲ့ စကားမပြောရတာ ကြာပြီကွာ ငါ မင်းကို အရမ်းသတိရတယ်

………..

…..…..…….

အထပ်အထပ် အခါခါသော စကားလုံးတို့ရဲ့ ကြားတွင် သီးခံနိင်မှုတို့ လျော့ပါးလာသည်။ ဖုန်းကဒ်ထဲမှာ ၁၀ မိနစ်လောက်ပဲ ကျန်တော့မယ်ထင်တယ် ။ မနက်ဖြန် မေမေ့ကို ဆက်ဖို့ ကျန်ပါ့မလား ။ နောက်ဆုံးတော့ လုပ်စရာ တခုပဲ ရှိတော့သည်..။ ကိုကိုအနေနဲ့ သိနိင်မှာ မဟုတ်ပါဘူး ဖုန်းကဒ်ကုန်သွားတယ် ဒါမှ မဟုတ် လိုင်းပြတ်သွားတယ်ပဲ ထင်မှာပါပဲလေ ဆိုပြီး ဖုန်းခွက်ကို အသာအယာ ပြန်ချလိုက်သည်။ ထို့နောက် chat လက်စ သူငယ်ချင်းကို ရပြီ ဆိုပြီး စာလှမ်းရိုက်လိုက်သည်။

အနှစ်သာရ မရှိသော အပြောင်အပျက်စကားလုံးတို့ဖြင့် စနောက်နေပေမယ့် ကျွန်တော့် အတွေးထဲတွင် ငါ့လုပ်ရပ် မှားသွားပြီလား တွေးနေမိသည်။ စေ့စေ့တွေးလေ နောင်တ တို့ဖြင့် ပူလောင်လေ ဖြစ်လာသည်။ ငါ့ဘဝ တခုလုံးကို ပူလောင်နေအောင် လုပ်ခဲ့တဲ့ သူကိုတောင် ထောင်ပေါင်းများစွာ အကုန်ခံပြီး ဖုန်းဆက်ခဲ့တာ တွေးမိတော့ တရာကျော်တန် ဖုန်းကဒ် တန်ဖိုးက လည်မြိုမှာ လာဆို့နေသလို ခံစားလိုက်ရသည်။ ကျွန်တော် သိပ်မှားသွား ခဲ့ပြီ။

ကျွန်တော်စိတ်တိုတိုင်း ညီအငယ်ကောင်ကို လက်ပါပြီး ဆုံးမ တတ်ပေမယ့် ကိုကို့ အနေနဲ့ ကျွန်တော်တို့ ညီ နှစ်ယောက်အပေါ် တခါမျှ လက်ဖြင့်ပင် မရွယ်ခဲ့ဘူးပေ။ အပြင်မှာ ဘယ်လောက်ဆိုးဆိုး ညီတွေအပေါ် ကောင်းတတ်လွန်းသူ ဖြစ်မှန်း သေသေချာချာတွေးလေ ထင်ရှားလေလေ ဖြစ်သည်။ ကျွန်တော့်ရဲ့ စိတ်အတွေး အာရုံတွေကို ဘယ်အရာတွေကများ ပိတ်ဖုံးသွားတာပါလိမ့် ။ ကိုကို့ရဲ့ ရန်ပွဲတိုင်း ကျနော် မသိခဲ့ရပေမယ့် ကျွန်တော့်ရဲ့ ရန်ပွဲတိုင်း ကိုကို ပါခဲ့မြဲဖြစ်သည်။ သူမသိခဲ့တဲ့ ကျွန်တော့်ရဲ့ရန်ပွဲတွေကိုတောင် နောက်ဆက်တွဲ မကျေပွဲတွေ ထပ်နွှဲခဲ့သူဖြစ်သည်။

ကိုကိုနဲ့ ပါတ်သတ်ရင် မမေ့နိင်ဆုံးအဖြစ်အပျက်လေး သတိရမိသည် ။ ကျွန်တော် အရွယ်ရောက်လာချိန် သီချင်းလေးတွေ နားထောင်တတ်လာတုန်းက မှတ်မှတ်ရရ ဘေးအိမ်ကနေဖွင့်တဲ့ ရဲသွင်ရဲ့ နှင်းဆီလှိုင်းများ သီချင်းကို လိုက်ဆိုမိတော့ ရွယ်တူအိမ်ရှင်ကောင်လေးက ကက်ဆက်ကိုပိတ်ပစ်ခဲ့သည်။ အဲဒီတုန်းက ကိုကို ကျွန်တော့်ကိုကြည့်ပြီး မျက်ရည်ဝဲကာ ဈေးကို ချက်ချင်းပြေးပြီး အဲဒီသီချင်းစာအုပ် ဝယ်ပေးခဲ့သလို ကျွန်တော်နဲ့ အတူ စာအုပ်ကြည့်ပြီး သီချင်းတွေ အော်ဆို ပေးခဲ့တာ သတိရသွားမိသည်။ ကိုကိုရေ ကျွန်တော်တော့ သိပ်မှားသွားပြီ ။

လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေကို ထိန်းပြီး ကျွန်တော် ချက်ချင်းပဲ ဖုန်းပြန်ခေါ် လိုက်တော့သည်။ လိုင်းမကောင်းသဖြင့် အကြိမ်ကြိမ် ပြန်ခေါ်နေရတဲ့ ဖုန်းကို ကျွန်တော် စိတ်မရှည်နိင်တော့။ ကိုကိုရေ ပြောချင် တာ ပြောပါ သား နားထောင်ပေးပါ့မယ်ဟု စိတ်ထဲမှာ အထပ်ထပ်ရွတ်ဆိုနေမိသည်။ ဖြူစင်တဲ့ ချစ်မေတ္တာကို ဘာနဲ့မှ လဲလို့မရကြောင်း တလစာ လုပ်ခနဲ့လည်း ဝယ်၍မရကြောင်း ကိုကို့ ကို ကျွန်တော်ပြောပြမည်။ ကျွန်တော်ပြောတာ ကိုကို နားလည်နိင်ပါ့မလား။ သေချာတာတော့ ကျွန်တော်ပြောသမျှ ကိုကို လေးလေး နက်နက် နားထောင်ပေးမည်လို့ ယုံကြည်ပါသည်။ဖုန်းလိုင်းဝင်သွားသံကို စိတ်စောစွာ နားထောင်နေမိသည်။

ဟယ်လို

မမရေ … သားပါ စောစောက ဖုန်းကျသွားလို့

ဟုတ်လား ထင်တယ် လိုင်းတွေ သိပ်မကောင်းဘူး

မိသားစုဝင်တိုင်းသည် ကျွန်တော့်အပေါ် အကောင်းတွေးပေးတတ်သူများသာဖြစ်သည်။

အင်း…. ကိုကို့ ကိုခေါ်လိုက်လေ ပြောတာ မပြီးသေးလို့

နင့် ကိုကိုက အပြင်ထွက်သွားပြီ ..မောင်လေးကို သတိရလို့တဲ့ ခုနက သူမျက်ရည်ကျနေသေးတယ်

အမဖြစ်သူ အနေနဲ့ ပုံမှန်အတိုင်း ပြောလိုက်ပေမယ့် ကျွန်တော့် အတွက်တော့ ပြင်းထန်စွာ လောင်မြိုက်စေသော စကားစု ဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသည့်နောက်တွင် ကျွန်တော်တင်းထားသမျှ မျက်ရည်တို့ စီးကျလာခဲ့သည်။ ရင်ထဲက ဝမ်းနည်းမှုသည် တလှိုက်လှိုက် တက်လာကာ နှလုံးအိမ်တခုလုံး နောင်တ တရားတို့ဖြင့်ပူလောင် နေတော့သည်။ ဖြူစင်သောချစ်ခြင်း ၊ အနစ်နာခံခြင်း ၊ စာနာဖေးမခြင်းတွေသည် မိသားစုထံမှသာ ရနိင်ကြောင်း ကျနော့်ရဲ့ နောင်တ တရားက သင်ပေးခဲ့ပြီ။ ပြီးပြည့်စုံသော ခေတ်မှီ အသုံးအဆောင်တွေသည် မေမေညတိုင်းဖက်အိပ်သော ကျွန်တော်ရဲ့ ခေါင်းအုံးလေး လောက်ပင် တန်ဖိုးရှိပါ့မလား။

အခုချိန်တွင်တော့ ကျွန်တော့်စိတ်နှလုံး တခုလုံးသည် အတန်ကြာမေ့ထား ခဲ့သော အမေ့အိမ်ကို လွမ်းဆွတ်နေမိတော့သည်။ဘာပဲဖြစ်ဖြစ် အပေးအယူဆန်လှသော လောကကို ကျွန်တော်စွန့်ခွာရမည်။ ဒီအရပ်မှာ နေတာကြာလာလျင် ချစ်ခြင်းမေတ္တာကို မခံစားတတ်လောက်အောင် ကျွန်တော့်နှလုံးသားတွေ လွင်တီးခေါင် ဖြစ်သွားတော့မှာ စိုးမိသည်။ ကျွန်တော့် နှလုံးသားအတွက် စစ်မှန်သော ရေကြည်ရာ မြက်နုရာသည် အမေ့အိမ် သာဖြစ်ကြောင်း အခုချိန်မှာတော့ ကျွန်တော်မမေ့မလျော့ အထပ်ထပ် အခါခါ တွေးနေမိတော့သည်။

မြစ်ကျိုးအင်း

LEAVE A REPLY

Please enter your comment!
Please enter your name here