ဖြစ်မျိုးစုံလင် ဒီတလတွင် (ဇန္နဝါရီလ)

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နိုင်ငံရေးသိပ္ပံမှာ ဘုရင့် အာဏာရှင် စံနစ်ကို ကန့်သတ်တဲ့ စည်းမျဉ်းခံ ဘုရင်စံနစ်ကို ဖတ်ဖူးခဲ့၏။ ယခု မြန်မာ နိုင်ငံမှာ စစ်အုပ်စုက ချပေးတဲ့

စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ကို အဓိပ္ပါယ် ဖွင့်ဆိုရမည် ဆိုလျှင်

စည်းမျဉ်းခံ ဒီမိုကရေစီ

စံနစ်တခုသာ ဖြစ်၏။

ထိုစည်းမျဉ်းခံကို စစ်အုပ်စုနှင့် အပေါင်းအပါ တို့က စည်းကမ်း ပြည့်ဝသော ဆိုသည့် စကားလုံးဖြင့် ပြည်သူအား နားလှည့် ပါးရိုက်ထားသည်။ စည်းမျဉ်းခံ ဘုရင်စံနစ်ဆိုသည်မှာ သက်ဦးဆံပိုင် ဘုရင်၏ အကြွင်းမဲ့ အာဏာကို ထိန်းချုပ်ရန်အတွက် ဘုရင် နှင့် ပညာသည် ပြည်သူများ နှစ်ဦးသဘောတူ ဆွေးနွေးပြီး ဘုရင် ၏ ထင်သလို လုပ်ပိုင်ခွင့် အာဏာအား အကန့်အသတ်ဖြင့်သာ ထားသော စည်းမျဉ်းတခုဟု ဆိုသည်။ ထို့နည်းအတူ အာဏာရ စစ်အုပ်စုက ကိုယ်ကျိုးစီးပွားဖြင့် ယှဉ်တွဲပြီး ချမှတ် ရေးဆွဲထားသော စည်းမျဉ်းများဖြင့် တိုင်းပြည် ဦးဆောင်မည့် အရပ်သား ရွေးချယ်ခံ လွတ်တော် အမတ်များ၏ တင်ပြလာမည့် အတွေးအခေါ် အယူအဆများကို တင်းကြပ်စွာ ချုပ်ချယ်ထားသည့် ဥပဒေ ဖြစ်သည်။ ထိုအရာကို ၂၀၀၈ အခြေခံ ဥပဒေဟု ခေါ်သည်။

မြန်မာနိုင်ငံတွင် နောက်ကျင့်သုံးမည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်က အာဏာရှင်တို့က ပြည်သူ့ လက်တွင်းသို့ မစို့မပို့ လုပ်ပိုင်ခွင့် အာဏာကို ပုံစံခွက် ပြုလုပ်ပြီး ချပေးလိုက်တဲ့ နိုင်ငံရေး ပုံစံသစ်တခုပါ ။ ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်လာနိုင်သော မည်သည့် အတွေးအခေါ်မျိုး မဆို ပြင်းထန်စွာ နှိပ်ကွပ်သွားနိုင်သော အခွင့်အာဏာဟာ စစ်အုပ်စုတွင် အစဉ်အမြဲ ရှိ၏။ သူတို့ လက်ကိုင်ပြု သွားနေတဲ့ လမ်းပြမြေပုံ ရ ချက်ဟာလည်း သူတို့အခေါ် အဖေကြီး ဗိုလ်နေဝင်း ကျင့်သုံးသွားခဲ့သော စစ်ယူနီဖောင်းမှ တိုက်ပုံဝတ်၊ ကက်ဦးထုပ်မှ မောင့်ကျက်သရေ ခေါင်းပေါင်း ဆောင်းနိုင်အောင် လုပ်တဲ့ လမ်းဟောင်းကြီး တခုပါပဲ။ အခုက စစ်ယူနီဖောင်းလဲ ဝတ်မယ်၊ တိုက်ပုံအကျင်္ီလဲ ဝတ်မယ်။ တော်တော် လောဘကြီးတဲ့ အကြံအစည်ပါ။ ဗိုလ်နေဝင်းဟာ ကြံခိုင်ရေး အသင်းကို ဖွဲ့စည်း။ တောနေ လူတန်းစားအတွက် တောင်သူ လယ်သမားများကို ဒူးယားညီလာခံတို့ ကျင်းပပြီး သူ၏ အာဏာ တည်မြဲရေးအတွက် အသုံးချခဲ့ပါတယ်။ ကြံခိုင်ရေး အသင်းဝင်များ၊ ၎င်းကို ထောက်ခံသော တောနေ ဩဇာရှိသော ပုဂ္ဂိုလ်များနှင့် ဘက်ပြောင်း ကွန်မြူနစ်များဖြင့် ပူးပေါင်းပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဆိုပြီး မြန်မာ့ ဆိုရှယ်လစ်ပါတီကို တည်ထောင်ခဲ့ပြီး တိုင်းပြည်ကို တပါတီ အာဏာရှင် စံနစ်ဖြင့် အုပ်စိုးခဲ့တယ်။ ဒါကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်း နက်ခဲ့တယ်။ ဘာလို့…..စစ်ဗိုလ်တွေက ငါသည် တော်၏ တတ်၏ အယူအဆ ဝင်နေသောကြောင့် ဖြစ်၏။ အဖက်ဖက်က ယိုယွင်းလာသဖြင့် ပြည်သူ ပြည်သားများ မခံမရပ်နိုင် ဖြစ်လာပြီး ၈၈ ပြည်သူ့ အုံကြွမှုဖြင့် ၂၆နှစ်အကြာ တပါတီ အာဏာရှင် စံနစ်ကို ချုပ်ငြိမ်း သွားစေခဲ့တယ်။

ယနေ့ စစ်အုပ်စုက ပြောပြောနေတဲ့ မြန်မာ့နည်း မြန်မာဟန် ဒီမိုကရေစီ ဆိုတာကလည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖွဲ့စည်းခဲ့သော နည်းလမ်းကို မွမ်းမံပြင်ဆင်ပြီး ပုံတူကူးချ ထားတယ်လို့ မြင်ပါ၏။ သေချာတာက ၂၆နှစ်သာ ခံသော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်၏ အားနည်းချက် အားသာချက်များကို ဆင်ခြင်သုံးသပ်ပြီး ၂၆နှစ် x နှစ်ဆ (အနှစ် ၆၀) မျှလောက် စစ်တပ်အာဏာ တည်မြဲအောင် ယနေ့ စစ်အုပ်စု ဖေါ်ဆောင်နေသည်ကို သတိပြုသင့်သည်။

တခု ကွာခြားသည်က ဗိုလ်နေဝင်း လက်ထက်က ကမ္ဘာ့စီးပွားရေး ပုံစံအရ အရင်းရှင်နှင့် ကွန်မြူနစ်တို့ အားပြိုင်နေသဖြင့် ဒီမိုကရေစီ ဆိုသော ဝေါဟာရဟာ ယခုလောက် တွင်တွင်ကျယ်ကျယ် မရှိသေးပေ။ ထို့ကြောင့် ဦးနေဝင်းက မြန်မာပြည် နိုင်ငံရေးပုံစံအား တပါတီ အာဏာရှင် စံနစ်ကို အလွယ်တကူ သွတ်သွင်းနိုင်ခဲ့တယ်။ ဒါလည်း ထိုအချိန်က ဘက်ပြောင်းလာသည့် ပုတ်သင်ညို နိုင်ငံရေးသမား ဖြစ်သော ကွန်မြူနစ်ထွက် များ၏ အားပေးမှုဟာ တခန်းကဏ္ဍ အနေဖြင့် ပါဝင်ခဲ့ပါတယ်။ ယနေ့ နိုင်ငံရေး အခင်းအကျဉ်းက တပါတီ စံနစ်ကို သွတ်သွင်းရန် မဖြစ်နိုင်တော့ဟု စစ်အုပ်စု ကောင်းကောင်း သိ၏။ သို့အတွက် ပါတီစုံ ရွေးကောက်ပွဲ စံနစ်ကို ကျင့်သုံးပြီး နိုင်ငံတော် အာဏာ အရပ်ရပ်ကို အာဏာရ စစ်အုပ်စုက ထိန်းချုပ်သွားမဲ့ အနေအထားကို သူတို့ လုပ်ယူသွားမှာ ဖြစ်သည်။

ဤနေရာတွင် “အပြောင်းလဲမှုကို လွတ်တော်အတွင်းမှာ လုပ်ယူမဲ့ အတွေးအခေါ်” တခုဖြင့် ရွေးကောက်ပွဲ ဝင်နိုင်ရန် ကြိုးပမ်းနေသည်။ လုံးဝ မှန်ကန်တဲ့ အတွေးအခေါ် တခုလို့ မထင်ပါ။ အဘယ်ကြောင့် ဆိုသော် အခြေခံအားဖြင့် စစ်အုပ်စုဟာ ထိန်းချုပ်နိုင်မည့် ပြည်သူ့ပါဝါ ခေါ်သော အနေအထား အားလုံးကို အဖက်ဖက်မှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဥပမာ။ ။ ကြံဖွတ်ဟု အများခေါ်နေသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့အစည်းကို အခိုင်အမာ ဖွဲ့စည်းထားခြင်း။ နောက် နိုင်ငံတော် သူဋ္ဌေးကြီးများ( ယနေ့ ဘော်လုံး ကလပ်သင်းများကို ပိုင်ဆိုင်သော သူများ) နှင့် ပူပေါင်းပြီး လယ်သမား လူတန်းစားများအား စည်းရုံးထားခြင်း။ ကြံဖွတ် ဦးစီး၍ လူမှုတိုးတက်ရေး လုပ်ငန်း မှန်သမျှကို လက်ဝါးကြီး အုပ်ထားခြင်း။

ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံတော် သူဋ္ဌေးကြီးများ ဓနအင်အားကို ယှဉ်နိုင်ပါ့မလား။ နောက် ပါတီဝင် အင်အားနှင့် မဲဆန္ဒနယ်မြေ အရေအတွက် အများဆုံး ရနိုင်မည့် ကြံဖွတ် အဖွဲ့အစည်းလို တောင့်တင်း ခိုင်မာနေသလား။ နောက်ပြီး စစ်အုပ်စု ထောက်ခံသော ကြံဖွတ်ဟာ ပါတီအသွင်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဟန်ရေးပြလာမှာ သေချာ၏။ ထို ပါတီအတွက် အမာခံ မဲ (အင်အား) ဟာလည်း စစ်တပ်နှင့် အရပ်ဖက် အမှုအထမ်း များအတွင်း ရရှိနိုင်သေးသည်။ သို့အတွက် နောက်လာမဲ့ ရွေးကောက်ပွဲ များတွင် စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် ပါတီက သာလျှင် လွတ်တော်အတွင်း မဲအများစု ရရှိပြီး လွတ်တော်ကို ထိန်းချုပ်ထားမဲ့ စစ်အုပ်စု အစီအစဉ် တခုပါ။ ဒါတောင် ၂၅ ရာခိုင်နှုန်း မပါသေး.. 9MM ခါးကြားထိုး ထိုင်စောင့်နေတယ်.. ဘယ်သူ ဘယ်ဝါ ငါ့ထက် မိုက်သလဲ ဆိုတဲ့ ဂိုဏ်းဆန်မဲ့ လွှတ်တော်ပေါ့။

နောက်တဆင့် အနေဖြင့် လွတ်တော်အတွင်းသို့ နိုင်ငံရေးပါတီမှ လွတ်တော် ကိုယ်စားလှယ်များ လွတ်တော် အတွင်းသို့ ဝင်လာပြီး လက်ရှိ ချမှတ်ထားသော အခြေခံမူများကို ပြုပြင် ပြောင်းလဲမည် ဆိုပါစို့။ အကြင်သူ လွတ်တော် အမတ်ဆိုသူသည် မြန်မာ့ ဆိုရှယ်လစ် ခေတ်အတွင်းက အရပ်သား ပါတီဝင် လွတ်တော်မတ် အဆင့်လောက်သာ ဖြစ်သဖြင့် ဗောင်းတော်ညိတ် ယုံမှလွဲပြီး ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်။ တကယ်လို့ မိမိပြင်ဆင် လိုသော အခြေခံမူကို လွတ်တော်အတွင်း တင်ပြလျှင် လွတ်တော်ကို ကြီးစိုးထားသည့် စစ်တပ် အားပေး ပါတီ၏ လွတ်တော် အမတ်များနှင့် ပထမ ရင်ဆိုင်ရမည်။ ထိုထက် ပိုလာပါလာ ၂၅ ရာခိုင်နှုန်းနှင့် ထိပ်တိုက် တွေ့ရမည်။ အကြင် လွတ်တော်အမတ်သည် စစ်ဗိုလ် စစ်သားကို ပြန်ခံ တွန်းလှန်နိုင်မဲ့ သတ္တိမရှိပါ။ သတ္တိမရှိလို့သာ ဒေါ်အောင်ဆန်းစုကြည်လို ပြတ်ပြတ်သားသား မရပ်တည်ပဲ ။ စစ်အုပ်စု ချပေးသော လမ်းကြောင်းအတိုင်း မျောလိုက် နေသူများသာ ဖြစ်သည်။

သည်ထက်ပိုမို ဆိုးဝါးလာလျှင် ဦးနေဝင်း၏ လမ်းစဉ်အတိုင်း မိမိမလိုအပ်သော ပုဂ္ဂိုလ်၏ ကိုယ်ရေး ရာဇဝင် အကျဉ်း ကောင်းကျိုးဆိုးကျိုး များကို စစ်ထောက်လှမ်းရေးက စနစ်တကျ စုဆောင်းထားပြီး `၎င်းတို့ အယူအဆအား လက်မခံသူ လွတ်တော် အမတ်များ၏ အကျင့်စာရိတ္တကို ရှာဖွေ ရိုက်ချိုးပြီး (ပါလီမာန်ခေတ် ဘိန်းပစ် ဖမ်းသလို) ပြည်သူ့ထောက်ခံမှု လျှော့နည်းသွားအောင် ကြံဆောင်လိမ့်မည်။ သို့အတွက် မိမိအနေဖြင့်လည်း စစ်ထောက်လှမ်းရေး မှတ်တမ်းနှင့် ကင်းလွတ် နိုင်လောက်အောင် အကျင့်စာရိတ္တ ကောင်းမွန်မှသာ တော်ယုံကျ ကြရမည် ဖြစ်သည်။ အထက်ပါ အကြောင်းအချက် များဟာ လွတ်တော်အတွင်း ပြုပြင် ပြောင်းလဲမည်ဟူသော အကြောင်းပြနေသည့် အနှီးပုဂ္ဂိုလ်တို့ နောက်ဖြစ်လတ္တံသော ဆိုးကျိုးများ ဖြစ်သည်။

မြန်မာ့ နိုင်ငံရေးအတွင်း ၈၈ နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေး လှုပ်ရှားမှုဟု အမည်တပ်သလို စစ်အုပ်စုအတွက်လည်း ဒုတိယအကြိမ် နိုင်ငံတော်အား ထိန်းသိမ်းခြင်းလို့ ခေါင်းစဉ် ရှိမှာ သေချာသည်။ စစ်အုပ်စု ခေါင်းဆောင် အတော်များများသည် အများပြည်သူ ထင်သလို စစ်ဘုရင်ဝါဒကို ကျင့်သုံးနေသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ၏ ထန်းလုံးခံတပ် ပြည်ရွှေဘို ရွာကလေး ကနေ လက်ရှိနယ်နမိတ် မြန်မာပြည် အကျယ်အဝန်းကို ကျော်လွန်ပြီး တိုက်ခိုက်သိမ်းသွင်း နိုင်ခဲ့သလို လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်းစစ်အစ ရန်ကုန်အစိုးရဟု လှောင်ပြောင် ခေါ်ဝေါ်ခံရသော အနေအထားမှ တဖက် ရန်သူများကို တိုက်ခိုက်တွန်းလှန်ပြီး တနိုင်ငံလုံးကို ထိန်းသိမ်းနိုင်ခဲ့သည်။ အောင်နိုင်သူတို့၏ စိတ်ခံစားမှုဟာ အတူတူပင် ဖြစ်သည်။ တိုင်းပြည်အတွင်း အရာရာမှန်သမျှ ငါ့အတွက်ဆိုသော ရှေးဟောင်း ဘုရင်စံနစ် အတွေးအခေါ်ဟာ မြန်မာ့ လူ့အဖွဲ့အစည်းတွင် မထင်မရှား ရှိနေခဲ့သည်။

၁၉၈၈ နောက်ပိုင်း အစတွင် စစ်အုပ်စု၏ ဘေးကြပ်နံကြပ် ကာလတခုဖြစ်သည်။ အသွင် သဏ္ဍာန်အရ နယ်မြေများကို ထိန်းချုပ် နိုင်ခဲ့သော်လည်း ပြည်မရှိ ဗမာ တိုင်းရင်းသားတို့၏ ဆန့်ကျင့်သည် ဒဏ်။ နိုင်ငံတကာ အသိအမှတ်မပြု လက်မခံသည့် ဒဏ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင်များ ဘက်ပေါင်းစုံမှ စုပြုံ တိုက်ခိုက်သည့် ဒဏ်များကို အလူးလဲ ခံခဲ့ရတယ်။ ထိုအနေအထားမှ စစ်တပ်ဆိုရင် ရော့ .. အင့် ဆိုတဲ့ အခြေအနေ အထိ ရောက်အောင် လက်ရှိ စစ်အုပ်စုက စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ထို့ကြောင့် စစ်သားများ၏ အတွေးတွင် ကိုယ်တိုင် တိုက်ယူထားသော အာဏာအပေါ် မူတည်ပြီး အောင်ပွဲရ ဘုရင့်မင်းဆက်လို သွေးနထင်ရောက် စိတ်ကြီးဝင်နေမှာ သေခြာပါတယ်။ ထို့အတွက် သူတို့ တိုက်ယူခဲ့သော အာဏာကို လူထုပါဝါဖြင့် ရယူ၍လည်း မရ၊ ၎င်းတို့ လွှတ်တော် (ပြည်သူ့ လွှတ်တော် မဟုတ်ပါ) အတွင်း သူတို့ ချမှတ်ထားသည့် အခြေခံမူများကို နတ်ဘုရား သကြားမင်းတောင်မှ လာရောက် တောင်းဆိုသည် ပင်လျှင် အရေးမလုပ်မည် မဟုတ်။ နိုင်ငံရေးသမားများ သေသေချာချာ မှတ်သား ထားသင့်သည်က စစ်အုပ်စုကို ဦးဆောင်နေသည့် ဗိုလ်ချုပ်များနှင့် နောင််ဖြစ်လတ္တံသော ဗိုလ်ချုပ်များသည် ယနေ့ မြန်မာနိုင်ငံ အတွင်း လှုပ်ရှားနေသော နိုင်ငံရေးသမား များ၏ အာဏာကို ဖြတ်လမ်းက ယူသူများ အဖြစ် အမြင်ရှိကြတော့မည် ဖြစ်သည်။

အခြေခံ ဥပဒေ ဟာ သက်ရှိတခု ဆိုပါစို့။ သူ့၏ ရှင်သန်မှု သေဆုံးမှုဟာ ရေးဆွဲသူဆိုသော တန်ခိုးရှင်၏ လက်ထဲ ရှိနိုင်သည်။ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေဟာ ပြည်သူက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ရေးဆွဲခြင်း မဟုတ်၊ အာဏာရ စစ်အုပ်စုက မိမိတို့ လိုသလို ဆွဲယူငင် ရေးဆွဲထားသော ဥပဒေ ဖြစ်သောကြောင့် ထိုအခြေခံ ဥပဒေသည် ၎င်းတို့ လက်ထဲတွင် ရှိနေမှာ သေခြာ၏။ သမိုင်းကို ပြန်လှန်တူးဖေါ် ရရင်လည်း ရေးဆွဲကျင့်သုံး ခဲ့သော မြန်မာနိုင်ငံ၏ အခြေခံဥပဒေများကို ဖျက်ဆီးပြီး လိုအပ်သည့် တချို့ ဥပဒေများကို ပြန်လည် ယူသုံးနိုင်သည့် အခွင့်အရေးဟာ အာဏာရှင် စစ်အုပ်စု လက်တွင်းသာ ရှိ၏။ မြန်မာ နိုင်ငံရေးတွင် စစ်တပ်သည် အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန် ကာလ သုံးပါးစလုံး အတွင်း အဓိက အခန်းကဏ္ဍက ပါဝင်မည် ဖြစ်ကြောင်း ရှင်းလင်း မြင်သာထင်သာ ရှိအောင် တတ်သိ ဆိုသော စာရေးကျော်များ စာလုံး တန်ဆာဆင်ခြင်း မဟုတ်ပဲ ပွင့်လင်းစွာ ရေးသားသင့်သည်။

NLD အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ရေး၊ ဝင်ရေးဟာ မြန်မာ ပုတ်သင်ညို နိုင်ငံရေးသမား လောကရော၊ စစ်အုပ်စု အတွက်ပါ ထွက်ပေါက်တခု ဖြစ်တယ်။ တကယ်လို့ ထို ရွေးကောက်ပွဲမှာ NLD ဝင်ရောက် ယှဉ်ပြိုင်ခဲ့လျှင် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖြစ်ပြီးသား၊ ရွှေဂုံတိုင် ကြေညာချက်ကို အသာလေး ထား၊ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၀၈ ညီလာခံဆိုသော စစ်တပ်အလိုကျ ရေးဆွဲမည့် ညောင်နှစ်ပင်ကနေ လမ်းခွဲလာခဲ့တယ်။ ဘာကြောင့် လမ်းခွဲလာသလဲ၊ အဖြေကတော့ ရှင်းနေတာ.. စစ်အုပ်စု ချမှတ်ထားသည့် အနာဂါတ် နိုင်ငံရေးမှာ စစ်တပ် ဦးဆောင်ရေး အခြေခံမူများကို လက်မခံလို့ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်လိုက်ရင်ဖြင့် NLD အနာဂါတ် နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ ပျောက်ကွယ်သွားမှာ သေချာတယ်။

ဒီနေရာမှာ တခုမြင်တာက တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မ၏ အဖေကို ပြောင်းလွယ် ပြင်လွယ်မရှိဘူး။ တရာသေ – ဝါဒကိုကို လက်ခံ ကျင့်သုံးတယ် ဆိုပြီး ဝေဖန် ထားတာတွေ တွေ့မြင်နေရတယ်။ ေဩာ်… ရောင်းသူ ဝယ်သူ တောင်မှ ညှိမရရင် အရောင်းအဝယ် မဖြစ်ပါ။ ကုန်ပစ္စည်း တခုကို ရောင်းသူက သူလိုချင်တဲ့ ဈေးကို အဆမတန် တင်ထားရင် ဝယ်သူအတွက် ဘယ်လိုလုပ်ပြီး ဝယ်နိုင်မလဲ။ ဝယ်သူကလဲ သူလိုချင်တဲ့ ဈေးကို ပြောမှာပဲလေ။ ဆိုတော့လဲ နှစ်ဦးနှစ်ဖက် အပြန်အလှန် လျော့ပေးမှာ လုပ်ငန်းတခု ပြီးမြောက် နိုင်တယ်လေ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဂျပန်အထွက် အင်္ဂလိပ်အဝင် ကာလမှာ ကိုလိုနီ ဗြိတိသျှတို့က ဆင်းမလား တို့ စက္ကူဖြူတို့ စတဲ့ စီမံကိန်းတွေ နဲ့ တပါတည်း ယူလာပြီး မြန်မာနိုင်ငံအား ဆက်အုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ဒီအချိန်မှာ မြန်မာ့ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ်တို့က ရ ရင် ရ၊ မရင်ချ ဆိုတဲ့ မူကို အသေကိုင်ထားတယ်။ ဒါကြောင့် အင်္ဂလိပ်တို့က အဖက်ဖက်ကို သုံးသပ်ပြီး လျှော့ပေးသင့်တာတွေ လျှော့ပေါ့ပေးခဲ့လို့ အင်္ဂလိပ်နဲ့ ဖ.ဆ.ပ.လ အကြား သဘောတူညီချက် လက်မှတ်ထိုးပြီး မြန်မာ့ လွတ်လပ်ရေးကို ရယူခဲ့တယ်လို့ ယေဘုယျ မှတ်ယူလိုက်စို့..။ အကယ်၍ အင်္ဂလိပ်တို့ မလျော့ပဲနဲ့ တင်းခံနေမယ် ဆိုရင် နှစ်ဦးနှစ်ဖက် လုံးစုံ ပျက်သုဉ်းရေး လမ်းစဉ်ကို ရောက်ရှိသွားမည်သာ။

အခု မြန်မာ့ နိုင်ငံရေးကို ကြည့်ပါ။ ရှင်းလင်း ထင်ရှားစွာ မြင်နေပြီ ဖြစ်သည်။ စစ်အုပ်စု ရဲ့ လမ်းပြမြေပုံက ဦးနေဝင်း လုပ်သွားခဲ့တဲ့ တပါတီ အာဏာရှင်စံနစ်နှင့် အတူတူပါ။ တပါတီနဲ့ ပါတီစုံ တခုပဲ ကွာပါသည်။ ဒါဟာ မြန်မာ့ နိုင်ငံရေးအတွင်း စစ်တပ်က ၆၂ မှ ယနေ့အထိ တလျှောက်လုံး စွဲကိုင်လာတဲ့ တရာသေ မူဝါဒတခု ဖြစ်တယ်။ ဒါကို လုံးဝ မလျှော့ပေးပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို စစ်အုပ်စု အပေါင်းပါများ တဖက်သတ် စွပ်စွဲနေတာက တွေ့ဆုံဆွေးနွေး ညှိနိုင်းရေးကို မလိုအပ်တဲ့ သဘော ဖြစ်တယ်။ ဒါကြောင့် တရားသေမူကို စွဲကိုင်ထားသူက စစ်အုပ်စု ဖြစ်တယ်။

ထို့ကြောင့်

အမျိုးသားပြန်လှည် သင့်မြတ်ရေးကို စစ်အုပ်စုကို ချော့ပီး ရယူမည်

ဆိုသည့် ကိုဝင်းဇော် ၏ အယူအဆ၊

လွှတ်တော်အတွင်း ပြုပြင် ပြောင်းလဲမည်

ဆိုသော ဦးသုဝေ ၏ အတွေးအခေါ် နှင့်

မောင်စူးစမ်း  ရေးသားထားသော

နိုင်ငံရေးတွင် စစ်တပ် ပါဝင်မှုကို အသေအရှင် ကစားမယ်

ဟန့်လုံးဖြင့် ဘာညာကွိကွ စသဖြင့် စာရေး ကောင်းကောင်း အပြော ကောင်းကောင်းဖြင့် စကားလုံး အလှများ တန်ဆာဆင်ပြီး ပြည်သူများအတွက် ၂၀၁၀ ရွေးကောက်ပွဲအား အမြင်ဝေဝါး ရှုပ်ထွေးသွားသော လုပ်ဆောင်ချက် များဖြင့် စစ်အုပ်စု လောင်းရိပ်အောက်သို့ ရှည်လျှား ထွေပြား မနေမနား သွားရအောင် သွတ်သွင်းနေသည်ကို မြင်ယောင်နေမိသည် ။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ …..

LEAVE A REPLY

Please enter your comment!
Please enter your name here