NASA ၏ လကမ္ဘာ လေ့လာရေး အိုဘာမားကြောင့် အခက်ကြံု

alt

NASA အဖွဲ့ကြီး၏ လကမ္ဘာ လေ့လာရေး ခရီးစဉ်မှာ အမေရိကန် သမ္မတ ဘာရက် အိုဘားမား ၏ ဘတ်ဂျက် ကန့်သတ်မှု အစီ အစဉ်ကြောင့် မှေးမှိန်လာဖွယ် ရှိခဲ့ ရပြီ ဖြစ်သည်။

(၂၀၂၀) ခုနှစ်တွင် လကမ္ဘာသို့ တကြော့ပြန် သွားရောက်မည့် NASA ၏ Constellation ခေါ် စီမံကိန်းကြီး အတွက် အမေရိကန် အစိုးရ က လုံလောက်သော ဘတ်ဂျက် လျာထားမှု ထုတ်ပေးဖွယ် မရှိကြောင်း သတင်းများက ဆို သည်။

ဇန်နဝါရီလ (၃၁)ရက် နေ့က အိုဘားမား အစိုးရသည် NASA အတွက် (၅)နှစ် စီမံကိန်းတွင် အသုံးပြုရန် ဒေါ်လာ (၆)ဘီလျံ ထုတ်ပေး သွားမည်ဟု ပြောကြားခဲ့သော်လည်း ရံပုံငွေ အများစုမှာ ကမ္ဘာပတ်လမ်းသို့ ခရီးသည်များ အပျော်ခရီး ထွက်ခွင့်အတွက် NASA က ရည်စူးထားသည့် စီမံကိန်း အတွက်သာ ဖြစ်သည်။ NASA က ကမ္ဘာပတ် လမ်းအတွင်း ခရီးသည်များ ကိုယ်တိုင် လည်ပတ်နိုင်ရေး ကြိုးပမ်းမှု အတွက် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း ယမန်နှစ် ကတည်းက ကြေညာထားခဲ့သည်။

ယင်းအတွက် NASA က စီးပွားဖြစ် လုပ်ဆောင် သွားနိုင်ရန်လည်း မျှော်လင့်ထားသည်။ အမေရိကန် အစိုးရက ယခု သတ်မှတ် ပေးလိုက်သည့် ငွေကြေး ပမာဏကြောင့် ဖလော်ရီဒါရှိ အာကာသ လေ့လာရေး စခန်းတွင် ကမ္ဘာပတ်လမ်း အလည်အပတ် ခရီးစဉ်ဆိုင်ရာ ဝန်ဆောင်မှုမှ အလုပ်အကိုင် နေရာ (၁၇၀၀)ခန့် ရရှိလာမည်ဟု ခန့်မှန်း ထားသည်။ သို့သော်လည်း NASA ၏ လက်ရှိ သုံးစွဲနေသော အာကာသ လွန်းပျံယာဉ် များအား လာမည့်နှစ် အတွင်း အပြီးတိုင် အနားပေး လိုက်ချိန်တွင် အလုပ်အကိုင် နေရာ (၇၀၀၀)မျှ ဆုံးရှုံးဖွယ် ရှိနေရသည်။

NASA အား အမေရိကန် အစိုးရက လကမ္ဘာ စီမံကိန်းအတွက် တနှစ်လျင် ဒေါ်လာ (၁)ဘီလျံ အထိ တိုးပေးရန် သဘောတူ ထားသော်လည်း NASA က ယင်းတို့အတွက် အမှန်တကယ် လိုအပ်သော ပမာဏမှာ တစ်နှစ်လျင် ဒေါ်လာ (၃)ဘီလျံ အထက်ရှိကြောင်း ဝန်ခံ ပြောဆိုထားသည်။ မှတ်တမ်းများ အရ (၁၉၇၂) ခုနှစ်က အပိုလို အာကာသယာဉ် လမျက်နှာပြင်ပေါ် ဆင်းသက်ပြီး နောက်ပိုင်း မည်သည့် လူသားမျှ လပေါ်သို့ တကျော့ပြန် ခြေမချ နိုင်သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here