မက္ကစီကိုတွင် ပါတီပွဲ ကျင်းပနေစဉ် ဝင်ရောက် ပစ်ခတ်သဖြင့် ၁၄ဦး သေဆုံး

alt

မက္ကစီကို နိုင်ငံတွင် လူငယ် လူရွယ်များ ကျင်းပနေသည့် ပါတီ ပွဲတခုသို့ သေနတ်သမား များက ဝင်ရောက် ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၁၄)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ (၃၀) ရက် နေ့က မက္ကစီကို နယ်စပ်မြို့လေး တခုဖြစ်သည့် ကူဒက်ဂျူရက် တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အတွင်း နောက် ထပ် (၁၄)ဦး ဒဏ်ရာများ ရရှိသွား ကြောင်း တာဝန်ရှိသူ များကဆိုသည်။

သေဆုံးသူများ အားလုံးမှာ ကျောင်းသားလေး များသာ ဖြစ်ကြပြီး (၁၅)နှစ်မှ အသက် (၂၀) အရွယ် လူငယ်လေးများ ဖြစ်ကြောင်းလည်း စစ်ဖက်နှင့် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထိုနေ့ ညပိုင်းက ဘောလုံးပွဲ တခု အနိုင်ရသဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေသည့် လူငယ်များ ဆီသို့ သေနတ်သမားများ ရောက်ရှိလာကာ ကျည်မိုး ရွာ ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် မျက်မြင်သက်သေ များက ဆိုသည်။

အခင်း ဖြစ်ပြီးနောက် ဆေးရုံကားများ အရောက် နောက်ကျနေသဖြင့် လူငယ်များ၏ မိဘဆွေမျိုး များနှင့် သူငယ် ချင်း များက သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကားပေါ် တင်ကာ နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ ရကြောင်း El Diario သတင်းစာက ဖော်ပြခဲ့သည်။ ယခုအခါ ကူဒက်ဂျူရက် မြို့တော်ဝန် ဂျိုးရေးရက်စ်ဖာရစ် က သေနတ်သမား များနှင့် ပတ်သက်ပြီး သတင်း ပေးနိုင်သူအား ဒေါ်လာ (၇၅၀၀၀) ချီးမြှင့်မည်ဟု ဆုငွေထုတ် ထားသည်။

ကျောင်းသားများ အပေါ် ယခုလို ရက်ရက်စက်စက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အကြောင်းပြချက်ကို တိတိကျကျ မသိရ သေးပေ။ ယခင်ကမူ မက္ကစီကို မူးယစ်ဆေးဝါး ဂိုဏ်း များသည် ၎င်းတို့၏ ပြိုင်ဖက် ဂိုဏ်းများအား ပါတီပွဲ များ၊ မိတ်ဆုံ စားပွဲများနှင့် ဈာပန အခမ်းအနား များတွင် တိုက်ခိုက်လေ့ ရှိသည့် မှတ်တမ်းများ ရှိခဲ့သော်လည်း ကျောင်းသားများ အပေါ် ပစ်ခတ်မှု အတွက်မူ အဖြေရှာရန် ခက်ခဲ နေဆဲဖြစ်သည်။

ကူဒက်ဂျူရက်သည် အယ်ပါဆို မြစ်ကမ်းပေါ်တွင် တည်ရှိပြီး လူဦးရေ (၁.၅)သန်းကျော် နေထိုင်သော မြို့တမြို့ ဖြစ် ပြီး မက္ကစီကို၏ အကြီးမားဆုံး မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းကြီး နှစ်ခု မကြာခဏ စားကျက်လုရာ ဒေသလည်း ဖြစ် ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here