ဘားမိ(စ်) ကလက်ဇစ် ဝဘ်ဆိုဒ်နှင့် ဆန်ဖရန် လူငယ်များ နာဂစ်အတွက် ရန်ပုံငွေရှာ

alt

ယခု လာမည့် စနေနေ့တွင် အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကို ဘေး ဧရိယာတွင် Child Aid Foundation မှ ဦးဆောင် ပြုလုပ် နေသော နာဂစ် မိဘမဲ့ ကလေးငယ်

များအတွက် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် နွယ်ခွေရွာရှိ မေတ္တာနန္ဒ ပရဟိတ ကျောင်းသို့ လှူဒါန်းမည့် ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ် မည်ဟု သိရှိရသည်။

ယခု ရန်ပုံငွေ ပွဲအား အမေရိကန်နိုင်ငံ အခြေ စိုက် အပျော်တမ်း ဖျော်ဖြေရေး ဝဘ်ဆိုက် ဖြစ်သော Burmese Classic ၏ ၄နှစ် မြောက် အထိမ်းအမှတ် ဖြစ်သလို၊ Child Aid Foundation ၏ ဦးဆောင် နာယက ဆရာတော်များ ဖြစ်သော ဒေါက်တာ ဓမ္မပီယ နှင့် အရှင်ဃောသိတာ ဘိဝံသ တို့၏ ၄ကြိမ်မြောက် နာဂစ် ပရဟိတ အလှူဟုလည်း သိရှိရသည်။

၎င်းရန်ပုံငွေ ရှာဖွေပွဲတော်အား ဆန်ဖရန် ဘေးဧရိယာ တဝိုက်မှ လူငယ်အဖွဲ့များ ဖြစ်သော တေးသံလှိုင်း အဖွဲ့၊ နွေဦး ဒိုးပတ် အဖွဲ့၊ ကိုနိုင် (အမေ့သား)၊ B.Y.A စသော အဖွဲ့များ တမူထူးခြားစွာ စုစည်းဖြေဖျော် တင်ဆက် ကြမည် ဖြစ်ပြီး၊ နိုင်ငံကျော် အဆိုတော်များ၊ အခြားတူရိယာ ပညာရှင် များနှင့် အတူ သီချင်းကြီး သီချင်းခန့်များ အပြင်၊ အငြိမ့်၊ ယိမ်း၊ ပုဂံအက၊ ဒိုးပတ်၊ သံချပ် နှင့် တေးသရုပ်ဖေါ် တို့ကို ဈေးရောင်း ပွဲတော်နှင့် အတူ ဈေးဝယ် ရင်း မိတ် ဟောင်းများနှင့် စကားလက်ဆုံ ကျကာ အမေရိကားရောက် လူငယ်များ တင်ဆက်မှုတို့အား ရှုမငြီးဖွယ် မြင်တွေ့ကြရမည်ဟု နွေဦးဒိုးပတ် အဖွဲ့မှ ကိုဇေယျာမှ လူထုအသံသို့ ပြောကြား သွားခဲ့သည်။

ယင်းပွဲတော်သို့ အမေရိကန် နိုင်ငံရောက် တေးသံရှင် နီနီဝင်းရွှေ၊ ဇယံဓ နှင့် ရွှေကျောင်းသား အငြိမ့် အဖွဲ့မှလည်း ဖျော်ဖြေ တင်ဆက်မည် ဖြစ်ပြီး၊ အနီးအနား ပြည်နယ် ဖြစ်သော အော်ရီဂန် ပြည်နယ်မှလည်း အပျိုတော်ယိမ်း၊ သူငယ်တော် ယိမ်းတို့ ဖြင့် သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုရန်ပုံငွေပွဲအား ဘေးဧရိယာတွင် သိန်းဂဏန်း နီးပါးရှိနေပြီ ဖြစ်သော မြန်မာ အများဆုံး ရှိရာ ဒေးလီစီးတီးရှိ အမှတ် (၆၉၉)၊ Serramonte BLVD ၊ ဂျာဖါဆင် အ ထက်တန်း ကျောင်းတွင် ယခုအပါတ် စနေနေ့ ညနေ ၃နာရီ မှ ည ၁၀နာရီ အထိ ကျင်းပမည် ဖြစ်ပြီး၊ ဘားမိ(စ်) ကလက်ဇစ် ဝဘ်ဆိုဒ် တွင်လည်း ထိုအချိန်၌ ပွဲတော်အား Live Show ထုတ်လွှင့်မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here